/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 22, 2012

.

သင်ကြားရေးဆရာများ အရည်အသွေး မြှင့်တင်ရန် လိုသလို ထိုက်တန်သည့် လစာလည်းပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဆရာ၊ဆရာမများ၏ အရည်အချင်းပြည့်ဝရန် ပြုပြင်ဆောင်ရွက်မှုများ လုပ်ရန်လိုသလို ထိုက်တန်သည့် လစာရရှိရန်လည်း စဉ်းစားပေးရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မတ်လ ၁၄ ရက်နေ့က ကြား ဖြတ်ရွေးကောက်ပွဲ အကြိုမဲဆွယ်ပွဲအဖြစ် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောစဉ် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးကဏ္ဍနှင့် ပတ်သက် ၍ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။



”ကျွန်မတို့ ပညာရေးအဆင့် အတန်းဟာ နိုင်ငံတကာအဆင့် အတန်းကို လိုက်မီဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ် အမှန်တွေ ပေါ်လာမှာပဲဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့က အင်မတန်မှ အရေးကြီးပါတယ်”ဟု ၄င်းက ပြောသည်။

ယနေ့မြန်မာ့ ပညာရေးအတွင်း ၌ သင်ကြားရေးပိုင်း တာဝန်ယူ ထားကြသူအချို့မှာ အရည်အချင်း မပြည့်စုံမှုများ ရှိနေရာ၊ အရည် အချင်းပြည့်ဝမှုများ လိုအပ်နေသေး သည်ဆိုခြင်းကို ငြင်းဆို၍ မရနိုင် သောအကြောင်းအရာတစ်ခုအဖြစ် ရှုမြင်ပါကြောင်း အငြိမ်းစားပညာ ရေးဝန်ထမ်း အချို့က ရှုမြင်ကြ သည်။

ဝါရင့်ကျောင်းဆရာ ဒေါက်တာ နေဝင်းနိုင်က ”အရည်အချင်းဆိုတာမျိုးက တကယ်လိုအပ်ပါတယ်။ အရင် ၁၉၈၆-၈၇ နှစ်ပိုင်းတွေက ဒီလိုမဖြစ်ခဲ့ပေမယ့် တချို့ဆို ဝတ် ကျေ တန်းကျေသင်ရင်းနဲ့ အရည်အသွေး ကျကျလာတာကို တွေ့နေ ရပါတယ်။ ဒါကို တွေးကြည့်ရင် တုန်လှုပ်စရာကောင်းပါတယ်။ အခု ကျွန်တော်တို့ ပုဂ္ဂလိကကောလိပ် တက္ကသိုလ်တွေ တည်ထောင်တယ်။ အဲဒီမှာ ဆရာတွေကို ခေါ်ခန့်တယ်။ ဘာသွားတွေ့လဲဆိုရင် မသင်နိုင်တာကို တွေ့ရတယ်။ အားလုံးကို သိမ်းကျုံးပြောတာမျိုးတော့ မဟုတ်ပါဘူး။ အရည်အချင်းပြည့်ဝဖို့ လိုအပ်တယ်ဆိုတာကို အပြည့်အဝ ထောက်ခံပါတယ်”ဟု ပြောသည်။

ဆရာ၊ ဆရာမများ၏ အရည်အသွေးလိုအပ်မှု ရှိနေခြင်းမှာ စားဝတ်နေရေးအကြောင်းပြမှု၏ နောက်ဆက်တွဲဆိုးကျိုး ရလဒ်တစ်ခုဖြစ်ပြီး ကျူရှင်စနစ်ဆိုး၏ အကျိုး ရလဒ်ကြောင့်လည်း ဖြစ်သည်ဟု ၄င်းက ထပ်မံဆိုသည်။

”စားဝတ်နေရေး အဆင်မပြေတာကနေ ချမ်းသာတဲ့အထိကို အချို့တွေ လုပ်ကုန်ကြတော့ သူတို့ ရဲ့အရည်အသွေးပိုမြင့်အောင် လုပ်ဖို့ ကို သတိမရကြတော့ဘူး။ ဒါက သူတို့ရဲ့ ဝင်ငွေနဲ့ဘဝရပ်တည်ရေး ကို အာမခံချက်မရှိဘူးလို့ ယူဆ ကြသူတွေရဲ့ အတွေးတွေကြောင့်ပဲ။ ဒါကြောင့် သူတို့ရဲ့ လစာကို ထိုက် တန်တဲ့လစာ ငွေကြေးရဖို့က စဉ်း စားပေးရမှာ အမှန်ပဲ”ဟု ဒေါက်တာ နေဝင်းနိုင်က ဆက်လက်ပြော သည်။

ဆရာဝန်များမှာ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီးအပြင် ဆေးခန်းတွေထိုင်သကဲ့သို့ မိမိတို့ ဆရာများသည် ကျူရှင်သင်တာ မဆန်းပါဟု အကြောင်းပြချက်များ ပေးကြသည်။ ”ပွင့်ပွင့်လင်းလင်းပြောရရင် အကျင့်ပါနေပါပြီ။ ပြောရင် လွယ်သလိုလိုနဲ့ တကယ်ခက်ပါတယ်။ မလုပ်ရင်လည်း မရပါဘူး။ အရည်အချင်းကို ပြည့်အောင် လုပ်မှဖြစ်မှာ ပါ”ဟု မြန်မာ့ပညာရေး လေ့လာနေသူတစ်ဦးက ပြောသည်။

မင်းသုအောင်

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။