/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 30, 2012

.

လွှတ်တော်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက် ချက်များ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထား

လွှတ်တော်များအနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းနှင့် အဆို တင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားခဲ့ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခုံရုံး၏ အဆုံးအဖြတ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ်အတည်ဖြစ်သည်။ ထို့ပြင် ခုံရုံး ဥပဒေပုဒ်မ ၂၅ အရ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာန၊ ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

လွှတ်တော်များအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်း အဆိုတင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားကြောင်း သတင်းရရှိသည်။

ဖွဲစည်းပုံအခြေခံဥပဒေခုံရုံး အနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦးက လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်ခြင်းအဆိုကို သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး အဆိုအတည်ဖြစ် မဖြစ် မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။