/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 9, 2012

.

ထူးအိမ်သင်ချစ်သူများရဲ့ အမှတ်တရနေ့လေးတွေထဲက တစ်နေ့

မြန်မာ့ဂီတလောကမှာ ကိုယ်ပိုင်ခေတ်တစ်ခေတ်ထူ ထောင်နိုင်ခဲ့သူ အဆိုတော် ထူးအိမ်သင်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် သူ့မွေးနေ့ ဖြစ်တဲ့ ဇူလိုင်လ ၁ရက်နေ့ က ရွှေရတုအကြို၄၉နှစ်ထဲချဉ်းနင်း ဝင်ရောက်တဲ့နေ့ပဲဖြစ်ပါတယ်။ အဲဒီနေ့ဇူလိုင် ၁ရက်နေ့မှာတော့ ထူးအိမ်သင်အတွက် အမှတ် တရရည်စူးပြီး ဂီတငှက်၏ ရွှေရတုအကြို ၄၉နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိသားစုဝင်များနဲ့ ထူးအိမ်သင်ကိုချစ် ကြတဲ့ဂီတမောင်နှမများက စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ ဓမ္မစေတီ ရွှေ ကျင် ကျောင်းတိုက်မှာ လှူဒါန်းမှုပြုလုပ်ခဲ့ကြပါတယ်။

အဲဒီပွဲလေးမှာတော့ ထူးအိမ်သင်ရဲ့ ဂီတကို မြတ်နိုးကြတဲ့ ဂီတချစ်သူများ လက်တွဲဖော်ရောင်းရင်းများနဲ့ မိတ်ဆွေ သင်္ဂဟများက ထူးအိမ်သင်ကို ချစ်တဲ့စိတ်နဲ့တက်ရောက်လာခဲ့ ကြတာကိုလည်း တွေ့ရပါတယ်။ ပွဲနေ့ကရောက်လာတဲ့ ထူးအိမ်သင်ချစ်သူတွေကို ကြည့်ရင်း ထူးအိမ်သင် ရဲ့ မိခင်ဖြစ်သူ ဒေါ်မြရင်က သူ့ရဲ့ သားကြီးကိုမမေ့နိုင်သေးကြတဲ့အတွက် ဝမ်းသာဝမ်းနည်း ခံစားနေရာတာကိုလည်း တွေ့ရပါတယ်။

တက္ကသိုလ်ဝင်တန်းကို ငါးဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့သူ ထူးအိမ်သင်ရဲ့ သမီးလေးမိကွန်ထောကလည်း အဲဒီ နေ့မှာ သူ့ဖခင်ရဲ့ မိတ်ဆွေများကို မမောနိုင်မပန်းနိုင် လိုက်လံဧည့်ခံရင်းနဲ့ သူ့ဖခင်ကို လွမ်းဆွတ်နေပုံရပါတယ်။

ဒီပွဲကို တက်ရောက်လာသူတွေထဲက ထူးအိမ်သင်နဲ့ အရင်းနှီးဆုံးတွဲဘက်ဖြစ်တဲ့ တေးရေးမြင့်မိုးအောင်ကလည်း “အနုပညာ ပစ္စည်းကောင်းတွေတွေ့ရင် လိုက်ရှာပြီးပေးရမယ့်လူတစ်ယောက် လျော့သွားတာပေါ့။ အားလုံးကသူ့နည်း သူ့ဟန်နဲ့တော့ သတိတရ အမှတ်တရရှိနေကြတာ ဝမ်းသာ စရာပါ။ ခုလိုတိုးတက်တဲ့အခြေအနေတွေ အပြောင်းအလဲတွေကို သူမြင်တွေ့ခွင့်ရမသွားတာကိုတော့ တကယ်ကိုစိတ်မကောင်းပါဘူး”လို့ ပြောပါတယ်။

အခုလို ထူးအိမ်သင်အတွက်မွေးနေ့ ရွှေရတုအကြိုအထိမ်းအမှတ် ကျင်းပခဲ့ကြသလို ထူးအိမ်သင် ကွယ်လွန်တဲ့ သြဂုတ်လ ၁၄ရက်နေ့မှာလည်း ကွယ်လွန်ခြင်း ၈နှစ်ပြည့် အမှတ်တရအဖြစ် ကျင်းပကြဦးမှာ ဖြစ်ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ကျော်လတ်

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။