/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 1, 2012

.

မျက်မှန်တပ်ရသူများ ကျန်းမာလှပ စတိုင်ကျနေရလေအောင်

မျက်မှန် တပ်ဆင်နေရသူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး သင့်ကျန်းမာရေးနဲ့ အလှအပအတွက်ပါ ပိုမိုအထောက်အကူ ပြုနိုင်မယ့် အချက်လေးတွေပါ။

မျက်မှန်မလိုပေမယ့် မျက်မှန်တပ်သင့်တဲ့ အခြေအနေ

အခုခေတ်မှာ လုပ်ငန်းခွင် ဝင်သူတွေအနေနဲ့ သင့်အချိန်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကွန်ပျူတာစခရင်မ်ကို ကြည့်နေကြရသူတွေ ဖြစ်တာကြောင့် ကွန်ပျူတာရှေ့ ထိုင်ချိန်မှာတော့ မျက်မှန်တပ်သင့်ပါတယ်။ နောက်ပြီး စာလုံးသေးသေးလေးတွေကို သာမန်မျက်စိနဲ့ ကြည့်လို့တောင် ဝေဝါးနေတယ်ဆိုရင် အဲလို စာလုံးသေးသေးတွေကို ကြည့်ဖို့ ပြုလုပ်ထားတဲ့ မျက်မှန်ကို သုံးပေးပါ။ အထူးသဖြင့် မြေပုံနဲ့ လမ်းညွှန်စာအုပ်တွေ ဖတ်ချိန်မှာပါ။

မျက်လုံးအိမ်ကျယ်သူတွေ တပ်သင့်တဲ့ မျက်မှန်

မျက်လုံးအိမ် ကျယ်သူတွေအနေနဲ့ မျက်မှန်တပ်ဆင်ချိန်မှာ မျက်မှန်အဝိုင်းနဲ့ ခပ်ကြီးကြီး မျက်မှန် မှန်ကိုင်းတွေကို ရှောင်ပါ။ လေးထောင့်ကျပြီး ကိုင်းသေးသေးနဲ့ မျက်မှန်မျိုးတွေက သင့်မျက်နှာကို ပိုပြီး ကြည့်ကောင်းစေပါတယ်။

အားကစား ပြုလုပ်ချိန် တပ်သင့်တဲ့ မျက်မှန်

အားကစား ပြုလုပ်သူတွေဖြစ်တဲ့ ဘော်လီဘော၊ ဘတ်စကက်ဘော၊ စကိတ်စီးသူနဲ့ တင်းနစ်အားကစားတွေ ပြုလုပ်သူတွေ အနေနဲ့ မှန်နဲ့ပြုလုပ်တဲ့ မျက်မှန်ထက် ပလတ်စတစ်နဲ့ ပြုလုပ်တဲ့ မျက်မှန်မျိုးကို တပ်ဆင်ပေးတာက အားကစား ပြုလုပ်ချိန် မျက်မှန်ကြောင့် မျက်လုံး ထိခိုက်နိုင်ခြေကို ၉၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်ပါတယ်။ နေကာမျက်မှန် ရွေးမယ်ဆိုရင် နေရောင်ခြည်အောက်မှာ တပ်ဆင်မယ့် နေကာမျက်မှန်က အဝါရောင်ကို အခြေခံတာမျိုးက သင့်မျက်လုံးကို ပိုပြီး ကာကွယ်ပေးထားနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဂေါက်ရိုက်သူတွေ အနေနဲ့ကတော့ အစိမ်းရောင်ကို အခြေခံတဲ့ မျက်မှန်ကိုင်းနဲ့ မှန်မျိုးကို ရွေးချယ်ပါ။

ဘယ်လောက်တစ်ကြိမ် မျက်စိစစ်မလဲ

မျက်မှန် တပ်နေရသူတွေမှာ နှစ်နှစ် တစ်ကြိမ်လောက်တော့ မျက်လုံးကို သေချာစစ်ဆေးပေးသင့်ပြီး မျက်မှန်ပါဝါ အတိုးအလျော့ကို စမ်းသပ်ပေးသင့်ပါတယ်။ သင့်မှာ တခြား ကျန်းမာရေး ပြဿနာတွေ ရှိတယ်ဆိုရင်လည်း နှစ်နှစ်တစ်ကြိမ်တော့ မျက်စိစမ်းသပ်မှုကို ခံယူပေးသင့်ပါတယ်။ ရုတ်တရက် အမြင်ဝေဝါးတာမျိုး၊ အမြင် မကြည်လင်တာမျိုး၊ ရုတ်တရက် မျက်လုံးနာကျင်ပြီး နီရဲလာတာမျိုး၊ မျက်လုံးအတွင်းမှာ တိမ်လို အကွက်တွေ့တာမျိုး၊ အလင်းဒဏ်ကို ခံနိုင်ရည် မရှိတာမျိုးတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းတွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။

လုပ်ငန်းခွင်နှင့် မျက်မှန်ကိုင်းအရောင်

သင်က စီးပွားရေးလုပ်ငန်းရှင် အမျိုးသားဆိုရင် မျက်မှန်ကိုင်းကို အညိုရောင်၊ ငွေရောင်၊ ခဲရောင်၊ အနက်ရောင် စတဲ့ အရောင်မျိုးတွေ ရွေးချယ်ပေးပါ။ အမျိုးသမီးတစ်ယောက် အတွက်ကတော့ သင့်အဝတ်အစား အရောင်နဲ့ ဆင်တူပြီး လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်နိုင်ပါတယ်။ ပွဲတက်တွေအတွက် ရွှေရောင်ကိုင်းကို စိန်စီထားတာမျိုးတွေက သင့်ကို ပွဲလယ်တင့်စေပါတယ်။

ကလေးငယ်ကိုလည်း မျက်လုံးဂရုစိုက်ပါ

နေပူတဲ့နေ့တွေမှာ ကလေးငယ်တွေကို နေရောင်ကာမျက်မှန် တပ်ဖို့အတွက် ပြုလုပ်ပေးသင့်ပါတယ်။ ဂိမ်းကို အချိန်အကြာကြီး ကစားတာနဲ့ အရမ်းမြန်လွန်းတဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ကြည့်တာများတာကြောင့်လည်း ကလေးငယ်ရဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ အရမ်းကို လှုပ်ရှားမှုမြန်တဲ့ အရုပ်လေးတွေကို ကလေးမျက်လုံးက အမြန်လိုက်ကြည့်ရာကနေ ကလေးမျက်လုံးဟာ မျက်တောင်ခတ် နည်းလာတာမျိုး၊ လှုပ်ရှားမှု နည်းလာတာမျိုးတွေ ဖြစ်လာတတ်တာကြောင့် ဂရုစိုက်ပေးသင့်ပါတယ်။

နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပါ

မျက်မှန်တပ်ဆင်ရသူတွေဟာ မနက်မိုးလင်းတာနဲ့ ကိုယ်မျက်မှန်ကို အရင်ဆုံး ရှာဖွေလေ့ရှိပါတယ်။ အရင်ဆုံး ပြုလုပ်သင့်တာကတော့ ညအိပ်ရာဝင်ခါနီးမှာ မျက်မှန်ကို မှန်တိုက်တဲ့ ဆေးရည်နဲ့ အဝတ်စလေးကိုသုံးပြီး ပွတ်တိုက်သန့်စင်ကာ မျက်မှန်ဘူးထဲမှာထည့်ပြီး သိမ်းထားလိုက်ပါ။ မနက်မိုးလင်းချိန်မှာ သင်တပ်မယ့် မျက်မှန်ဟာ ကြည်လင်သန့်ရှင်းပြီးသား ဖြစ်နေတာကြောင့် ကြည်ကြည်လင်လင် နိုးထလာနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။