/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 8, 2014

.

နေပြည်တော် - ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန် - မန္တလေး လမ်းပိုင်း၌ သင်္ကြန်အထူးရထား အစုန်၊ အဆန် နှစ်စင်းစီ ပြေးဆွဲမည်

မြန်မာ့ မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် နေပြည်တော် - ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန် - မန္တလေး လမ်းပိုင်းတွင် သင်္ကြန်အထူးရထား နှစ်စင်းစီ ပြေးဆွဲပေးမည်ဖြစ်သည်။


သင်္ကြန်ကာလအတွင်း နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိ နေပြည်တော် - ရန်ကုန် ပြေးဆွဲနေသော အမှတ်(၃၂) အစုန်၊ အမှတ်(၈)အစုန် အမြန်ရထား နှစ်စင်းအပြင် အထူးရထား နှစ်စင်းအား ဧပြီ ၁၁ ရက်တွင် နေပြည်တော် - ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ရာ အစုန် အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၃ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်ပြီး အစုန် အထူးရထား(၂)သည် နေပြည်တော်မှ ည ၉ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိမည်ဖြစ်သည်။

ဧပြီ ၁၂ ရက်တွင် သင်္ကြန် အထူးရထား(၁)သည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် လည်းကောင်း၊ သင်္ကြန် အထူးရထား(၂)သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန် ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။

သင်္ကြန် အလွန်ကာလအတွက် အဆိုပါအထူးရထား နှစ်စင်းသည် မန္တလေးမှ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မန္တလေး - ရန်ကုန် အစုန်ရထားများအဖြစ် ပြန်လည် ပြေးဆွဲသွားမည် ဖြစ်သည်။ မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွား ပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အဖြစ် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်းအပြင် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန်အထူးရထား (၁)သည် ရန်ကုန်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၃ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်ပြီး အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော် သို့ နောက်တစ်နေ့နံနက် ၄ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

အဆိုပါရန်ကုန် - မန္တလေး သင်္ကြန်အထူး (အစုန်၊ အဆန်) ရထားများကို လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး နေပြည်တော် - ရန်ကုန် အထူး (အစုန်၊ အဆန်)ရထားများကို လမ်းခရီး၌ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊တိုးကြောင်ကလေး ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။