/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 2, 2014

.

အခြေခံဥပဒေပြင်ရေး အကြံပြုချက် သုံးသိန်းကျော် လွှတ်တော်သို့ ရောက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့များ၊ နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ အကြံပြုချက်ပေါင်း သုံးသိန်းကျော် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ ထံ ရောက်ရှိ လာကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်သည်။


အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုလွှာပေါင်း ၂၈၂၄၇ စောင် လက်ခံရရှိပြီး အခြေခံဥပဒေပါ အခန်း (၁၅) ခန်းနှင့် ဇယား (၅) ခုအတွက် ပြင်ဆင်ရန် အကြံပြုချက် စုစုပေါင်း ၃၂၃၁၁၀ ကို လက်ခံ ရရှိထားကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီး၏ အကြံပြုချက်များနှင့် ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာအတွက် အခြေခံဥပဒေ တစ်ခန်းချင်းစီအလိုက် လေ့လာသုံးသပ်ရေး အဖွဲ့ ငယ်များ ထပ်ဆင့်ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်း ကော်မတီထံမှ သိရသည်။

“အဖွဲ့ငယ်တွေက အခန်းအလိုက် လေ့လာသုံးသပ်ချက်ကို ၁၀၉ ဦး ကော်မတီကို တင်ရမယ်။ ဇန်န၀ါရီ ၇ ရက်နေ့ စမယ်” ဟု လေ့လာသုံးသပ်ရေး ကော်မတီဝင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

ကော်မတီထံ ရောက်ရှိလာသည့် အကြံပြုချက်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော် အခြေခံမူများ အခန်းနှင့် အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းတို့ကို ပြင်ဆင်ရန် အကြံ ပြုချက်မှာ အများဆုံးဖြစ်ပြီး အဆိုပါ အခန်းနှစ်ခုအတွက် အကြံပြုချက် စုစုပေါင်း ၂၄၅၈၅၇ လက်ခံ ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းပြည်ပက ၂၀၁၅ ရွေးကောက်ပွဲအမီ ပြင်ဆင်ရန် တိုက်တွန်း တောင်းဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်ထံ ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ တင်သွင်းရမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လက်ရှိ အာဏာရပါတီနှင့် လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဒ်မ ၅၉ (စ) အပါအဝင် အချက် ၇၃ ချက်ကို တင်ပြထားပြီး လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်တွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား ထားသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။