/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 22, 2012

.

အစိုးရနှင့် တပ်မတော် အပေါ် SSA သံသယရှိ

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) တို့အကြား အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရထားသော်လည်းအစိုးရတပ်က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အစိုးရနှင့် တပ်မတော်အပေါ် သံသယဝင်နေကြောင်း SSA–S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။


ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့်
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းတို့
ယမန်နှစ် ဒီဇင်ဘာလအတွင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
(ဓာတ်ပုံ - thaifreedom.com)

“ကျနော်တို့ နှစ်မျိုးမြင်တယ်။ တမင်သက်သက်ကို ငြိမ်းချမ်ရေးဆွေးနွေးရေးအဖွဲ့က အစိုးရက ဒီလိုမျိုးလုပ်မယ် တပ်ကဒီလိုမျိုး ထပ် လုပ်ပါ ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ ညှိပြီးတော့ လုပ်တာလားလို့ အဲလိုတမျိုးမြင်တယ်။ နောက်တမျိုးကတော့ အစိုးရက ဒီတပ်ကို ထိန်းလို့မရဘူးလား။ ပြောလို့မရဘူးလား၊ ညွှန်ကြားလို့မရဘူးလား ဆိုပြီးတော့ သံသယရှိတာပေါ့ဗျာ”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဧရာဝတီ ကို ပြောပြသည်။

ယခုလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ လမ်ဖာ့ တောင်းကုန်းပေါ်တွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော SSA–S တပ်ရင်း ၁၀၈ ကို မိုင်းဖြတ်အခြေစိုက် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံ (ခမရ) ၅၇၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ကာ တောင်ကုန်းကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များက မိနစ် ၄၀ ကျော်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အစိုးရဘက်မှ ၁ ဦးကျဆုံး၊ ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း၊ SSA–S ဘက်က ထိခိုက်ဒဏ်ရာ မရရှိသော်လည်း လူအင်အား၊ လက်နက်အင်အားအရ ဆုတ်ခွာ ပေးလိုက်ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီး မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။

သဘောတူညီချက်များထဲတွင် SSA-S ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဘက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံ ရေး ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရေးတို့ ပါဝင်ပြီး ၎င်းအချက်များ အားလုံးကို မူ အားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ နယ်မြေသတ်မှတ်ရေး ဆွေးနွေးရာတွင် သဘောတူညီချက် လွယ်ကူစွာမရရှိဘဲအချိန်ကြန့်ကြာမှုဖြစ်ခဲ့သေးသည်။

ထိုသို့သဘောတူညီမှုများပြုလုပ်ခဲ့ကြပြီး တလကျော်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း SSA တပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်းရာမှ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

အစိုးရတပ်များက မနေစေလိုသော အဆိုပါနေရာများမှာ တရုတ်၊ လာအိုနှင့် ထိုင်းနယ်စပ်ဒေသများနှင့် နီးကပ်လျက်ရှိပြီး မိုင်းလား တပ်ဖွဲ့များနှင့်လည်း နီးကပ်ဆက်နွယ်နေသဖြင့် နယ်မြေစိုးမိုးရေးအရ SSA-S တပ်ဖွဲ့ဝင်များကို ရှင်းလင်းလိုသည်ဟု ယူဆမိကြောင်း သူကဆက်ပြောသည်။

“နယ်ခြားဒေသတွေနဲ့နီးတော့ စစ်ရေးအရ မနေစေချင်တဲ့သဘောပဲလို့ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုသည်။ နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်းကို ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်း ဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် SSA-S က စာရေးသားပေးပို့ခဲ့ပြီး ၁၀ ရက်အကြာ တွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ အမှတ် ၂ လျှပ်စစ် စွမ်းအား ဒု ၀န်ကြီး ဦးခင်မောင်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် တိုက်ပွဲများထပ်မဖြစ်စေရန် အစိုးရတပ်များကို သွားရောက် ညှိနှိုင်းပေးမည်ဟု ကတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း SSA-S တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေများအတွင်း အစိုးရတပ်များသည် နယ်မြေစိုးမိုးရေးအရ လက်နက်နှင့် လူအင်အား၊ ရိက္ခာများ တိုးမြှင့်လာခြင်းများကြောင့် ခုခံစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေရင်းမှ တိုက်ပွဲများက ဆက်ဖြစ်နေခဲ့သည်ဟု SSA-S ဘက်က ပြောဆိုသည်။

SSA–S အနေဖြင့်မူ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်လိုဘဲ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဆွေးနွေးဖြေရှင်းလိုကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များနှင့် မတ်လကုန်ပိုင်းတွင် ထပ်မံဆွေးနွေးသွားဦးမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

မော်ထိုင်း တပ်မတော် MTA ခေါင်းဆောင် ဦးခွန်ဆာ စစ်အစိုးရထံ လက်နက်ချသွားသည့်နောက်ပိုင်း ဗိုလ်မှူးကြီး ရွက်ဆစ်က SSA-S ကို မော်ထိုင်း အဖွဲ့ဝင်ဟောင်းတချို့နှင့် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။