/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 9, 2014

.

ဒေါ်စု နှင့် တပ်မတော်



ဒေါ်စုနဲ့ တပ်မတော် အပြန်အလှန် သဘောထား အမြင် ကြည်လင်ရေး၊ ယုံကြည်မှုတည်ဆောက် နိုင်ရေး တို့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်း ရေးအတွက် အရေးကြီး လှတဲ့ အခြေခံ လိုအပ်ချက် တွေထဲမှာ အဓိက ကျတဲ့ အချက် ဖြစ်ပါတယ်။ဒေါ်စု ဟာ လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ဒေါ်စုနဲ့ တပ်မတော် တို့ နွေးထွေးချစ်ကြည်တဲ့ ဆက်ဆံရေး ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်တာနဲ့ တစ်ပြိုင် နက်ထဲမှာ ဒီမိုကရေစီပေါ်ပေါက်လာပြီး တဲ့အချိန်ကိုရောက်ရင် အဲဒီဒီမိုကရေစီဟာ မပျောက်မပျက် ခိုင်ခိုင်မာမာတည်တံ့ဖို့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ လူထုနဲ့တပ်မတော် ပြန်လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ပြီးသားဖြစ်မှာဖြစ်လို့ ဒီကိစ္စဟာဘယ်လောက် အရေးပါတယ်ဆိုတာ အထွေအထူး ပြောဖို့ မလိုလှပါဘူး။


ဒ်ါစုကိုယ်တိုင်လည်း တပ်မတော်နဲ့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ လိုလားကြောင်းပြောဆိုခဲ့ဖူး တာတွေ ရှိပါတယ်။အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ဆိုတဲ့ကိစ္စဟာလည်း မူဝါဒတစ်ရပ်အနေနဲ့ နှစ်ဘက်စလုံးမှာ အမှန်တစ်ကယ်ရှိနေပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နည်းဗျူဟာ ဆိုင်ရာ အားနည်းချက် တချို့ကြောင့် လောလောဆယ်ဖြစ်ပျက်နေတဲ့ နိုင်ငံရေးမိုးသက် လေပြင်းများက ဒေါ်စုနဲ့ တပ်မတော် နီးကပ်တဲ့ ဆက်ဆံရေးတစ်ရပ်တည်ဆောက်နိုင်ရေးကိစ္စ နောက်ကိုဆုတ်သွားစေတယ် လို့ မပြောနိုင်ရင်တောင်မှ ရှေ့ကို တိုးတက်ဖို့ ခက်ခဲစေတယ်လို့ ရှုမြင် သုံးသပ်ရပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့ တိုင်းတာကြည့်ရင် လောလောဆယ် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်း နေတဲ့ ကာလမှာ ဒေါ်စု ပြောတာဆိုတာတွေဟာ မှားယွင်းနေပါတယ်လို့ ပြောဆိုဖို့ ခက်ခဲပါတယ်။

ဥပမာ ကာကွယ်ရေးဦးစီးချုပ်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့မသက်ဆိုင်ကြောင်း၊ တပ်မတော်ဟာ မိမိမူလတာဝန်ကိုထမ်းဆောင်ဖို့ ဆောင်ရွက်သင့်ကြောင်း ပြောဆိုမှုများဟာ ဒီမိုကရေစီ စံနှုန်း တွေအရဆိုရင် လျော်ညီမှုရှိတယ်လို့ဆိုရပါလိမ့်မယ်။ တပ်မတော်ဆိုတာက နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို တာဝန်ယူရမယ်ဆိုတာ သဘောတရားအရ မှန်ကန်တဲ့အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ပကတိအခြေအနေမှာတော့ တပ်ကို သူ့ရဲ့မူလတာဝန်ကို ထမ်းဆောင်စေဖို့၊ တစ်နည်းအားဖြင့် နိုင်ငံရေးတာဝန်များကို စွန့်လွှတ်စေဖို့ဆိုတာ ချက်ချင်းလက်ငင်း ဘယ်လိုမှ အကောင်အထည်ဖော်လို့မရ နိုင်ဘူးဆိုတဲ့ အနေအထားကြောင့် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးအတွက် အရေးကြီးဆုံး အခြေခံလိုအပ်ချက်တွေထဲကတစ်ခု ဖြစ်တဲ့ ဒေါ်စုနဲ့ တပ်အကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်ဖို့ကိစ္စဟာ လောလောဆယ် အတိုက်အခံတို့ရဲ့ ပြင်ဆင်ရေးဆိုင်ရာ နည်းဗျူဟာအားနည်းချက် များကြောင့် နည်းနည်းပိုအလှမ်းဝေးသွားတယ်ဆိုတာ စိတ်မချမ်းမြေ့စရာ အချက်အလက်အသစ်တစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

တပ်မတော်က နိုင်ငံရေးနယ်ပယ်ထဲမှ လုံးဝအပြီးအပိုင် ဆုတ်ခွာရေးဆိုတာ ပြောရရင် ဒီမိုကရေစီ တည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ကိစ္စပါပဲ။ တပ်မတော်သာ နိုင်ငံရေးနယ်ပယ်ထဲ မရှိတော့ရင် ဒီမိုကရေစီရပြီလို့ သာမန်အားဖြင့် ပြောလို့ရပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီအပြည့်အဝ ထွန်းကားရေးအတွက် လောလောဆယ်မှာ ဘက်ပေါင်းစုံလိုအပ်ချက်တွေက ရှိနေသေးတာဖြစ် လေတော့ တပ်မတော်ကို နိုင်ငံရေးကနေဖယ်ရှားရေးကိစ္စကို တခြားသော အခြေခံ လိုအပ်ချက်များ တည်ဆောက် ရေးကို လုပ်ကိုင်ကြရင်းနဲ့ တွဲပြီးလုပ်ကိုင်ဆောင်ရွက်သွားကြဖို့ဆိုတဲ့ နည်းလမ်းတစ်ခုထဲကသာ မြန်မာနိုင်ငံရဲ့ ခိုင်မာတဲ့ အနာဂါတ်အတွက် အာမခံချက်ရှိနိုင်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ တပ်မတော်က နိုင်ငံရေးတာဝန်တွေမယူတော့တာနဲ့ဒီမိုကရေစီ သေချာပေါက် ဖြစ်ထွန်းပြီလို့ ပြောလို့ မရသေးတာအမှန်ပါ။တပ်ကိုနိုင်ငံရေးထဲကနေဖယ်ရှားရေးအတွက် တပ်ကို တွန်းထုတ်တဲ့နည်းလမ်းထက် တပ်ကို လက်ချင်းတွဲလိုက်တဲ့နည်းလမ်းကသာ ပိုပြီး လက်တွေ့ကျပြီး ထိရောက်မှုလည်း ရှိမယ်ဆိုတဲ့ အယူ အဆဟာလူကြိုက်အလွန်နည်းပြီး ဖန်တစ်ရာတေအောင်ပြောနေဆိုနေကြတဲသူ တချို့တလေ ရှိပေမယ့်၊ နိုင်ငံရေးနယ်ပယ်မှာလက်တွေ့ကျကျ လက်ခံကျင့်သုံးဖို့လည်း အလွန်မတန်မှ တွန့်ဆုတ် နေကြပေမယ့် ပကတိအခြေအနေနဲ့ ကိုက်ညီလွန်းနေပြီး အတိုက်အခံ တော်တော်များများအတွက် အလွန် ခါးသက်တဲ့ အမှန်တရားဖြစ်ပါတယ်။

တပ်မတော်ကို လက်တွဲဖို့၊ စိတ်ရှည်သည်းခံဖို့ ၊အချိန်ကို လိုအပ်သလောက်ယူကြဖို့ ပြောဆိုနေကြသူ များဟာ စစ်တပ်နဲ့ပေးစားခံရလေ့ရှိပြီး တပ်မတော်က တစ်စုံတစ်ရာ ထောက်ပံ့ပေးကမ်း စွန့်ကြဲတာရယူနေတဲ့ ဒီမိုကရေစီကိုသစ္စာဖောက်နေကြသူများအဖြစ်လည်း ကင်ပွန်းတပ်ကြလေ့ ရှိပေမယ့် တစ်ကယ်တော့ တပ်ဘက်ကရော အရပ်ဘက်( အတိုက်အခံဘက်)ကပါ သံသယနဲ့ဆက်ဆံခံကြရတတ်ပြီး အဲဒီလူတွေကလည်း တခြားသူတွေလိုပဲ နိုင်ငံနဲ့လူထုကို ချစ်မြန်နိုးကြသူများဖြစ်တယ်ဆိုတာ လက်ခံတဲ့သူနည်းလှပါတယ်။ဒီမိုကရေစီလို့သာ ပြောဆိုနေကြပေမယ့် အယူအဆကွဲလွဲသူများဟာ အမျိုးသားသစ္စာဖောက်များ အဖြစ်တောင်မှ စွပ်စွဲခံကြရတတ်တဲ့ အခြေအနေပါ။ အဲဒီလူတွေက တစ်ကယ်တော့ အတိတ်က ခါးသီးတဲ့ အဖြစ်အပျက်တွေကို သင်္ခန်းစာယူရုံထက်ပိုပြီး စိတ်ထဲမှာ မထားကြတော့ဘဲ လက်တွေ့ကျကျ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ တပ်မတော်အပါအဝင် နိုင်ငံသားအားလုံးလက်တွဲပြီး နိုင်ငံတော်သစ်ပြန်လည်တည်ဆောက်ရေးကို ယုံကြည်ကြသူများသာ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံရေးထဲ မှာ ပါဝင်နေတုန်းပဲ ဆိုတဲ့ အချက်ကို ဒီမိုကရေစီနဲ့ မကိုက်ညီသေးမှန်းသိပေမယ့် တပ်မတော်ဟာ အတိတ်က ခေါင်းဆောင်များရဲ့ လုပ်ပုံကိုင်ပုံ လွဲချော်မှု များအတွက် နိုင်ငံနဲ့လူထုကို ပြန်လည်ပေးဆပ် အလုပ်အကြွေးပြုရင်း ဒီမိုကရေစီ တည်ဆောက် ရေးလုပ်ငန်းကြီးမှာ တက်ကြွသည်ထက်တက်ကြွစွာပါဝင်အားထုတ်လာကြမယ်လို့ ( ပြသနာတွေ အခက် အခဲ တွေ ကြားကပဲ) ယုံကြည်မှု ထားဖို့ကြိုးစားနေကြသူများသာဖြစ်ပါတယ်။

တစ်ကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ တပ်မတော်ကိုယ်တိုင်က ရပ်တည်ချက် ပြောင်းသွားတယ်ဆိုတာ သေသေချာချာကြည့်ရင် အထင်းသားမြင်တွေ့ နိုင်ပါတယ်။ အရင်လို စစ်အာဏာရှင်အုပ်ချုပ်ရေးကို ကျားကန်ပေးရတဲ့တပ် မဟုတ်တော့ပါဘူး။ စစ်အာဏာရှင်လက်ထက်က တိုင်းပြည် အစစအရာရာ နိမ့်ကျစေအောင် တစ်လွဲစီမံခန့်ခွဲခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာလည်း တပ်မတော်ထဲမှာ မရှိတော့ပါဘူး။ပြည်သူလူထုကိုလည်း တရားလွန် ဖိနှိပ်ချုပ်ချယ်ထားတာမရှိတော့ပါဘူး။ လက်ရှိ ခွင့်ပြုထားတဲ့ လွတ်လပ်ခွင့်တွေဟာ စံနှုန်းပြည့်မဟုတ်သေးပေမယ့် စစ်အာဏာရှင်ခေတ်များနဲ့နှိုင်းယှဉ်ကြည့်ရင် များစွာကွာခြားတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တပ်မတော်ကိုယ်တိုင်က အခြေခံဥပဒေပြဌာန်းချက်များကို တစ်သွေမတိမ်းလိုက်နာပြီး အရပ်သားပုံစံအစိုးရရဲ့ ဦးဆောင်မှုအောက်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

လက်ရှိအစိုးရက စစ်သားဟောင်းတွေပဲ ဆိုတာမှန်ပါတယ်။ ဒါပေမယ့် စနစ်ကို ကြည့်တတ်ဖို့လိုပါတယ်။ စနစ်ပြောင်းသွားပြီဆိုတာ လက်ခံဖို့လိုပါတယ်။ စနစ်ကောင်းသွားပြီလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။စနစ်ကောင်းဖို့ဆိုတာလည်း အခြေခံဥပဒေကို ပြင်ပြီး စစ်သားတွေကို လွှတ်တော်ထဲက မောင်းထုတ်လိုက်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ လုပ်စရာတွေက တစ်ပုံတစ်ပင်ရှိနေပါသေးတယ်။ institution တွေ မခိုင်မာသေးပဲ ဒီမိုကရေစီမခိုင်မာဘူးဆိုတာ ငြင်းမရတဲ့ အမှန်တရားပါ။လောလောဆယ်ပြောင်းသွားတဲ့စနစ်ကိုလက်တွေ့ကျကျ ကောင်းမွန်စွာအသုံးချတတ်ကြဖို့ လိုပါတယ်။ စနစ်အရ အရပ်သားစစ်စစ်ပါတီတွေက ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့နိုင်ပါပြီ။ အဲဒီအစိုးရရဲ့လက်အောက်မှာ တပ်မတော်က တာဝန်ထမ်းဆောင်ရမယ်ဆိုတာ ပြဌာန်းထားပြီဖြစ်ပါတယ်။ တပ်မတော်က ရယူထားတဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်တွေအတွက် နှစ်ဘက် ယုံကြည်မှုတည်ဆောက်နိုင်သလောက် တပ်ဘက်က တဖြည်းဖြည်းလျှော့ချသွားမယ်ဆိုတာ ကတိကဝတ်များပေးထားသလို ဒီကတိကဝတ်တွေကို အရင်ဆုံး စိတ်ရှည်ရှည်ထားပြီး လက်ခံစဉ်းစားသင့်တဲ့ အခြေအနေအချိန်အခါကိုရောက်နေပါပြီ။

ဒေါ်စုအနေနဲ့ တပ်မတော်ကို စိန်ခေါ်ပါတယ်ဆိုတဲ့စကားနဲ့ တပ်ကို ခပ်မာမာဆက်ဆံလိုက်ခြင်းက နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ လူထုအတွက်တော့ သာမန်အားဖြင့် ကျေနပ်စရာလို့ထင်ရပေမယ့် မြန်မာ့နိုင်ငံရေးကောင်းမွန်ဖို့ အခြေခံလိုအပ်ချက်ကြီးဖြစ်တဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးရရှိဖို့အတွက်ကတော့ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်စေတာ အမှန်ပါ။ တပ်မတော်ကို နိုင်ငံရေးထဲကနေ ထွက်သွားဖို့ မောင်းထုတ်နေခြင်းဟာ တပ်မတော်က နိုင်ငံရေးထဲမှာ ကြာသင့်တာထက်ပိုကြာနေဖို့ အခြေအနေတစ်ရပ်ကို ဖန်တီးသလိုဖြစ်နိုင်ပါတယ်။ လူထုရှေ့ကရပ်နေတဲ့ လူထုခေါင်းဆောင်နဲ့ တပ်မတော် ရင်းနှီးချစ်ခင်မှုမရသေးဘဲ လူထုနဲ့တပ်မတော် ချစ်ခင်စည်းလုံးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီတော့ တပ်နဲ့ပြည်သူ ကြည်ဖြူဖို့ နောက်ထပ် ဆယ်စုနှစ်များစွာ အချိန် လိုအပ်လာပါလိမ့်မယ်။

လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းကို စဉ်းစားပုံစဉ်းစားနည်းက လတ်တလော နိုင်ငံရေးမိုးသက်လေပြင်းတွေကိုပေါ်ပေါက်စေတာဖြစ်ပါတယ်။ ( အရပ်သားပါတီမှ ကိုယ်စားလှယ်များ ၇၅ ရာခိုင်နှုန်း + တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ) လို့ တရားသေ တွက်ချက်နေကြခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ကယ်တမ်းက အရပ်သားပါတီများက ကိုယ်စားလှယ်တချို့ နဲ့ တပ်ကိုယ်စားလှယ်များ ၇၅ ရာခိုင်နှုန်း + အရပ်သားပါတီများမှ ကိုယ်စားလှယ်အချို့ ၂၅ ရာခိုင်နှုန်း ဆိုတာမျိုးကိုလည်း alternative စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုရင်တော့ တပ်ကိုလုံးဝ မယုံကြည်ဘူးဆိုတဲ့သဘောပါပဲ။ စိတ်ရှည်သည်းခံမှုဟာ မြန်မာ့နိုင်ငံရေးကောင်းဖို့ သော့ချက်တစ်ခုဖြစ်နေပါတယ်။ စိတ်ရှည်သည်းခံပြီး တပ်မတော်ကို ယုံကြည်မှုမထားနိုင်ရင် တပ်ရဲ့ စိုးရိမ်မှုများကို လျှော့ချနိုင်ခြင်းရှိမှာမဟုတ်ဘဲပိုလို့သာ တိုးပွားလာစေမှာဖြစ်ပါတယ်။ နိုင်ငံရေး အရ ရှေ့မတိုးနောက်မဆုတ်အခြေအနေ ( Political Stagnation ) ကို ဦးတည်သွားနိုင်ပါတယ်။

၂၀၁၅ မှာ မဲဆန္ဒနယ် အားလုံးနီးပါးလောက် ကို NLD နဲ့ တိုင်းရင်းသားပါတီများ က နိုင်ဖို့ အခြေအနေက အလွန်အားကောင်းနေခြင်းကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အဓိက ပစ်မှတ်ထားနေခြင်းက လုပ်နည်းလုပ်ဟန်( နည်းဗျူဟာ )မှားယွင်းမှုဖြစ်ပါတယ်။ တစ်ကယ်တမ်း အာဏာကိုရယူထားတာက ( အာဏာရပါတီက ) အရင်စစ်အာဏာရှင်ခေတ်က ခေါင်းဆောင်ဟောင်းများဖြစ်ပြီး တပ်မတော်က အနာဂါတ်မှာ နိုင်ငံတော်အတွက် မဖြစ်မနေ လိုအပ်တဲ့ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးလည်းဖြစ်တဲ့ Institution တစ်ခုသာဖြစ်ပါတယ်။ အတိုက်အခံတို့အနေနဲ့ အခြေခံဥပဒေအရ တပ်ကရော အာဏာရပါတီကပါ တားဆီးပိတ်ပင်လို့မရနိုင်တဲ့ အကောင်းဆုံးနည်းလမ်း(ရွေးကောက်ပွဲနိုင်ရေး)ကို ဒုတိယဦးစားပေးအဖြစ်စဉ်းစားပြီး လောလောဆယ်ကျော်လွှားရခက်ခဲတဲ့တပ်နဲ့လည်းထိပ်တိုက်တွေ့နိုင် နှစ်ဘက်အမြင်လွဲမှားနိုင်တဲ့ နည်းလမ်းကို ပထမဦးစားပေးစဉ်းစားခြင်းက အတိုက်အခံနိုင်ငံရေးအင်အားစုများရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို အလေအလွင့်ဖြစ်စေမှာဖြစ်ပါတယ်။ဥပဒေကြောင်းအရ စဉ်းစားရင်လည်း အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ဆွေးနွေးပြီးဖြစ်တာကြောင့် လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်တဲ့ အချိန်အထိ စောင့်ကြည့်သင့်ပါတယ်။ တပ်က ဒေါ်စုပြောသလို အာဏာကို ရယူထားတယ်ဆိုတာ ၂၀၁၀ နောက်ပိုင်းကာလမှာတော့ လုံးလုံးမှန်တဲ့ အခြေအနေတစ်ခုမဟုတ်တော့ပါဘူး။ အာဏာရပါတီဟာ ဒေါ်စုအနေနဲ့ ထိထိရောက်ရောက်စိန်ခေါ်ရမယ့်၊ ဒီလိုစိန်ခေါ်ရင်လည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို လုံးလုံးမထိခိုက်နိုင်တဲ့ နည်းလမ်းဖြစ်ပြီး အတိုက်အခံတို့အနေနဲ့ လွှတ်တော်ကိုလွှမ်းမိုးနိုင်ရုံမက အစိုးရပါဖွဲ့နိုင်မယ့် တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဒီမိုကရေစီ စစ်စစ်မှန်မှန် ခိုင်ခိုင်မာမာ ပေါ်ထွန်းစေလိုသော စေတနာနဲ့ တင်ပြတောင်းပန်လိုက်ရပါတယ်။ ။

ပိုက်တင်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။