/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 17, 2014

.

ရေတပ်အင်အားကို အပြိုင်အဆိုင် တိုးချဲ့လာကြသည့် အိမ်နီးချင်းနိုင်ငံများ၏ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းရှိ ရေတပ်အင်အားများ

ရေတပ်အင်အားကို အပြိုင်အဆိုင် တိုးချဲ့လာကြသည့် အိမ်နီးချင်းနိုင်ငံများ၏ ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပိုင်းရှိ ရေတပ်အင်အားများ

ဇော်မင်းထွန်း(ရေနံချောင်း)

အမေရိကန်တို့၏ အာရှ - ပစိဖိတ်ဒေသအား အလေးထား လာမှု၊ တရုတ်နိုင်ငံ၏ ရေတပ်အင်အား တိုးချဲ့လာမှု၊ ကမ်းရိုးတန်းေ ဒသများ၌ တိုးပွားလာသော အခြေချ နေထိုင်မှု၊ စီးပွားရေး အချက်အချာ ကျလာမှုနှင့် ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန် များ၌ ရှာဖွေတွေ့ရှိ လာနိုင်သော သယံဇာတ မျှော်လင့်ချက် များကြောင့် ဒေသတွင်း နိုင်ငံများ အနေဖြင့် ရေတပ်အင်အားကို အပြိုင်အဆိုင် တိုးချဲ့ လာကြသည်။ ဒေသတွင်းရှိ အမေရိကန်တို့၏ အစဉ်အလာ မိတ်ဖက်နိုင်ငံများ အနေဖြင့် အမေရိကန်တို့၏ အကူအညီဖြင့် ရေတပ်အင်အား တိုးချဲ့လျက် ရှိသကဲ့သို့ ကျန်နိုင်ငံများ အနေဖြင့် လည်း စစ်ရေယာဉ် များအား ကိုယ်တိုင် တည်ဆောက်ခြင်း၊ ပြည်ပမှ ဝယ်ယူခြင်းဖြင့် အင်အားတိုးချဲ့ လျက်ရှိပါသည်။

 
တရုတ်ရေတပ် ၏ လျောင်နင် လေယာဉ်တင်သင်္ဘော

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရေတပ် အင်အားကို အစဉ်တစိုက် အလေးထား တိုးချဲ့လျက်ရှိပြီး တရုတ်နိုင်ငံလုပ် ရေယာဉ်များဖြင့် အဓိကထား အင်အား ဖြည့်တင်းလျက် ရှိသည်။ တရုတ်နိုင်ငံ လုပ် Ming Class အမျိုးအစား ရေငုတ်သင်္ဘော နှစ်စင်းဝယ်ယူရန် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း သဘောတူ စာချုပ် ချုပ်ဆိုထားပြီး ၂ဝ၁၆ ခုနှစ်တွင် လွှဲပြောင်း လက်ခံရရှိမည် ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် တရုတ်နိုင်ငံ (CATI ) ကော်ပိုရေးရှင်း China International Aero -Techanical Import and Export Corporation ထံမှ ရေတပ်သုံး ရဟတ်ယာဉ် ၉ စင်းဝယ်ယူရန် ရှိကြောင်းနှင့် ၂ဝ၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်း လောက် တွင် ရောက်ရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လက်ရှိ ရေတပ်အင်အားမှ တရုတ် နိုင်ငံလုပ် Jinghu အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘော ၃ စင်းအပါအဝင် ဖရီးဂိတ် စစ်သင်္ဘော ၆ စင်း ရှိသည်။ ကော်ဗတ် အမျိုးအစား စစ်ရေယာဉ် ၄ စင်းရှိပြီး နောက်ထက် ၄ စင်း ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားသည်။ ပင်လယ်ပြင် ကင်းလှည့်ရေယာဉ် ၁၁ စင်း၊ အမြန်သွား တိုက်ရေယာဉ် ၉ စင်း၊ ကင်းလှည့် ရေယာဉ် ၁၅ စင်း၊ တော်ပီဒို ရေယာဉ် ၄ စင်း၊ မိုင်းရှင်း ရေယာဉ် ၅ စင်း၊သံချပ်ကာတင် ကမ်းထိုးရေယာဉ် ၅ စင်း၊ တိုင်းတာရေး ရေယာဉ် ၂ စင်းနှင့် လေ့ကျင့်ရေး စစ်ရေယာဉ် ၁ စင်း တို့ရှိကြောင်း သိရှိရသည်။
 Indian aircraft carrier handover slips to fall 2013

တရုတ်တို့ အနေဖြင့် လာမည့် ၅ နှစ်အတွင်း ပြည်တွင်းလုပ် Xisha အမျိုးအစား ရဟတ်ယာဉ်တင် သင်္ဘော ၅ စင်းကို ပိုင်ဆိုင် လာနိုင်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၄င်း ရဟတ်ယာဉ်တင် သင်္ဘောများသည် တန်ချိန် ၂ဝဝဝဝ နှင့် ၃၅ဝဝဝ ကြား၌ ရှိမည်ဖြစ်ပြီး အမေရိကန်တို့ လက်ရှိ အသုံးပြုနေသော တန်ချိန် ၄၁ဝဝဝ နှင့် ၄၅ဝဝဝ ရှိ ရဟတ်ယာဉ်တင် ကမ်းထိုး ရေယာဉ်များနှင့် စွမ်းရည်ချင်း နှိုင်းယှဉ် နိုင်မည်ဟု သုံးသပ် ထားသည်။ ၂ဝ၁၄ ခုနှစ် ဧပြီလတွင် တရုတ်ရေတပ် အနေဖြင့် ၄င်းတို့၏ WZ-10 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် များအား Yuting-2 အမျိုးအစား ကမ်းထိုးရေယာဉ် ပေါ်၌ အောင်မြင်စွာ စမ်းသပ်ပြသ နိုင်ခဲ့သည်။ အနာဂတ်၌ ၄င်း ကမ်းထိုးရေယာဉ် သည် တရုတ်ရေတပ် နှင့် ကမ်းတက်တပ်များ အတွက် အဓိက အနီးကပ် လေကြောင်းပစ်ကူ ပေးရေယာဉ် ဖြစ်လာ နိုင်ဖွယ်ရှိသည်။ ထို့အပြင် Type-095 အမျိုးအစား နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အား ပြည်တွင်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ၄င်း ရေငုပ်သင်္ဘော သည်လက်ရှိ Shang အမျိုးအစား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော များထက် အစွမ်းထက် မည်ဖြစ်ပြီး ရေအောက်မှ မြေပြင်သို့ တိုက်ခိုက်နိုင်မည့် စွမ်းရည်လည်း ပါရှိမည် ဖြစ်သည်။

Bangladesh Navy Ming 035 G Model

 
 Japanese JS Kashima Battleship

တရုတ်တို့၌ အင်အား တောင့်တင်းသော ရေငုပ်သင်္ဘော အုပ်စုများရှိပြီး နျူကလီးယား စွမ်းအင်သုံး တိုက်ချင်းပစ် ဒုံးကျည် သယ်ဆောင် နိုင်သည့် ရေငုပ်သင်္ဘော ၆ စင်း အပါအဝင် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၈ စင်းရှိသည်။ နောက်ထပ် ၁၇ စင်း တည်ဆောက်လျက် ရှိပြီး သမရိုးကျ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၅၁ စင်းရှိကြောင်း သိရသည်။ ရေပြင် တိုက်ခိုက်ရေး ရေယာဉ်များ အနေဖြင့် Liaoning လေယာဉ်တင် သင်္ဘော တစ်စင်းရှိပြီး ပြည်တွင်း၌ပင် လေယာဉ်တင် သင်္ဘော တည်ဆောက် နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ ဖျက်သင်္ဘော Destroyer ၂၃ စင်းရှိပြီး နောက်ထပ် ၁၂ စင်း တည်ဆောက်ဆဲ ဖြစ်သည်။ ဖရီးဂိတ် စစ်ရေယာဉ် ၄ဝ စင်းရှိပြီး နောက်ထပ် ၄ စင်း တပ်တော်ဝင်ရန် ပြင်ဆင်လျက် ရှိသည်။ ကော်ဗတ် စစ်ရေယာဉ် ၆၆ စင်း၊ ကမ်းထိုးရေယာဉ် ၂၆ စင်း၊ ကမ်းထိုး ထောက်ပံ့ရေး ရေယာဉ် ၃ စင်းနှင့် ပြင်ဆင်ရေး ရေယာဉ် ၉ စင်း တို့ရှိကြောင်း သိရှိရသည်။

အိန္ဒိယရေတပ် အနေဖြင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းက K-15 အမျိုးအစား ရေငုပ် သင်္ဘောမှ ပစ်လွှတ်မည့် တိုက်ချင်းပစ် ဒုံးပျံတစ်စီးအား စမ်းသပ်ရေယာဉ် ပေါ်မှ အောင်မြင်စွာ ပစ်လွှတ် နိုင်ခြင်းဖြင့် ရေအောက် နျူကလီးယား တိုက်ခိုက်မှု စွမ်းရည်ကို ထုတ်ဖော်ပြသ နိုင်ခဲ့သည်။ ၂ဝ၁၄ ဖေဖော်ဝါရီလ ၌မူ အဆင့်မြှင့်တင် ထားသော k-4 တိုက်ချင်းပစ် ဒုံးပျံအား ၁၈၈၉ နော်တီကယ်ပိုင် ၃၅ဝဝ ကီလိုမီတာ ထိ ရောက်ရှိအောင် ပစ်လွှတ် နိုင်ခဲ့သည်။ ၄င်း စမ်းသပ်မှုတို့မှ အိန္ဒိယတို့ အနေဖြင့် ၄င်းပိုင် Arihant အမျိုးအစား နျူကလီးယား စွမ်းရည် ရေငုပ်သင်္ဘောကို အသုံးပြု၍ ပင်လယ်ပြင် အခြေပြု နျူကလီးယား ဟန့်တားရေး မဟာဗျူဟာကို ကောင်းစွာ အသုံးပြု နိုင်ကြောင်း သက်သေပြ ခဲ့ပါသည်။ Arihant ရေငုပ်သင်္ဘော သည် K-4 နှင့် K-15 နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံး နှစ်မျိုးလုံး တပ်ဆင် တိုက်ပွဲဝင် နိုင်ကြောင်း သိရှိရသည်။ ၂ဝ၁၄ ခုနှစ်အတွင်း အိန္ဒိယရေတပ် နှင့် အစ္စရေး ရေတပ်တို့၏ ပူးပေါင်း ဆောင်ရွက်မှု သည်လည်း မြင့်မား လာခဲ့ပြီး ဇူလိုင်လ အတွင်းက အိန္ဒိယရေတပ် လေယာဉ်တင် သင်္ဘော INS Uikramaditya အတွက် လိုအပ်နေသည့် အစ္စရေးလုပ် Barak-8 အမျိုး အစား တာဝေးမြေပြင်မှ ဝေဟင်ပစ် ဒုံးစနစ်ကို အမြန်ဆုံး လွှဲပြောင်း ပေးနိုင်ရေး စီစဉ်ခဲ့သည်။

အိန္ဒိယရေတပ်၌ နျူကလီးယား စွမ်းအင်သုံး တိုက်ချင်းပစ် ဒုံးပျံတင် ရေငုပ်သင်္ဘော ၁ စင်း၊ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁ စင်း၊ သမားရိုးကျ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁၄ စင်း ပါဝင်သော ရေငုပ်သင်္ဘော အင်အားစု ရှိသည်။ ရေပြင် တိုက်ခိုက်ရေး ရေယာဉ်များ အနေဖြင့် Centaur အမျိုးအစား လေယာဉ်တင် သင်္ဘော ၁ စင်း၊ Kiev အမျိုးအစား လေယာဉ်တင် သင်္ဘော ၁ စင်းရှိသည်။ ဖျက်သင်္ဘော ၉ စင်း၊ ဖရီးဂိတ် သင်္ဘော ၁၅ စင်း၊ ကော်ဗတ် စစ်ရေယာဉ် ၂၅ စင်း၊ ကမ်းထိုးရေယာဉ် ၉ စင်း၊ ကမ်းထိုး ထောက်ပံ့ရေး ရေယာဉ် ၁ စင်း၊ မိုင်းရှင်း ရေယာဉ် ၇ စင်း၊ ကင်းလှည့် ရေယာဉ်မျိုးစုံ ၃၆ စင်း၊ ပြင်ဆင်ရေး ရေယာဉ် ၄ စင်း၊ တိုင်းတာရေး ရေယာဉ် ၁ဝ စင်းနှင့် တွန်းသင်္ဘော ၁၈ စင်း တို့ရှိကြောင်း သိရှိရသည်။

ထိုင်းဘုရင့် ရေတပ်မတော် ၌ ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်း မရှိသေးသော်လည်း အနာဂတ်၌ ပိုင်ဆိုင်နိုင်ရေး တိကျသေချာသော စီမံချက်နှင့် လုပ်ဆောင်ချက်များ ရှိပြီး ဖြစ်ပါသည်။ ၄င်းတို့၏ ရေငုပ် သင်္ဘောအုပ်စု တပ်စွဲ ထားရှိမည့် Sattahip ရေတပ်စခန်း သည် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ တည်ဆောက် မှုအပြီးသတ်မည် ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ်၊ မေလ၌ ဂျာမဏီနိုင်ငံ က ထိုင်းရေတပ်မှ ရေငုပ်သင်္ဘော သင်တန်းသား များသည် စစ်ဆင်ရေး အတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါသည်။

ထိုင်းဘုရင့် ရေတပ်၌ Chakri Naruebet အမျိုးအစား လေယာဉ်တင် သင်္ဘော ၁ စင်း၊ ဖရီးဂိတ် စစ်ရေယာဉ် ၈ စင်း၊ ကော်ဗတ် စစ်ရေယာဉ် ၇ စင်း၊ ကင်းလှည့် ရေယာဉ် ၂၂ စင်း၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ၉ စင်း၊ လေ့ကျင့်ရေး ရေယာဉ် ၁ စင်း၊ ကမ်းထိုး ရေယာဉ် ၁၁ စင်း၊ ထောက်ပံ့ရေး ကမ်းထိုးရေယာဉ် ၁ စင်း၊ ပြင်ဆင်ရေး ရေယာဉ် ၉ စင်း၊ မိုင်းရှင်း ရေယာဉ် ၇ စင်း၊ တိုင်းတာရေး ရေယာဉ် ၃ စင်း နှင့် တွန်း သင်္ဘော ၆ စင်းတို့ ရှိကြောင်း သိရသည်။

ပိုင်နက် ပင်လယ်နှင့် ပင်လယ်ကမ်းခြေ ဒေသများ၊ အဖိုးတန် သယံဇာတ များကို ကာကွယ် နိုင်ရန်အတွက် စွမ်းရည်ရှိသော ရေတပ် အင်အားစု တစ်ခု တည်ဆောက် ထားရန် မလွဲမသွေ လိုအပ်ပါသည်။ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများ အနေဖြင့် ၄င်းတို့၏ ရေတပ်အင်အား ကို တိုးချဲ့လျက် ရှိကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ခေတ်မီအောင် ဆောင်ရွက် နေသည်ကို လေ့လာသိရှိ ရပါကြောင်း ရေးသား လိုက်ရပါသည်။

#PyiChitThar

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။