/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 10, 2012

.

ကြေးနီစီမံကိန်း သပိတ်စခန်းများ အင်အားသုံးဖြိုခွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ် လူငယ်များအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အင်အားသုံးဖြို့ခွင်းခဲ့မှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ၀န်းကျင်တို့က ယနေ (ဒီဇင်ဘာလ ၁၀) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဟာဗန္ဓုလပန်းခြံနှင့် ဆူးလေစေတီတော်တို့အား တန်းစီလှည့်လည်ခဲ့ကာ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် မျိုးဆက်သစ်လူငယ်များအဖွဲ့၏ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်း၏ သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ရပ်နားလူစုခွဲခဲ့ကြသည်။



ဆန္ဒထုတ်ဖော်သူများ၏ သဘောထားကြေငြာချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းရှိ ဆန္ဒပြနေသူ ရဟန်းရှင်လူ မိဘပြည်သူများအား အင်အားသုံး အကြမ်းဖက်၍ ဖြိုခွဲဖြေရှင်းခြင်းသည် ဒီမိုကရေစီ အလေ့အကျင့်များနှင့် ဆန့်ကျင်ကာ အကြွင်းမဲ့ အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် မှတ်ယူကြောင်း၊ အကြွင်းမဲ့ အာဏာရှင်ဆန်ဆန် လူ့အခွင့်အရေး ချိုးဖောက်မှုအား ဆန့်ကျင်ကန့် ကွက်သည့် ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။

ထို့ပြင် ဆန္ဒထုတ်ဖော်သူများသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအား တရားမျတစွာ ဖြေရှင်းရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

''မျိုးဆက်သစ် လူငယ်လေးတွေရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်မှုကို အမတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က လာပြီးတော့ ၀န်းရံပေးတာပါ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးပြီး ဖြိုခွင်းခဲ့တာကို ကန့်ကွက်ကြောင်း အမတို့အနေနဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကို အမတို့အနေနဲ့ လုံးဝလက်မခံပါဘူး။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ အခုလို လူငယ်တွေ ကောင်းမွန်တဲ့ လုပ်ရပ်တွေမှာ တက်ကြွစွာ လုပ်ဆောင်နေတာကို အမတို့အနေနဲ့ ဂုဏ်ယူပါတယ်'' ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က ပြောပြခဲ့ပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။