/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 9, 2014

.

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် လှည့်ဖြား စည်းရုံးခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင် ခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပြည်သူလူထုကို လှည့်ဖြားခြင်း မဟုတ် ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။


ဇွန်လ ၇ ရက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ နယ် ဒို့ရိုးရာခန်းမတွင် ပြုလုပ်သော NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ပါတီ တစ်ခုတည်းရဲ့ အကျိုးကို ကြည့်ပြီး အခြေခံဥပဒေကို ပြင်ဆင်တာလို့ စွပ်စွဲ ပြောဆိုတာတွေ ရှိနေပါတယ်။ ဘယ်ရွေးကောက်ပွဲကိုဖြစ်ဖြစ် ရင်ဆိုင်တဲ့အခါ အဓိကကျတာ ပြည်သူလူထုနဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ လှည့်ဖြားတဲ့ ဆက်ဆံရေး ဘယ်တော့မှ မရှိဘူး။ ကျွန်မ ရဲရဲကြီး ပြောရဲပါတယ်။ NLD ပါတီက ဘယ်တုန်းကမှ ပြည်သူကို မလှည့်ဖြားခဲ့ဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု သြဇာ လွှမ်းမိုးစေရန် ပြင်ဆင်ပြီး လွတ်လပ်စွာ ရွေးချယ်နိုင်ရန်သာ အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒပြု လက်မှတ်များကို မေလ ၂၇ ရက်မှ စတင်ကာ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကောက်ခံနေသည့်အပြင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးတွဲကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်မည်ဟု ပြောဆိုထားသော်လည်း NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒပြုလက်မှတ် ကောက်ခံခြင်းသည် ပြင်ဆင်ရေး အကြောင်းပြ မဲဆွယ်စည်းရုံးခြင်း ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ပြောဆိုထားသည်။

ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့က ပြောကြားထားသောကြောင့် NLD ပါတီ၏ လုပ်ဆောင်ချက် များသည် ပြည်သူလူထုအားကို ဖြုန်းတီးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။ “မပြင်ဘူးလို့ ငြင်းနေတာ တစ်ယောက်မှ မရှိဘူး။ NLD ပါတီ ပြင်ဆင်ရေး ဆန္ဒကောက်ခံတာဟာ ၂၀၁၅ အတွက် အကြို အားစမ်းတာပဲ” ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအနက် လစ်လပ်မဲဆန္ဒ နယ် ၄၄ နေရာအနက် ၄၃ နေရာတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်အတွင်း ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများ အသီးသီး တည်ထောင်လာကြသော ကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်များ၌ NLDပါတီက အပြတ်အသတ်အနိုင်ရရှိရန် မလွယ်ကူတော့ ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ပြောဆိုကြသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။