/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 25, 2014

.

အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ အလောတကြီးပြင်ဖို့ တကယ်ပဲ လိုအပ်နေပြီလား

ဒေါ်စုရဲ့ မိုးကုတ်ခရီးစဉ်

မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ဗီဒီယိုဖိုင်ကို ကြည့်ရှုနားထောင်ခဲ့ရပါတယ်။ အစကတော့ သူ့ပါတီက ဥပဒေပညာရှင်တွေ၊ သူ့လက်ရုံးတွေနဲ့ လွှတ်ထားခဲ့တဲ့ ကိစ္စကို အခုအခါမှာတော့ ဒေါ်စုကိုယ်တိုင် နယ်တွေဆင်းပြီး အားသွန်ခွန်စိုက် လုပ်လာတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုလည်း ရောက်လာခဲ့ပြီ မဟုတ်လား။ ပေးထားတဲ့ ခေါင်းစဉ်နဲ့ ပြောသွားတဲ့ အကြောင်းအရာတွေဟာ ထပ်တူကျခြင်း ရှိ၊ မရှိဆိုတာ အဲဒီ ဗီဒီယိုဖိုင်ကို စာဖတ်သူ ကျွန်တော့်မိတ်ဆွေတွေ ကြည့်ရှုနားထောင်ပြီးရင် ဝေဖန်ပိုင်းခြား နိုင်ကြပါလိမ့်မယ်။


အခြေခံဥပဒေကို အကြောင်းပြပြီး တပ်မတော်နဲ့ ပြည်သူကို ပညာသားပါပါ သွေးခွဲတာပဲလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီလိုမျိုး လုပ်ရပ်ဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ ကိုယ့်နိုင်ငံအတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် လိုချင်သလား၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ တပ်မတော်တစ်ရပ်ကို လိုချင်လားဆိုတာ စဉ်းစားကြည့်ကြစေချင်ပါတယ်။ ပြည်ပရန်နဲ့ ကြုံတဲ့အခါဖြစ်စေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အဖွဲ့အစည်းတစ်ခုခုက ထိပါးစော်ကားလာလျှင်ဖြစ်စေ ကာကွယ်တွန်းလှန်ဖို့အတွက် တပ်မတော်တစ်ရပ် လိုအပ်တယ်ဆိုတာကိုတော့ နိဒါန်းစကား ဆိုချင်ပါတယ်။ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးရာရောက်တယ်လို့ ဒေါ်စု ပြောခဲ့တဲ့ စကားဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲကြတယ်လို့ ကျွန်တော်က မြင်ပါတယ်။

အခြေခံဥပဒေကို ဘာလို့ ပြင်ချင်တာလဲ

အားလုံးသိတဲ့အတိုင်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခုအချိန်မှာ အလှုပ်ခတ်ဆုံး ဂယက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ အစွဲကင်းကင်းနဲ့ အမှန်အတိုင်း သုံးသပ်သူတိုင်း လက်ခံနိုင်မယ့် အကြောင်းအရာ တစ်ခုကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခုလို ကျယ်ကျယ်လောင်လောင် ဖြစ်လာအောင် လှုံ့ဆော်ခဲ့တာဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ မဟုတ်ပါဘူး။ ပါတီကြီးတစ်ခု၊ သူတို့ခေါင်းဆောင်နဲ့ သူ့ကို ခစားကိုးကွယ်ကြသူတွေရဲ့ ၀ါဒဖြန့်ချိမှုက အခြေခံဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်စုသည် သမ္မတအရည်အချင်း သတ်မှတ်ချက်များနဲ့ လုံးဝ မကိုက်ညီပါဘူး။ ဒါပေမယ့် ဒေါ်စုက သမ္မတ ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့အခါ သူ့ကို ၀န်းရံကြသူတွေက ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ ဒါကို မပြင်ရင် ဒီမိုကရေစီခရီးကို မလျှောက်လှမ်းနိုင်ဘူးလို့ စတင်ဝါဒဖြန့် စည်းရုံးရာကနေ ဒီနေ့လို အခြေအနေအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ

လက်ရှိအခြေခံဥပဒေကို ယခင် တပ်မတော်အစိုးရက တာဝန်ယူ ရေးဆွဲခဲ့ပြီး လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရကလည်း သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ အပြည့်အ၀ ကိုက်ညီပါတယ်၊ စင်းလုံးချော ပြောစရာမရှိတဲ့ အခြေခံဥပဒေပါလို့ မပြောခဲ့ပါဘူး။ လိုအပ် ချက်တွေ ရှိနေတယ်၊ ပြင်ဆင်သင့်တာတွေ ရှိနေတယ်လို့ ယခင်အစိုးရလက်ထက်မှာ ရာထူးကြီးကြီးတွေ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရ နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေက ပြောကြားထားပြီး ဖြစ်ပါတယ်။ လက်ရှိအစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေကလည်း အခြေခံဥပဒေမှာ ပြင်ဆင်စရာတွေ၊ ဖြည့်စွက်စရာတွေ ရှိနေတယ်လို့ ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဖြစ်ပါတယ်။ သဘောကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူ အများစုက လက်ခံကြတယ် ဆိုတာပါပဲ။

တစ်ဦးအတွက် အများလား

အခု ဖြစ်နေတဲ့ ပြဿနာက ပြည်သူတွေကို ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်စေပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပြင်ချင်တဲ့အုပ်စုနဲ့ မပြင်ချင်တဲ့ အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေတယ်လို့ ပြည်သူ အများစုက မှတ်ထင်နေကြပါတယ်။ ပြင်ချင်တဲ့ အုပ်စုကို ဒီမိုကရေစီ ဘက်တော်သားတွေလို့ မီဒီယာတွေက အခမဲ့ အမည်ပေး ကင်ပွန်းတပ်လုပ်ပြီး မပြင်ချင်သူတွေကိုတော့ နောက်ကြောင်းပြန်လှည့်အောင် လုပ်နေသူတွေ၊ ဒီမိုကရေစီ မလိုချင်သူ အာဏာရှင်တွေလို့ စွပ်စွဲကြပါတယ်။ တကယ်တမ်း ဖြစ်နေတယ်လို့ ကျွန်တော်မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောအားဖြင့် အလောတကြီး မပြင်သင်သေးဘူးလို့ ခံယူကြသူတွေနဲ့ အခုချက်ချင်း ပြင်ကိုပြင်ရမယ် ဆိုတဲ့ အုပ်စုနှစ်ခု ကွဲနေတယ်လို့သာ မြင်ပါတယ်။ အဲဒီ ကွဲပြားမှုနှစ်ခုကို သေသေချာချာ ဆန်းစစ်ကြည့်သူတိုင်း သိနိုင်တာတစ်ခုကတော့ ချက်ချင်းပြင်ရမယ်ဆိုတဲ့ အုပ်စုဟာ လူတစ်ဦးတစ်ယောက် အကျိုးအတွက် ရည်ရွယ်ပြီး လူထုပါလာအောင် စည်းရုံးလှုံ့ဆော်နေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါဟာ ငြင်းပယ်လို့ မရတဲ့ အမှန်တရားပါ။

မပြင်ရင် ဘာဖြစ်မှာလဲ

အခြေခံဥပဒေကို အခုချက်ချင်း မပြင်ရင် ဘာဖြစ်မှာလဲဆိုတဲ့ အဖြေကို စာဖတ်သူတို့ ကိုယ်တိုင် ဖြေကြည့်စေချင်ပါတယ်။ ကိုယ်ကြိုက်တဲ့ရှုထောင့်၊ ကြိုက်တဲ့အမြင်နဲ့ ဖြေဆိုနိုင်ပါတယ်။ အစွဲမကင်း သူတွေရဲ့ အဖြေထဲမှာ ဒေါ်စု သမ္မတမဖြစ်နိုင်ဘူး၊ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ခြယ်လှယ်နေဦးမယ်၊ စတဲ့အဖြေတွေ ပါနိုင်ပါတယ်။ ဘက်ကင်းသူတွေရဲ့ အဖြေတွေကတော့ အမျိုးမျိုး ဖြစ်မှာပေါ့လေ။ ဒါပေမယ့် အဲဒီအဖြေတွေထဲမှာ ကျွန်တော်အောက်မှာ ဖော်ပြမယ့် အကြောင်းအရာတွေ ပါ၊ မပါ စဉ်းစားကြည့်စေ လိုပါတယ်-

တည်ငြိမ်မှု မရနိုင်ဘူး

နိုင်ငံတော်ကို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး

တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး

ပြည်သူတွေ လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှာ မဟုတ်ဘူး

လူ့အခွင့်အရေးတွေကို ဆုံးရှုံးရမယ်

လွတ်လပ်စွာ စီးပွားရှာခွင့်ရမှာ မဟုတ်ဘူး

နိုင်ငံရေးလွတ်လပ်ခွင့် မရှိနိုင်ဘူး

အခြားနိုင်ငံတစ်ခုရဲ့ ရုပ်သေးရုပ်ဖြစ်သွားနိုင်တယ်

ကဲ... ဒါက ကျွန်တော် နမူနာအနေနဲ့ ရေးပြထားတာတွေပါ။ အခြားသော အချက်အလက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ အပေါ်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း တကယ်ပဲ ဖြစ်မယ်ဆိုရင်တော့ အဲဒီ အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ စက္ကန့်မဆိုင်းပြင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် အလေးအနက် ထောက်ခံပါရဲ့ဗျာ။ အဲလိုမှ မဟုတ်ရင်တော့ ကျင့်သုံးတာမှ ၃ နှစ်ကျော်ပဲ ရှိသေးတဲ့ အခြေခံဥပဒေတစ်ခုကို ဈေးထဲက ငါးစိမ်းသည် အကြွေးစာရင်း မှတ်သလို၊ ဖျက်သလို ရော့... အင့်.... ဆိုပြီး လုပ်သလိုမျိုး မလုပ်စေချင်ပါဘူး။ လတ်တလော အရေးတကြီး မပြင်သေးဘဲ နိုင်ငံတော်ကြီးကို ရှေ့ဆက်လို့ ရသေးတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဘယ်တော့မှ မပြင်ရဘူးလို့ မဟုတ်ပါဘူးဗျာ၊ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းရင်းနဲ့ ပြင်ဆင်သင့်တာတွေကို ဖြည်းဖြည်းချင်း ပြင်သွားလို့ ရပါတယ်ဗျာ။ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဖို့အတွက် တစ်ဦး တစ်ယောက်တည်းရဲ့ဆန္ဒ (ဘယ်လောက်တော်သည့် ပုဂ္ဂိုလ်ပင် ဖြစ်နေပါစေ)၊ တစ်ပါတီတည်းရဲ့ဆန္ဒ (ဘယ်လောက် လူကြိုက်များသည့် ပါတီပင် ဖြစ်နေပါစေ) နဲ့ မလုပ်သင့်ဘူး၊ မလောသင့်ဘူး၊ မဆုံးဖြတ် သင့်ဘူးလို့ မြင်မိပါတယ်။

ချက်ချင်းပြင်ခိုင်းတာ ဘာလို့လဲ

ဒါကလည်း အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျွန်တော့်အမြင်တွေကို တင်ပြပါရစေ။ ပထမဆုံးအနေနဲ့ အခြေခံဥပဒေကို ပြင်မယ်၊ ဒါပေမယ့် သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို မပြင်ဘူးဆိုရင် "ချက်ချင်းပြင်အဖွဲ့တွေ" လက်ခံနိုင်မယ်လို့ ထင်ပါသလားဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးပါရစေ။ ဒေါ်စု သမ္မတဖြစ်ခွင့်မရှိတဲ့ အရည်အချင်း သတ်မှတ်ချက်လေး တစ်ခုကို ပြင်ဖို့အတွက် အခြေခံဥပဒေကို မြောင်းထဲရောက်အောင် လုပ်ဆောင်နေကြသူတွေကို အခြေခံဥပဒေကပဲ ဒဏ်ခတ်ပါလိမ့်မယ်။ မြန်မာပြည်သူ ဘယ်နှရာခိုင်နှုန်းက အခြေခံဥပဒေကို အစအဆုံး တစ်ခေါက်ပြည့်အောင် ဖတ်ဖူး သလဲဆိုတာလည်း ကျွန်တော်မေးချင်တဲ့ မေးခွန်းတစ်ခုပါပဲ။ အဲဒီလို ဖတ်ရမယ်လို့ ကျွန်တော်က တစ်ထစ်ချ ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိ အခြေခံဥပဒေမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်၊ ဘာတွေ အာမခံချက် ပေးထားတယ် ဆိုတာလောက်ကို သိအောင်ပဲ ပြည်သူတွေကို မျက်စိဖွင့်၊ နားဖွင့်ပေးသူ ဘယ်နှဦးများ ရှိပါသလဲ။ ဒေါ်စု အခု နယ်တကာလှည့်ပြီး ဟောနေတဲ့ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ဆိုတာကလည်း အခြေခံဥပဒေအကြောင်း ရှင်းပြတာ မဟုတ်ပါဘူး။ ယခင် တပ်မတော်အစိုးရနဲ့ လက်ရှိအစိုးရ၊ တပ်မတော် ဒါတွေကို အပုပ်ချတဲ့ပွဲတွေပါပဲ။ သေသေချာချာ နားထောင်ကြည့်ကြ စေချင်ပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတာတွေ ပါနေပါတယ်လို့ ဟောပြော ပွဲတိုင်းပြောတယ်၊ အဲဒီလိုပြောတိုင်း တပ်မတော်သား ၂၅ % လွှတ်တော်တွေမှာ ပါဝင်နေတာကို ထောက်ပြပြီး ပြည်သူနဲ့ တပ်မတော်ကို ရန်တိုက်ပေးတယ်။ သမ္မတအရည်အချင်း ကန့်သတ်ချက်ဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူးလို့ ပြောမယ်။ ဒါတွေပါပဲ။ ချက်ချင်းပြင်ဖို့ မထောက်ခံသူတွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးနေသူတွေပါ ဆိုတဲ့အထိ ပြောဆိုလာတာ တွေ့ရပါတယ်။ မိမိအာဏာရရှိရေးအတွက် အခြားလူတွေကို ထိပါးလာတဲ့အထိ ပြောဆိုလာတာမျိုးကဖြင့် သိပ်ပြီးတော့ လူကြီးလူကောင်း မဆန်လှဘူးလို့ မြင်မိပါတယ်။ နောက်တစ်ချက် တွေးမိတဲ့ အချက်တစ်ခုကတော့ အတိုက်အခံပါတီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အစိုးရကို အလုပ်ရှုပ်အောင် လုပ်နေတယ်ဆိုတာပါပဲ။ တိုင်းပြည် တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ရှေ့ကိုချီတက်ရမယ့်အစား ဦးသိန်းစိန်အစိုးရအဖို့ ပြည်တွင်းက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းနေရတာနဲ့ပဲ ခရီးမတွင်လှပါဘူး။ ခဏတာ ရေတိုမကြည့်ဘဲ အရှည်ကို မျှော်ကြည့်မယ်ဆိုရင် အခုလို လုပ်ရပ်တွေဟာ အစဉ်အလာဆိုးတစ်ခု ဖြစ်သွားပြီး မြန်မာ့ နိုင်ငံရေးမှာ အမြစ်တွယ်သွားမှာကို စိုးရိမ်စရာပါ။

ကျွန်တော့်ခန့်မှန်းချက်များ

အရှည်အလျား၊ အထူးအထွေ မပြောလိုပါဘူး။ သူ့ဟာသူနေရင်တောင် အခြေခံဥပဒေကိစ္စဟာ ယခုထက်ပိုပြီး လွယ်လွယ်ကူကူ ပြင်ဆင်လို့ ရချင်ရပါလိမ့်မယ်။ အခုလို လူထုဆန္ဒခံယူပွဲတွေ၊ ထောက်ခံ ပွဲတွေ၊ ဟောပြောပွဲတွေ လုပ်နေတာကို တွေ့တဲ့အတွက် ပြင်ချိန်မကျ/ချက်ချင်းပြင် အုပ်စုနှစ်ခုအကြား ပိုပြီးတော့ ယုံကြည်မှု ကင်းမဲ့လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအချက်ကပဲ ပြင်ဆင်ရေးမှာ ကြီးစွာ သော အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က လုပ်ဆောင် နေတဲ့ နေရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့ ပုဒ်မအချို့ ပြင်ဆင် နိုင်ခဲ့တယ်ဆိုရင်ပဲ ဒါဟာ လက်ရှိအခြေခံဥပဒေအတွက် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြင်ဆင်နိုင်မယ်လို့ သေချာတပ်အပ် ပြောဆိုနိုင်ခြင်း မရှိပါ။ အတိုက်အခံများအနေဖြင့် အထူးသဖြင့် ဒေါ်စုအနေဖြင့် တပ်မတော်နှင့် သင့်မြတ်ရေးလမ်းစဉ်ကို ရွေးချယ်ခြင်းမပြုဘဲ တပ်မတော်ကို ပြိုင်ဘက်သဖွယ် သဘောထားနေခြင်း၊ တပ်မတော်ကို သံသယရှိနေခြင်းတို့က တပ်မတော်အကြီးအကဲ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းက သူ၏ ကိုယ်စားလှယ်များကို မီးစိမ်းပြရန် ခက်ခဲနေလိမ့်မည်ဟု ထင်ပါသည်။ ဒေါ်စုအတွက်ရည်ရွယ်ပြီး သမ္မတအရည်အချင်း သတ်မှတ် ချက်တွေကို ပြင်ဆင်ဖို့ ဆိုတာကတော့ဖြင့် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ဘူးဟု ကျွန်တော်ကိုဉာဏ် ထင်မြင်ယူဆမိပါကြောင်း တင်ပြလိုက်ပါရစေ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။