/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 17, 2014

.

ဖုန်းကို လက်ဖြင့်ခေါက်ပြီး ဖွင့်သည့် Password ကို တီထွင်လိုက်ပြီ



LGအနေဖြင့် ဖုန်း၏ လုံခြုံရေး စနစ်အတွက် Password များအစား ဖုန်းကို ခေါက်ရသည့် နည်း ပညာကို အစားထိုး အသုံးပြုရန် ကြံစည်နေကြောင်း သိရသည်။ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပေါ်တွင် အချိန်အပိုင်းအခြား မတူညီသည့် တီးခေါက်မှုလေး များ ပြုလုပ်ကာ Passwordသဖွယ် မှတ်သားထား စေရန် LGက ရည်ရွယ်ထားသည်။


အဆိုပါ စနစ်တွင် မတူညီသည့် အချိန်ခွဲခြား တီးခေါက်မှု စုစုပေါင်း (၂)ကြိမ်မှ (၈)ကြိမ်ကြား ပြုလုပ်ခြင်းဖြင့် လုံခြုံရေးCodeအဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။ LG၏ နည်းပညာသစ်သည် ပုံစံမတူညီသည့် တီးခေါက်မှု သတ်မှတ်ချက် အမျိုးကွဲပေါင်း (၈၆၃၆၇)ခုထိကို မှတ်သားထားနိုင်မည်ဟု သိရှိရသည်။ ထိုနည်းလမ်းအရ ဖုန်း၏ Screenကို ပိတ်ထားသည့်တိုင် ဖုန်းကို လက်ဖြင့်ခေါက်ရင်း Unlockပြုလုပ်နိုင်မည် ဖြစ်သည်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးသည် (၅.၉)လက်မအရွယ် Screenပါရှိသည့် LG G Pro 2ဖုန်းအသစ်ကို စတင်ဖြန့်ဝေပြီး ယင်းစနစ်ကို ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ စနစ်ကို LGက Knock Codeဟု အမည်ပေးထားသည်။ LG၏ အဆိုအရ ဖုန်း၏ ကိုယ်ထည် မည်သည့်နေရာတွင်မဆို မိမိမှတ်သားထားသည့် အစဉ်လိုက် သတ်မှတ်ချက်ဖြင့် တီးခေါက်နိုင်ကြောင်း သိရသည်။ "Knock Codeက ဘာကိုညွှန်ပြသလဲဆိုတော့ LGဟာ လူတွေရဲ့ မိုဘိုင်းလ်ဘဝမှာ ပိုပြီး ရိုးရှင်း အဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ ထိတွေ့ဖို့ ချဉ်းကပ်ဦးတည်နေတယ် ဆိုတာကို သိသာစေမှာပါ"ဟု LG၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဒေါက်တာ ဂျွန်ဆော့ခ်ပါ့ခ်က ပြောကြားခဲ့သည်။

၎င်းက အခြားသော မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီးများက အလွန်အမင်း စုံလင်သော Featureများ ထည့်သွင်း နေချိန်တွင် LG အနေဖြင့်မူ အသုံးပြုသူများအတွက် အလွန်ရိုးရှင်း အဆင်ပြေစေမည့် နည်းပညာသစ် များထံသာ ဦးတည်သွားမည်ဟုလည်း ဆိုသည်။ "မိုဘိုင်းလ်ဖုန်းတွေ စပေါ်လာကတည်းက ဖုန်းတစ်လုံးမှာ Featureတွေ ဘယ်လိုပါသလဲပဲ လူတွေက မေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သုတေသန ဌာနဟာ ဖုန်းသုံးစွဲသူတွေ တကယ်တမ်း အလိုအပ်ဆုံးက ဘာလဲဆိုတာကို နှစ်ရှည်လများ လေ့လာခဲ့ကြပါတယ်။ အရိုးရှင်း အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။ ဒါကို သုံးစွဲသူတွေလည်း လက်ခံကြ လိမ့်မယ် ထင်တယ်"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

G Pro 2 ဖုန်းအသစ်ကို လတ်တလောတွင် တောင်ကိုရီးယား၌သာ စတင်ရောင်းချဦးမည်ဖြစ်ပြီး သီတင်း ပတ် အနည်းငယ်အတွင်း အခြားကမ္ဘာ့နိုင်ငံ အတော်များများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ထားသည်။

By Planet

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။