/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 3, 2014

.

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသား ရေးလှုပ်ရှားမှုကို ဦးဆောင် သူ တဦးဖြစ်သော ဦးဝီရသူက မိန့်ကြားသည်။


ဆရာတော်ဦးဝီရသူနှင့် NLD ပါတီပူးတွဲတည်ထောင်သူ တဦး ဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က တွေ့ဆုံစဉ် ဦးဝီရသူ က အထက်ပါအတိုင်း မိန့်ကြားလိုက်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကာလကြာရှည်စွာ ဒီမိုကရေစီ အရေးတိုက်ပွဲ ဝင်ခဲ့သူ ဖြစ်ခြင်း ကိုလေးစား အသိမှတ်ပြု သော် လည်း အခြေခံဥပဒေတွင်ပါရှိနေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ထားသည့်အချက် များကို ဆက်လက် ထား ရှိသင့်ကြောင်း ဦးဝီရသူက မိန့်သည်။

“ဦးပဉ္စင်း အပါအဝင် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မွတ်စလင်လို တိုင်းရင်းသားမဟုတ်တဲ့ သူတွေ သမ္မတ ဖြစ်လာ မှာကို ဦးပဉ္စင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မိန့်သည်။

တရုတ် သို့မဟုတ် မွတ်စလင်များ သမ္မတအဖြစ်ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေး ကိစ္စများတွင် နိုင်ငံခြား လွှမ်း မိုးမှုများ ရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက မိန့်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထက်ထားသူ သို့မဟုတ် သားသမီး များက နိုင်ငံခြား သားဖြစ်နေသူ များသမ္မတ ဖြစ်ခွင့် မရှိပေ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန်ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘော မတူ ဟု NLD နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြခဲ့ တယ်။ ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာစစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်လာအောင် လုပ်ဆောင် နေ တာပါ” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကိုလက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ် သဖြင့် သွားရောက် တွေ့ ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာ မှုများရှိကြောင်း ဦးဝင်းတင်ကဆိုသည်။

“သူက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူးဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲမှာ အနိုင်ရတာကိုမ လိုချင်ဘူး။ နိုင်ငံခြားသားတစ်ယောက်နဲ့ လက်ထက်ခဲ့သူ တယောက်ကို အာဏာမရစေချင်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ တာ ဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေထားမျိုး ဖြစ်စေလိုကြောင်း သူ့ကိုမိန့်ကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ပြော သည်။ဦးဝင်းတင်က ထိုသို့သဘောမျိုးဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLD ကလက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောခဲ့သည်ဟုလည်း ဆိုသည်။

“မြန်မာနိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး ကူးပြောင်းမှုမှာ ဘုန်းတော်တွေရဲ့ ပါဝင်မှုကို အသိမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်းတခုအတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူ အားလုံးအကျိုးရှိဖို့က အရေးကြီး တယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မွတ်စလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပက်သက်မှုရှိသည်ဟုပြောဆိုစွပ်စွဲခံရသူလည်းဖြစ်သည်။ အဆိုပါလှုပ်ရှား မှုတွင် ဆရာတော်အချို့က ဗုဒ္ဓဘာသာဝင်များအနေဖြင့် အမျိုးဘာသာ ကိုကာ ကွယ်ကြရန်နှင့် မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ကြရန် ဟောပြောတိုက်တွန်း ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်း အရောင်ကို အစွဲပြု၍ “ရွှေဝါရောင်တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

The Irrawaddy weekly journal(Vol.1,No.9 March 2, 2014)

1 comment:

  1. ဦးဝီရသူကမြန်မာနိုင် ငံသားတွေအတွက်ဆိုးရိမ်လို့ပြေားတာပဲအဲလိုပြောမဲ့သူရှိ့မှဖြစ်မယ်မ ပြောရင် ငါတက်ငါမှန်တယ်ဆို့တဲ့မာနတွေဖုံးနေလိမ်မယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။