ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် မတ်လ၁၉ ရက်နေ့က တနာရီခန့်အကြာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယခုနှစ်အတွင်း အပြီးသတ် ထွက်ရှိမည့် မီဒီယာဥပဒေရေးဆွဲထားမှု၊ ဝန်ကြီး ဦးကျော်ဆန်းပြောဆိုခဲ့သည့် လွတ်လပ်မှုနှင့် တာဝန်ယူမှုအကြောင်း၊ စာနယ်ဇင်းကောင်စီဖွဲ့စည့်မည့် ကိစ္စ၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာမီဒီယာများအပေါ် ဝန်ကြီးဦးကျော်ဆန်း၏ အမြင်တို့ကို မေးမြန်းထားပါသည်။
မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဝန်ကြီး ဦးကျော်ဆန်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁-၀၂ ခုနှစ်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
မေး ။ ။ ကျနော်တို့ နောက်ဆုံးသိတာကတော့ Media law ကို စဆွဲနေပါပြီ။ အဲဒီတော့ Media law နဲ့ ပတ်သက်ပြီးတော့ အခု ဘယ်အဆင့် ရောက်နေပြီလဲ။ တချို့ကလည်း ကောလာဟလတွေရှိတယ်။ ပထမဆွဲနေတဲ့ Draft ကတော့ ပျက်သွားပြီ။ အသစ်ပြန်ဆွဲတယ်ဆိုတဲ့ အသံတွေမျိုး ထွက်နေပါတယ် ဆိုတော့ ကျနော်တို့ အဲဒါနဲ့ ပါတ်သက်ပြီးတော့ သိလို့ရမလာ။
ဖြေ ။ ။ ပထမ Draft ကတော့ ကျနော်တို့ ဆွဲပြီးပြီ။ အဲဒီဆွဲပြီးတဲ့ Draft ကို ကျနော်တို့က ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရှေ့နေချုပ်ရုံးကို ပေးပို့ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေကိုတောင်းတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ဆီကို သူတို့ရဲ့ Recommendation အနေနဲ့ ကျနော်တို့ဆီကို ပြန်ပို့ထားပြီ။ ဒါ ကျနော်တို့ဆီမှာ ရှိနေပြီ။ ကျနော်တို့က ဒီ Draft ကို Second Draft ပြန်ဆွဲဖို့ရှိတယ်။ အဲတော့ ဒီ Second Draft ကို ပြန်ဆွဲဖို့ရာအတွက် အခုလို ယူနက်စကိုနဲ့ ကျနော်တို့ ကွန့်ဖရင့်တွေလုပ်ပြီးတော့မှ နိုင်ငံတကာရဲ့ Press law နဲ့ပတ်သက်တဲ့ အခြေအနေတွေ Ethic တွေ၊ နောက်သူရဲ့ Right တွေ စသဖြင့် ကျနော်တို့ အခုလေ့လာနေကြတယ်။
မေး ။ ။ အဲဒါက ၂၀၁၂ မှာ ပြီးမှာလား။ နောက်တခု ကျနော်သိချင်တာက ဒီ Draft က တချို့ကပြောကြတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားမှာ၊ နောက်ဆုံးကြားတာကတော့ အင်ဒိုနီးရှားအပေါ်မှာ မှုတည်ပြီးတော့ Media law ဆွဲတယ်လို့ ပြောကြတာ ရှိပါတယ်။ အဲဒါက ၀န်ကြီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့က အာဆီယံနိုင်ငံတွေရဲ့ Media law တွေကိုလည်း အကုန်လေ့လာတယ်။ နောက်တခါ အခြားသော အမေရိကန်၊ အိန္ဒိယ စသဖြင့် ဒီလိုဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ Media law တွေကိုလည်း ကျနော်တို့ လေ့လာတယ်။ အဲဒီလို လေ့လာပြီးတဲ့အခါမှာ ဘယ်နိုင်ငံကိုမှ ကျနော်တို့ ပုံတူကူးချမှာတော့ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ အတိတ်သမိုင်း ရှိတယ်၊ အဲဒီအတိတ်သမိုင်းမှာ ကျနော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာတွေ အများကြီး ရှိတယ်။ စာပေစာနယ်ဇင်းနဲ့ ပတ်သက်လို့ ရရှိခဲ့တဲ့သင်ခန်းစာတွေလည်း အများကြီး ရှိတယ်။ နောက်တခါ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ပကတိ အရှိတရားတွေလည်း ရှိနေတယ်။ အဲဒီတော့ ရရှိခဲ့တဲ့ အတိတ်သမိုင်းက သင်ခန်းစာတွေရယ် ဒီနေ့ ပကတိအရှိတရားတွေရယ် နိုင်ငံတကာရဲ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်မှုတွေရယ်၊ အဲဒီထဲကမှ ကျနော်တို့ နိုင်ငံအတွက်ကောင်းတဲ့၊ ကျနော်တို့နိုင်ငံအတွက် အကျိုးရှိနိုင်တဲ့၊ ကျနော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒါတွေအားလုံးကို ကိုယ့်နိုင်ငံအတွက် အကောင်းဖြစ်အောင် ရေးဆွဲမှာပဲ။ ဘယ်နိုင်ငံရဲ့ဟာကိုမှ ထပ်တူ ယူချတယ်ဆိုတာ မရှိပါဘူး။
မေး ။ ။ မနေ့က ၀န်ကြီးရဲ့ မိန့်ခွန်းမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုတွေ တော်တော်ပြောတာ တွေ့တယ်။ ကျနော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတော်စိတ်ဝင်စားတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု ပတ်သက်လာရင် မြန်မာ့စာနယ်ဇင်းက လောလောဆယ် အဲဒီလွတ်လပ်မှု တာဝန်ယူမှုမှာ တကယ်ကို အသားကျနေပြီလို့ ၀န်ကြီး ထင်သလား။
ဖြေ ။ ။ ဒီ မေးခွန်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ အဲဒီတော့ ဒီမေးခွန်းက ကျနော်လည်း ကျယ်ကျယ်ပြန့်ပြန့်လေး ဖြေချင်ပါတယ်။ ပထမဦးဆုံး ကျနော် မီဒီယာအပေါ်မှာ ကျနော်တို့ရဲ့ အမြင်လေးကို နည်းနည်း အရင်ပြောချင်ပါတယ်။ မီဒီယာအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ကတော့ ကနေ့အခါမှာ မီဒီယာဟာ ပြည်သူအတွင်းမှာ အင်မတန် သြဇာကြီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့် သြဇာကြီးတာလဲလို့ ပြောရင် ဒီနေ့ IT, ICT နည်းပညာတွေက အင်မတန် တိုးတက်လာပါတယ်။ အဲဒီလို တိုးတက်လာတဲ့အလျောက် ကမ္ဘာ့အရှေ့ခြမ်းမှာ ဖြစ်တဲ့ဖြစ်စဉ်တခုက အနောက်ခြမ်းကို တောင်ခြမ်းကို မြောက်ခြမ်းကို စက္ကန့်ပိုင်းအတွင်း မိနစ်ပိုင်းအတွင်း ရောက်သွားတယ်။ နောက်တခါ အဲဒီမီဒီယာရဲ့ Cover ဖြစ်မူကလည်း အင်မတန်ကျယ်ပြန့်တယ်။
တခါ ဒီမီဒီယာကို နည်းပညာနဲ့ ပြန်လည်တားဆီးလို့ မရပါဘူး။ လုံးဝကြီး မရတာတော့ မဟုတ်ဘူးပေါ့။ တားဆီးလို့တော့ ရတာပေါ့။ ဥပမာ – ရေဒီယို ထုတ်လွင့်မယ်။ အဲဒီရေဒီယိုကို သူ့ထက်အားကြီးတဲ့ Jumping လုပ်ရမယ်။ သို့သော်လည်းပဲ ဧရိယာ Wide ကြီး လုပ်ဖို့အတွက်ကျတော့လည်း အင်မတန် ခက်ပါတတယ်။ အကုန်အကျလည်း အင်မတန်များပါတယ်။ ဒါကြောင့်မို့လို့ မီဒီယာဟာ နယ်စည်းမရှိဘူး။ Border မရှိဘူး။ သူ့ကိုတားဆီးနိုင်တဲ့ နည်းပညာ ဒီနေ့အထိတော့ မရှိသေးဘူး။ အဲဒီတော့ သူ့ကို ကျနော်တို့က ဘာနဲ့တန်ပြန်ရမလဲဆိုရင် ပြည်သူတွေမှာ အမှားအမှန် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဆုံးဖြတ်နိုင်စွမ်းတဲ့ အသိဗဟုသုတ ရှိအောင် တနည်းအားဖြင့်ပြောရင် မီဒီယာကို ကိုယ်ခံစွမ်းအား ရှိအောင် ကျနော်တို့က လုပ်ပေးတဲ့နည်းပဲ ကျနော်တို့မှာ ရှိပါတယ်။ ဒါကမီဒီယာပေါ်မှာ တပိုင်း ကျနော်ရဲ့ အမြင်ပါ။
နောက်တခါ မီဒီယာဟာ အဖြူရောင်ပါ။ ဒီနေရာမှာ ဒီဖြစ်စဉ်တစ်ခု ဖြစ်ပျက်တယ်ဆိုရင် ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ်၊ ဘယ်လိုဖြစ်တယ် ဘာဖြစ်သွားတယ်ဆိုတာ သူ့အဖြစ်အတိုင်း သူဟာသူ ရှိနေတယ်။ အဖြူရောင်ပါ။ သို့သော် အဲဒီအဖြူရောင်က ပြည်သူဆီကို ပေးပို့လိုက်တဲ့လူပေါ် မူတည်ပြီးကာမှ အရောင်အမျိုးမျိုး ပြောင်းသွားတတ်ပါတယ်။ အမှန်ဟာ အမှားအဖြစ်နဲ့ ပြည်သူဆီကို ရောက်သွားတာမျိုးလည်း ရှိတယ်။ အမှန်တ၀က် အမှားတ၀က် ရောက်သွားတာမျိုးလည်း ရှိတယ်။ အမှန်လေးကို နည်းနည်းလေးပဲ အခြေခံပြီးတော့ မိမိလိုချင်တာကို ဆွဲ၊ မိမိလိုရာ ပုံသွင်းပြီးတော့ ရောက်သွားတာမျိုးလည်း ရှိတယ်။ ဖြစ်ပျက်သွားတာက သေးသေးလေးပဲ။ ဒါကြီးကို မိမိလိုချင်သလို ပုံကြီးချဲ့ပြီး တစိတ်ကို တအိတ်ဖြစ်အောင် လုပ်သွားတာမျိုးလည်း ရှိတယ်။
ဒါကြောင့် မီဒီယာဟာ အဖြူရောင်၊ သို့သော် အဲဒီဟာကို ပြည်သူဆီကို ပို့တဲ့အခါမှာ အရောင်အမျိုးမျိုး ပြောင်းသွားတာ အဲဒီပေးပို့တဲ့ မီဒီယာသမားအပေါ်မှာ မှုတည်တယ်။ အဲဒီတော့ မမှန်မကန်တဲ့ မီဒီယာမျိုးတွေ ပြည်သူဆီကို ရောက်သွားရင် ဒါဟာ ပြည်သူတွေအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ အဲဒီဖြစ်စဉ်အတွက်ရော ကောင်းတဲ့အကျိုးကို မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် အဖြူရောင်ဖြစ်တဲ့ ဒီမီဒီယာကို ပြည်သူတွေဆီကို ပို့ကြတဲ့ မီဒီယာတွေအတွက် သူတို့တွေ လိုက်နာသင့်သော Ethic တွေ ရှိသင့်တယ်လို့ ကျနော်ဘက်က ယူဆပါတယ်။ ဒါ မီဒီယာအပေါ်မှာ ကျနော်တို့ဘက်က ခံယူတဲ့ ခံယူချက်ပါ။ နောက်တခု အဆင့်တက်ပြီးတော့ ဘာကြောင့် ဒါကိုခင်းနေတာလည်းဆိုတော့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဆိုတဲ့ဟာကို ကျနော်သွားချင်လို့ ဒါကို ရှင်းပြနေတာပါ။
နောက်တဆင့်က ဘာလဲဆိုရင် ဒီမိုကရေစီအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ပေါ့။ ဒီမိုကရေစီဆိုတာဟာ လူအများရဲ့ အကျိုးကို ဖော်ဆောင်နိုင်တဲ့စနစ်၊ ကျင့်စဉ်။ ဒီမိုကရေစီကို တချို့က ဒါ စနစ်မဟုတ်ဘူး၊ ဒါ ကျင့်စဉ်သာဖြစ်တယ်လို့ ပြောတယ်။ ကျင့်စဉ်လား၊ စနစ်လားဆိုတာတော့ ကျနော်အငြင်းမပွားလိုပါဘူး။ ဒါကြောင့် ဒီမိုကရေစီဟာ လူအများရဲ့ အကျိုးကို ဖော်ဆောင်ပေးနိုင်တဲ့စနစ် သို့မဟုတ် ကျင့်စဉ်အများကြီးထဲက တစ်ခုဖြစ်တယ်လို့ ကျနော်လက်ခံပါတယ်။
သို့သော်လည်းပဲ အဲဒီ ဒီမိုကရေစီရဲ့အကျိုးကို ရဖို့ဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ အားလုံးက ကျင့်သုံးနိုင်မှသာ အဲဒီ ဒီမိုကရေစီရဲ့အကျိုးကို ရမှာ။ ဥပမာ ကျနော်တို့ နိုင်ငံရဲ့ ၁၉၄၈ ကနေ ၁၉၆၂ ကြား အခြေအနေကို ကြည့်ကြည့်ပါ။ ပါလီမန်ဒီမိုကရေစီကို ကျင့်သုံးခဲ့တာ။ သို့သော် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ နိုင်ငံရေးပါတီတွေကရော၊ နိုင်ငံရေးသမားတွေကရော၊ ပြည်သူတွေကရော မကျင့်သုံးနိုင်ခဲ့ကြဘူး။ အဲဒီလို မကျင့်သုံးနိုင်ခဲ့တဲ့အတွက် အဲဒီ ၁၄ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ဟာ ဒီမိုကရေစီကို ကျင့်သုံးကြသော်လည်းပဲ ဒီမိုကရေစီရဲ့ အကျိုးတွေကို ထိုက်ထိုက်တန်တန် ရရှိခံစားရခြင်း မရှိဘူးဆိုတာ အတိတ်သမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့ တွေ့နိုင်ပါတယ်။ ကနေ့ ကမ္ဘာ့ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတဲ့ နိုင်ငံကြီးတွေမှာ ကြည့်ရင်လည်း ဒီသဘောထားလေးတွေ ကျနော်တို့ အများကြီး တွေ့နိုင်ပါတယ်။
ဒါကြောင့် ကျနော်တို့ခံယူတာကတော့ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်ဖို့ဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ကျင့်သုံးနိုင်မှပါသာ ရရှိနိုင်မယ်လို့ ကျနော်တို့က ဒီလိုပဲ မြင်ပါတယ်။ ကောင်းပြီ၊ ဒါဖြင့်ရင် အဲဒီ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ဖြင့်အောင် ဘယ်သူတွေက ကျင့်သုံးမှာလဲ။ ဘယ်သူတွေက ထိန်းကျောင်း ဘယ်သူတွေက ကျင့်သုံးမှာလဲလို့ မေးရင်တော့ အသေးစိတ်ပြောရရင်တော့ ကနေ့ ဒီမိုကရေစီမှာ အဓိကမဏ္ဍိုင်ကြီး သုံးရပ်လို့ ပြောတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်မှာ ပါနေတဲ့ အမတ်တွေရော၊ အဲဒီဥပဒေပြုရေးမဏ္ဍိုင်တွေရော ကိုယ်တိုင်က သူကိုယ်တိုင်ပဲ ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။ ပြီးရင် တခြားအဖွဲ့တွေက ဒီမိုကရေစီကျင့်သုံးမှုကိုလည်း မှန်မှန်ကန်ကန် ကျင့်သုံးအောင်ကို ပြန်ထိန်းကျောင်းရမယ်။ အလားတူပဲ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ နောက်တခါ ဒါတွေပဲ လားဆိုရင် မကဘူး။ နိုင်ငံရေးပါတီတွေ ရှိတယ်၊ နိုင်ငံရေးသမားတွေ ရှိတယ်၊ သူတို့ကိုယ်တိုင်လည်း ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။ ပြီးရင် တခြားသူတွေ အဖွဲ့အစည်းတွေက ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးအောင် သူတို့ကလည်း ပြန်လည် ထိန်းကျောင်းပေးရမယ်။
ဒါဖြင့်ရင် ဒါပဲလားဆို မကပါဘူး။ အဓိကအရေးကြီးတဲ့ အင်အားစုကြီးတခု ရှိပါသေးတယ်။ အဲဒါက ပြည်သူပါပဲ။ ဒီနေ့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့ စည်းပုံကို ပြန်ကြည့်ရင် ပြည်သူတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးထားပါတယ်။ Direct ဆုံးဖြတ်တာ ရှိတယ်။ Indirect ဆုံးဖြတ်တာ ရှိတယ်။ သမ္မတကို ပြည်သူက Indirect ရွေးတယ်။ ကိုယ်စားလှယ်တွေကို ပြည်သူက Direct ရွေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတကို ရွေးတယ်။ ပြီးတဲ့အခါမှာ သမ္မတရဲ့ Nomination နဲ့ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေက အုပ်ချုပ်မှု အဖွဲ့အစည်းတွေ၊ တရားစီစဉ်ရေး အဖွဲ့အစည်းတွေ ခန့်တယ်။ ပြည်သူက သမ္မတကို Impeachment ပြန်လုပ်လို့ ရတယ်။ လွတ်တော်ကိုယ်စား လှယ်တွေ Impeachment လုပ်လို့ရတယ်။ အလားတူ ၀န်ကြီးတွေ ဒုတိယ၀န်ကြီးတွေကိုသူ Impeachment လုပ်လို့ရတယ်။ တရားသူကြီးချုပ်ကိုပင်လျှင် သူ Impeachment လုပ်လို့ရတယ်။ ဒါကြောင့် ပြည်သူဟာ တကယ့်အရေးကြီးတဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့် ကနေ့ ပြည်သူကို ကျနော့်ဖက်က ပြောနေတာပါ။ ပဉ္စမ မဏ္ဍိုင်လို့ ပြောနေတာပါ။ အဲဒီတော့ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးနိုင်ဖို့နဲ့ အားလုံးက ကျင့်သုံးအောင် ပြည်သူကလည်း ထိန်းညှိရမယ်၊ သူကိုယ်တိုင်ကလည်း ကျင့်သုံးရမယ်။
ကနေ့ကျနော်တို့ နိုင်ငံရဲ့ ပြည်သူတွေရဲ့ အခြေအနေကို ပြန်ကြည့်ရင် ပြည်သူတွေမှာ အမှား အမှန်၊ အကောင်း အဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်တဲ့အား နည်းနေသေးတယ်။ ကျနော်ဆိုလိုတာက မြို့ပေါ်က ပြည်သူတွေကိုပဲ ကြည့်ပြောတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျေးလက်တွေကို ပြောတာပါ။ အဲဒီလိုဖြစ်တဲ့ အခါမှာကျတော့ အဲဒီပြည်သူတွေရော နိုင်ငံရေးပါတီတွေရော မဏ္ဍိုင်သုံးရပ်ကိုရော ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးအောင် စောင့်ကြည့်ထိန်းကျောင်းပေးရမယ့်အဖွဲ့က ဘယ်သူဖြစ်လာပြန်လဲ ဆိုတော့ စတုတ္တမဏ္ဍိုင်ခေါ်တဲ့ မီဒီယာပါပဲ။
စတုတ္တမဏ္ဍိုင်က ဒီလောက်ကြီးလေးတဲ့ တာဝန်ကို ထန်းဆောင်မယ်၊ ပြီးရင်အရှေ့မှာ ကျနော်ပြောခဲ့တယ်။ မီဒီယာအပေါ်မှာ ကျနော်ရဲ့အမြင်ကို ပြောခဲ့တယ်။ ပြီးရင် အဲဒီမီဒီယာကို ဖန်တီးတဲ့သူတွေအပေါ်မှာ မီဒီယာဟာ ဘယ်လောက် မူတည်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။ နောက်တခါ ဒီမိုကရေစီကျင့်သုံးတဲ့ အခါမှာ မီဒီယာဘယ်လောက် အရေးကြီးလည်းဆိုတာ ပြောခဲ့တယ်။ အဲဒီလို အင်မတန်အရေးကြီးတဲ့ မီဒီယာဟာ သူက အဲဒီတာဝန်တွေကို ထန်းဆောင်တော့မယ်ဆိုရင် သူကိုယ်တိုင် အရည်ချင်းရှိဖို့လိုတယ်။ သူကိုယ်တိုင် စတုတ္တမဏ္ဍိုင် ပီသဖို့လိုတယ်။
စတုတ္တမဏ္ဍိုင်ပီသဖို့ဆိုရင် ကမ္ဘာ့မီဒီယာကိုတော့ ကျနော် မပြောလိုပါဘူး၊ မြန်မာ့မီဒီယာအပေါ်မှာကိုတော့ ကျနော်အကြံပြုစရာရှိတယ်။ ကျနော်တို့ရဲ့ မီဒီယာသည် အချက် ၅ ချက်ကိုတော့ လိုက်နာသင့်ကြတယ်လို့ အကြံပြုပါတယ်။ နံပါတ် (၁) က ဘက်မလိုက်ဖို့၊ နံပါတ် (၂) က ပြဿနာတရပ် အကြောင်းအရာတရပ်ကို ရေးသားဖော်ပြတဲ့အခါမှာ ထောင့်တထောင့်ထဲက မရေးသားစေချင်ဘူး။ ထောင့်စုံဘက်စုံကနေ ရေးပြီးတော့ ပြည်သူကို Awareness လုပ်ပေးစေချင်တယ်။ နောက် နံပါတ် (၃) က အဲဒီလို ရေးတဲ့အခါမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား။ ဆင်ခြင်တုံတရားဆိုတာ ကျနော်ဘာကို ရည်ညွန်းတာလဲဆိုတာ Ethic ကို ရည်ညွန်းတာပဲ။
နောက်တခု နံပါတ် (၄) က ဘာလဲဆိုရင် ဒီမိုကရေစီအရ ယုံကြည်ချက် ကိုယ့်ဟာကို ရှိနိုင်တယ်၊ ထင်မြင်ယူချက် ရှိနိုင်တယ်။ ဒီမိုကရေစီက ကွဲပြားမူတွေက ရှိနိုင်တယ်။ သို့သော် ကွဲပြားတာကြီးပဲ သွားကြလို့ အလုပ်မဖြစ်ပါဘူး။ ကွဲပြားမှုကြားကနေ ညီညွတ်မှုကို ဦးတည်ကြရမယ်။ ဒါကြောင့် ကျနော်သုံးထားတဲ့ စကားတွေက Unity in Democracy ကိုတော့ ဦးတည်ကြဖို့ သင့်တယ်။ နံပါတ် (၅) ကတော့ အဲလိုဖြစ်ဖို့ဆိုရင် Common ground ပါတယ်။ Common ground က အမှန်တရားနဲ့ အမျိုးသားရေးပဲ။ ဒါတွေဟာ မြန်မာ့မီဒီယာတွေက ဦးတည်သင့်တဲ့အချက်တွေလို့ ကျနော် ယုံကြည်ပါတယ်။
အဲဒီလို ဆောင်ရွက်နိုင်မှ ကျနော်တို့ဟာ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးနိုင်လိမ့်မယ်။ မီဒီယာအဖြူထည်ကိုလည်းပဲ သူ့အဖြူထည်အတိုင်း ပြည်သူဆီကို ပေးပို့နိုင်လိမ့်မယ်လို့ ကျနော်ယုံ ကြည်ပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်မှုကိုယူဖို့ တာဝန်ယူဖို့က အင်မတန်အရေးကြီးပါတယ်လို့ ကျနော် ဒီလိုဆိုလိုတာပါ။
(ဆက်လက်ဖော်ပြပါမည်)
မူရင်းလင့်က ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။