/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 19, 2012

.

မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက် အဆောင်များကို ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ပြန်ဖွင့်မည်


တက္ကသိုလ်ကျောင်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ အဆောင်နေထိုင်ခြင်းကို တစ်နိုင်ငံလုံး၌ ၁၉၉၆ ခုနှစ် ၀န်းကျင်မှစ၍ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအနေဖြင့် ပြန်လည်ထားရှိမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြစ်ကြီးနားတက္ကသိုလ်၌ အဆောင်ပြန်လည်ထားရှိမည့် အစီအစဉ်အနေဖြင့် ခါကာဘိုဆောင်နှစ်ခုတွင် ယောက်ျားလေးဦးရေ ၁၂၀၊ ဆွမ်ပရာဘွမ် အဆောင်နှစ်ခုတွင် မိန်းကလေးဦးရေ ၁၂၈ ဦး ထားရှိမည်ဖြစ်ပြီး ဝေးလံခေါင်ဖျား ဒေသများမှ ကျောင်းသူ၊ ကျောင်းသားများအား ဦးစားပေး ထားရှိမည်ဟု စုံစမ်းသိရှိရသည်။

''အဓိကကတော့ ပူတာအိုဒေသနဲ့ တနိုင်းဒေသကလို ဝေးလံခေါင်ဖျားအတွက်ပဲ ရည်ရွယ်တာပါ။ ပူတာအိုနဲ့ တနိုင်း ကျောင်းသားပေါင်းက ၂၅၀ ကျော်ရှိနေတော့ အဆောင်နေဖို့အတွက် လုံလောက်မှာ မဟုတ်ပါဘူး။ အမှတ်နဲ့ခွဲပေးမယ်။ စာတော်ပြီး စည်းကမ်းလိုက်နာတဲ့ ကျောင်းသားတွေကို ရွေးမယ်။ အခုလောလောဆယ်တော့ နေဖို့အဆောင်တွေကို ပြင်ဆင်နေပါတယ်'' ဟု ပြည်နယ်ပညာရေး ၀န်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။

အဆောင်တွင်နေထိုင်ပါက အဆောင်ကြေးနှင့် စားသောက် စရိတ်များကိုမူ အတတ်နိုင်ဆုံး လျော့ချပြီး ကောက်ခံရန် ရှိသော်လည်း ဆွေးနွေးတိုင်ပင်ရဦးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ အဆိုပါအဆောင်များကို ကျောင်းသား၊ ကျောင်းသူများ ထားရန် ပိတ်ပင်ခဲ့ပြီးနောက် စာသင်ခန်း၊ ဆရာနေခန်း၊ ၀န်ထမ်းနေခန်းအဖြစ် အသုံးပြုခဲ့ပြီး ယခုအခါ ပြင်ဆင်နေဆဲ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား တက္ကသိုလ်တွင် နေ့ကျောင်းသား ဦးရေ ၅၅၀၀ ကျော်ရှိပြီး အဝေးသင် ကျောင်းသားဦးရေ ၇၀၀၀ ကျော်ရှိသည်ဟု သိရသည်။

နေ့ကျောင်းသား တစ်ဦးသည် နှစ်ဝက်စာ ကျူရှင်ခ၊ အိမ်ငှားခ၊ စားစရိတ် အပါအ၀င် လေးလအတွက် ကျပ်ခြောက်သိန်းနီးပါး ကုန်ကျပြီး အဝေးသင် ကျောင်းသားများအတွက် ကျူရှင်ခ၊ အိမ်ငှားခ၊ စားစရိတ် အပါအ၀င် တစ်လလျှင် ကျပ်နှစ်သိန်းခွဲ ၀န်းကျင် ကုန်ကျသည်ဟု ကျောင်းသားများထံမှ စုံစမ်းသိရှိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27462

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။