/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 30, 2012

.

ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်မံခင်းသွားမည်ဟုသိရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမကြီးမှ မကြာမီ နိုင်လွန်ကတ္တရာ ထပ်မံခင်းသွားမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတစ်လျောက် အသက်ကယ်တန်း(Guard Rail)များကိုလည်း နေရာအလိုက် ဦးစားပေးတပ်ဆင်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ''ရန်ကုန်-မန္တလေးလမ်းမကြီးက ရှစ်လမ်းသွား လမ်းမကြီးပါ။ အခု အပြီးမသတ်သေးပါဘူး။ ဒါပေမယ့် လိုအပ်ချက်အရသာ ဖွင့်လှစ်အသုံးပြုခွင့် ပေးထားတာပါ။

ဒီအမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး ဆက်လုပ်စရာတွေ ရှိပါသေးတယ်။ လက်ရှိမှာ ကွန်ကရစ်ခင်းထားပေမယ့် နောက်ထပ်နိုင်လွန်ကတ္တရာ ထပ်ခင်းသွားမှာ ဖြစ်ပါတယ်။ ပြီးရင် အသက်ကယ်တန်းဖြစ်တဲ့ Guard Rail တွေကိုလည်း နေရာအလိုက် ဦးစားပေး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် CCTV တွေ တပ်ဆင်သွားမယ်။ residence တွေကိုလည်း မိုင် ၅၀ တိုင်းမှာ တစ်ခု ထားနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်''ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့သည်။ ယင်းနောက် နေပြည်တော်- မန္တလေးလမ်းပိုင်းကိုလည်း ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၅၂ မိုင်သာ ကွာဝေးပြီး ရန်ကုန်မှ နေပြည်တော်သို့ အချိန်လေးနာရီခန့်၊ ရန်ကုန်မှ မန္တလေးသို့ အချိန်ရှစ်နာရီခန့် မောင်းနှင်သွားလာလျက်ရှိကြောင်းလည်း သိရှိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီး ငါးခု၊ တိုးဂိတ်အလတ်နှစ်ခုနှင့် တိုးဂိတ်အသေးပေါင်း ၂၁ ခုရှိကြောင်းလည်း သိရှိရသည်။ အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လုံခြုံမှုရှိစေရန်အတွက် သံဆူးကြိုး၊ သံဆန်ခါနှင့် အကာအရံများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရှိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် လမ်းအကျယ်ပေ ၃၆၀ ရှိပြီး လမ်းလယ်ကျွန်းပေ ၃၀ ကျယ်ဝန်းကာ ခံနိုင်ဝန်တန် ၈၀ရှိသည့် ကွန်ကရစ် အမျိုးအစားလမ်းဖြစ်ကြောင်းလည်း သိရှိရသည်။

Ref: Weekly Eleven

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။