/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 17, 2014

.

လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်းဖြစ်ရန် ပါဝင်ခဲ့ခြင်း ဖြစ်သော်လည်း တိုင်းပြည်မတည်ငြိမ် မအေးချမ်းပါက စစ်တပ်မှ အာဏာသိမ်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား



လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်းရန် ပါဝင်ခဲ့ခြင်း ဖြစ်သော်လည်း တိုင်းပြည်မတည်ငြိမ် မအေးချမ်းပါက စစ်တပ်မှ အာဏာသိမ်းရမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲ ကော် မရှင်နှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ တွေ့ဆုံပွဲ၌ ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် အာဏာသိမ်းရသည်ဆိုသည့် ခိုင်လုံသည့် အကြောင်းပြချက် ရှိနေကြောင်း၊ အကြောင်းပြချက်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်ရေးရပြီးနောက် ခွဲထွက်ရမည်ဆိုသည့်အချက် ပါဝင်နေကြောင်း၊ ခွဲထွက်မည်ကို စိုးရိမ်သဖြင့် တပ်မတော်မှ အာဏာသိမ်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ဟုသာ ပြော၍ရကြောင်း ပြောကြားသည်။

ထို့နောက် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီမှ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာခဲ့ကြောင်း၊ ၎င်းဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်ကို ဆိုရှယ်လစ်စနစ်ဖြင့် ဆိုရှယ်လစ်လူ့ဘောင် ထူထောင်နိုင်ရန် တွေးခေါ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆိုရှယ်လစ်စနစ်သည် မူဝါဒ သဘော တရား ကောင်းသော်လည်း အကောင်အထည်ဖော်သူများ၏ အားနည်းမှုကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ထို့နောက် တိုင်းပြည် ကဏ္ဍအရပ်ရပ်မှ ကျဆင်းမှုများ ဖြစ်ပေါ်လာကာ ၁၉၈၈ ခုနှစ် အရေး အခင်း ဖြစ်ပွားခဲ့ကြောင်း ဦးတင်အေးက ပြောကြားသည်။

အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်က စစ်တပ်မှာ သူ့ဘာသာ သူ နေတာပဲ။ တည်ငြိမ်အေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာလည်း မလိုဘူး။ သူ့နေရာသူ နေမှာပဲ။ မတည်ငြိမ် မအေးချမ်းလာရင် စစ်တပ်က အာဏာသိမ်းရမှာပဲ။ အဲဒါ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းမှုအတွက် လုပ်ရမယ်။ ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဆူဆူပူပူ မဖြစ်ဘူး။ ဆူဆူပူပူ ဖြစ်လာရင် အာဏာပြန်သိမ်းမယ်။ တည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ပါတီတွေ . . . . .

“အဲဒီအချိန်မှာ အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးက ခေါင်းဖြတ်သတ်တဲ့ အခြေ အနေ ဖြစ်ပွားခဲ့တယ်။ အုပ်ချုပ်မှုစနစ် မရှိတော့ဘူး။ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ တပ်မတော်ကို ထိပါး လာတယ်။ ဒါကြောင့် မလွှဲရှောင်သာလို့ အာဏာသိမ်းလိုက်ရတယ်။ ပစ်ခတ်ပြီး ထိန်းသိမ်းခဲ့တဲ့ တပ်မတော်က အာဏာလွှဲပေးချင်လို့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ NLD နိုင်ပါတယ်။ အာဃာတတရား ရှေ့ထားတဲ့အခါ ကျတော့ ကျွန်တော်တို့က အာဏာလွှဲလို့ မရဘူး။

အာဏာလွှဲဖို့ဆိုရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကြရအောင်ဆိုပြီး အမျိုးသားညီလာခံကို ခေါ်ခဲ့ တယ်။ ၁၉၉၃ ခုနှစ်မှာစပြီး ၁၉၉၆ ခုနှစ်မှာ ပျက်သွားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှ ရမယ်ဆိုပြီး ၁၉၉၆ ခုနှစ်မှာ ရပ်သွားခဲ့တဲ့ဟာကို ၂ဝဝ၆ မှာ ပြန်စနိုင်ပါတယ်။ ၂ဝဝ၈ မှာပြီးလို့ လူထုဆန္ဒခံယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာတယ်” ဟု ဦးတင်အေးက ပြောကြားသည်။

ဆက်လက်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေရှိမှ အာဏာလွှဲလို့ ရမယ်။ အာဏာလွှဲလို့ရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာခဲ့တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာ ကျွန်တော်တို့ အစောကြီးကတည်းက သိပါတယ်။ ကျွန်တော်တို့ လွှဲထားတဲ့ နိုင်ငံတော်ကြီးက ကျွန်တော်တို့ ဒီမိုကရေစီ အပြည့်ပေးထားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရေချိန် အဆင့်လိုက် ပေးသွားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းနည်းတင်းကျပ်ထားတာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာလွှဲပြီးနောက်ပိုင်း သိပ်လွတ်လပ်သွားလို့ရှိရင် Unity Balance ပျောက်သွားမှာ စိုးရိမ်ပါတယ်။ ဘာကြောင့်လဲ မေးစရာရှိပါ တယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရတယ်။ ၂ဝဝ၈ မှာ ဖွဲ့စည်းပုံပြီးတယ်။ နှစ်ပေါင်း ၆ဝ မှာ လူထုအုပ်ချုပ်တာ ၁၄ နှစ်ပဲ ရှိတယ်။ ကျန်တာ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တယ်။ ဘာပြောပြော တပ်မတော်အစိုးရ တစ်ပါတီ စနစ်အောက်မှာ နေရတဲ့အတွက် ကျေနပ်နိုင်စရာအကြောင်း မရှိဘူး။ ကျေနပ်နိုင်စရာအကြောင်း မရှိတဲ့ အတွက် ဝုန်းဆိုဖွင့်ပေးလိုက်လို့ရှိရင် Balance Out သွားမယ်။ ဒါကြောင့် Guided Democracy ဆိုပြီး ဖွင့်ပေးခဲ့တယ်။ ဒါဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ လိုကိုလိုပါတယ်။ ဒါ့ကြောင့် အခန်း ၁၂ ဘယ်လိုပြင် ပါဆိုပြီး ကျွန်တော်တို့ ရေးခဲ့တယ်။ ရေးခဲ့ပြီး ကျွန်တော်တို့ လွှဲပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီရေချိန်အရ ပြင်ကိုပြင်ရမှာပဲ” ဟု ဦးတင်အေးက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “ကျွန်တော် ခဏခဏ ပြောပါတယ်။ တပ်မတော် ဘာကြောင့် ပါနေလဲ။ ဒီခါးသီးတဲ့ အတွေ့အကြုံတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်က စစ်တပ်မှာ သူ့ဘာသာ သူ နေတာပဲ။ တည်ငြိမ်အေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာလည်း မလိုဘူး။ သူ့နေရာ သူ နေမှာပဲ။ မတည်ငြိမ် မအေးချမ်းလာရင် စစ်တပ်က အာဏာသိမ်းရမှာပဲ။ အဲဒါ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းမှုအတွက် လုပ်ရမယ်။ ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဆူဆူပူပူ မဖြစ်ဘူး။ ဆူဆူပူပူ ဖြစ်လာရင် အာဏာပြန်သိမ်းမယ်။ တည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ပါတီတွေ ဆောင်ရွက် ရမယ်လို့ ကျွန်တော်ဒီလိုပဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက တည်ငြိမ်အေး ချမ်းအောင် စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာက ပြောကြေးဆိုရင် အာဏာပြန်မသိမ်းနိုင်အောင်၊ အာဏာပြန်မသိမ်းဖြစ်အောင် လွှတ်တော်ထဲမှာ ဝင်ပြီးထိန်းပေးမယ်ဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ ပါခဲ့တာပါ။ ဒီမိုကရေစီ ရေချိန်မြင့်လာတာနဲ့ သူတို့ထွက်သွားရမှာပဲ။ ဒီလို ကျွန်တော်တို့ ရှိပါတယ်” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီလို ပြောကြား ချက်တွေက လက်ရှိဒီမိုကရေစီစနစ်ကို ဖြစ်ဖြစ်မြောက်မြောက် သွားမယ်လို့ပြောနေ တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ တိုင်းပြည် အနာဂတ်အတွက် မကောင်းဘူး လို့ ပြောရမှာပဲ” ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၌ စစ်တပ်က ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူပြီးနောက် တစ်ပါတီ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်လည်း စစ်တပ်က နောက်တစ်ကြိမ် ထပ်မံ အာဏာသိမ်းခဲ့သည်။ ထိုကဲ့သို့ စစ်တပ်အာဏာသိမ်းစဉ် ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် မြေပေါ်မြေအောက် သယံဇာတများ စီမံ ခန့်ခွဲမှု အလွဲများကြောင့် ဆုံးရှုံးမှုများခဲ့ပြီး သစ်တောဖုံးလွှမ်းမှု ပမာဏမှာ ၁၉၆၂ ခုနှစ်ဝန်းကျင် က နိုင်ငံဧရိယာ ရာခိုင်နှုန်း ၆၅၊ ၇ဝ ခန့်ရှိရာမှ ယခုအခါ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်အထိ ကျဆင်းခဲ့သည်ကို ဥပမာအဖြစ် တွေ့မြင်နိုင်သည်။ ထို့အတူ ၁၉၆၂ ခုနှစ် အာဏာမသိမ်း မီက မြန်မာနိုင်ငံသည် အာရှတွင် ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံမှာ တဖြည်းဖြည်း တိုးတက်မှု ကျဆင်းကာ လက်ရှိတွင် အရှေ့တောင်အာရှ အဆင်းရဲဆုံး နိုင်ငံများတွင် ပါဝင်နေသည်။ ထို့ပြင် နိုင်ငံတွင်း အလုပ်အကိုင် ရှားပါးမှု အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ပြောင်းရွှေ့သွားသူမှာ ခြောက်သန်းခန့်အထိ ရှိနေ သည်။ လတ်တလော အခြေအနေများအရ လူထုအတွင်း အာဏာသိမ်းမည်ဟူသော သတင်းစကားများ ထွက်ပေါ်နေသလို ထိုသို့ဖြစ်မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိအစိုးရကိုလည်း အရပ်သားအစိုးရ စစ်စစ်အဖြစ် ရှုမြင်ခြင်းမရှိဘဲ စစ်တပ်တစ်ပိုင်း အစိုးရအဖြစ် ထင်မြင်ယူဆသူများ ရှိနေကြောင်း သိရသည်။

- See more at: http://news-eleven.com/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။