/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 25, 2014

.

KIA လက်အောက်ခံ ရခိုင်တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်/ခဲယမ်း များဖြင့် အလင်းဝင်ရောက်



ကချင်ပြည်နယ် လိုင်ဇာမြို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လက်အောက်ခံ ရခိုင်တပ်ရင်း မှ တပ်ဖွဲ့ဝင်တစ်ဦးသည် 23.3.2014 နေ့ ညနေပိုင်းက မြစ်ကြီးနား မြို့ ဌာနဆိုင်ရာ အဖွဲ့တစ်ဖွဲ့ထံသို့ လက်နက်/ ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းဌာနဆိုင်ရာ ရုံးမှ သိရသည်။


အဆိုပါရုံးသို့ အလင်းဝင်ရောက်လာသူမှာ ကိုယ်ပိုင်အမှတ်၊ AA-0087 ဒုအရာခံဗိုလ်အဆင့်ရှိ နေဦး (၃၀)နှစ် (ဘ)ဦးဝေထွန်းဖြူ၊ ရခိုင်/ဗုဒ္ဓ၊ ဟင်္ခရော်ပြိန်ကျေးရွာ၊ စနဲအုပ်စု၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်နယ်နေသူဖြစ် ကြောင်း သိရသည်။

`` နာမည်ကသာ ရခိုင်တပ်ရင်းပါ၊ KIA လက်အောက်ခံဆိုတော့ ကချင်အတွက်ပဲ အလုပ်လုပ်ပေးရတာပေါ့၊ ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ဘာမှ မလုပ်ပေးနိုင်မယ့်အတူတူ အခုလို အလင်းဝင်တာပဲ ကောင်း ပါတယ် ´´ ဟု မြစ်ကြီးနားမြို့သို့ ကုန်လာပို့သော ကိုအောင်ဝေသာက ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများသို့ ယခင် အလင်းဝင်ရောက်မှုများမှာ KIA တပ်ဖွဲ့ဝင်များသာ အများဆုံး ဖြစ်ပြီး ယခုကဲ့သို့ ရခိုင်တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်လာမှုမှာ မြို့ပေါ်ရပ်ကွက်များ၌ သတင်းပျံ့နှံ့လျက်ရှိသည်။

ရခိုင်တပ်မတော်သည် KIA ဗဟိုဌာနချုပ်၌ KIA လက်အောက်ခံအဖြစ် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ပြည်သူ လူထုက ရခိုင်တပ်မတော်အား ရခိုင်လူမျိုးများအား ကာကွယ်ပေးရန် လိုလားကြသော်လည်း ယနေ့ အချိန်ထိ ရခိုင်တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လာရန် အစီအစဉ် မရှိသေးကြောင်း ပြောဆိုမှုအပေါ် စိတ်ပျက်မိပါကြောင်း မြစ်ကြီးနားမြို့၌ ကုန်စုံဆိုင်ဖွင့်ထားသော ဒေါ်ဦးသိန်းယဉ် က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရခိုင်တပ်မတော်အား သီးခြားရပ်တည်နေသော အဖွဲ့ အဖြစ် မမြင်ဘဲ လိုင်ဇာအခြေစိုက် KIA လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့အဖြစ်သာ သိရှိကြ ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ညီသစ်( မြစ်ကြီးနား )

ဓာတ်ပုံ - အင်တာနက်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။