/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 2, 2014

.

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ .. (Amnesty International) ရဲ့ နိုင်ငံရေး အကျဉ်းသား သတ်မှတ်ချက်



နိုင်ငံရေး အကျဉ်းသားကို (၂)မျိုး ခွဲပါတယ်။

၁။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ (prisoner of conscience)

၂။ နိုင်ငံရေးနှင့် ဆက်စပ်သော အကျဉ်းသား (political prisoner) .... ရယ်လို့ ဖြစ်ပါတယ်။


၁။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ (prisoner of conscience)
=======================================

အမှတ် (၁) အမျိုးအစားကိုတော့ ....

“မိမိပိုင်ဆိုင်ထားသော လူ့အခွင့်အရေးကို ....
ငြိမ်းချမ်းစွာ သုံးစွဲမှုကြောင့် အကျဉ်းကျသူ” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။

-- အကြမ်းမဖက်သော နိုင်ငံရေး လှုပ်ရှားမှုများမှာ ပါဝင်တာ၊ ဆန္ဒထုတ်ဖေါ်တာ၊

-- အစိုးရက လက်မခံတဲ့ ဘာသာရေးကို ကိုးကွယ်တာ၊

-- အစိုးရ သတ်မှတ်တဲ့ ရုံးသုံးဘာသာစကားကို မသုံးစွဲဘဲ ငြင်းဆိုတာ၊ 

-- လွတ်လပ်စွာ ပြောရေးဆိုခွင့် သဘောအရ အစိုးရကို ဆန့်ကျင်ပြီး ဟောပြော ရေးသားတာ၊

-- တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ဖေါ်ထုတ်တာ၊

-- ယုံကြည်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုတာ စသဖြင့်ပေါ့။ 

ဒါပေမယ့် ငြိမ်းချမ်းသောနည်း ကိုသာ အသုံးပြုသူများ ဖြစ်ရပါမယ်။ 

ဒီလိုပုဂ္ဂိုလ်များရဲ့ လုပ်ဆောင်မှုဟာ တည်ဆဲအစိုးရရဲ့ ဥပဒေတွေကို ဖေါက်ဖျက်ရာ ရောက်ချင် ရောက်မယ်၊ ဒါပေမယ့် ကိုယ် ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ သုံးစွဲသူများဖြစ်လို့ သူတို့ကို ယုံကြည် ချက်ကြောင့် အကျဉ်းကျသူ (prisoner of conscience) လို့ သတ်မှတ်ပါတယ်။

တည်ဆဲဥပဒေက ဘာပြောပြော၊ အပြစ်မရှိဘဲ ထောင်ချထားသူတွေလို့ သတ်မှတ်ပြီး ချက်ချင်း လွှတ်ပေးဖို့ ဒီအဖွဲ့ကြီးက တောင်းဆိုလေ့ရှိပါတယ်။

  ၂။ နိုင်ငံရေးနှင့် ဆက်စပ်သော အကျဉ်းသား (political prisoner)
=========================================

(၂) ကျတော့ အကြမ်းပတမ်းမှု (violence) (သို့) ပြစ်မှုကျူးလွန်သူများ ဖြစ်ပါတယ်။  ဥပမာ... စစ်တိုက်တာ၊ သူပုန်ထတာ၊ ဗုံးခွဲတာက စပြီး ပြစ်မှုမျိုးစုံ အကုန်ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီပြစ်မှုဟာ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ပြစ်မှုမျိုး ဖြစ်ရပါမယ်။ နိုင်ငံရေးနဲ့ ဆက်စပ် တယ် ဆိုတာက...

၁။ နိုင်ငံရေးကြောင့် ကျူးလွန်တာ။  

စစ်ရေး လျှို့ဝှက်ချက်တွေကို ပြည်ပ ပို့လိုက်တာဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ဖေါက်ဖျက်ရာ ရောက်လို့ အပြစ်ရှိပေမယ့် တည်ဆဲ အစိုးရအပေါ် နိုင်ငံရေးမကျေနပ်ချက်ကို အကြောင်းခံပြီး ကျူးလွန်ခဲ့တာ ဖြစ်ရင် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကျဉ်းသား စာရင်းကို သွင်းရပါတယ်။ စစ်ဖြစ်တဲ့အချိန်မှာ သူ့ဖက်၊ ကိုယ့်ဖက် ဖမ်းမိသမျှ စစ်သုံ့ပန်းတွေဟာလဲ ဒီစာရင်းထဲ ဝင်ပါတယ်။ 

၂။ နိုင်ငံရေးသဘောဆောင်တဲ့ အလုပ်ကို လုပ်တာ။ (၈၈)တုံးက အထက်အမိန့်ကို ဖီဆန်ပြီး ဆန္ဒပြခဲ့လို့ အရေးယူခံရပြီး ထောင်ကျခဲ့တဲ့ စစ်သားတွေဟာ နမူနာပေါ့။ ဥပဒေနဲ့ ညီသောအမိန့်ကို ဖီဆန်ရင် ဘယ်စစ်တပ်မှာမဆို အပြစ်ရှိပါတယ်၊ ဒါပေမယ့် အဲဒီလို ဖီဆန်ပြီး လုပ်တာဟာ နိုင်ငံရေး ဆက်စပ်နေရင် နိုင်ငံရေးနဲ့ ဆက်စပ်သော အကျဉ်းသား စာရင်းကို သွင်းရပါတယ်။ 

၃။ နိုင်ငံရေးကြောင့် အရေးယူခံရတာ။ ပုဒ်မ မျိုးစုံတပ် အရေးယူခံရတဲ့ ထောက်လှမ်းရေးတပ်ကြီး တခုလုံးဟာ နမူနာပေါ့။ သူတို့မှာ အဲဒီပုဒ်မတွေအရ တကယ် အပြစ်ရှိတယ်ပဲ ထားဦးတော့၊ သူတို့ တကယ် အရေးယူခံရတဲ့ အကြောင်းက စစ်အစိုးရလူကြီးချင်း အာဏာလုပွဲမှာ ထောက်လှမ်းရေး ထိပ်သီး ဗိုလ်ချုပ်ခင်ညွန့် ရှုံးခဲ့လို့ကိုး။ ဒီတော့ သူတို့ကိုလဲ နိုင်ငံရေးနဲ့ ဆက်စပ်သော အကျဉ်းသား စာရင်းကို သွင်းရပါတယ်။

အဲဒီလို နိုင်ငံရေးနှင့် ဆက်စပ်သော အကျဉ်းသား (political prisoner)ဟာ အပြစ်ကင်းတယ်လို့ မပြောနိုင်၊ ဒါပေမယ့် ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတပါ့မလား ဆိုတာ စိုးရိမ်စရာ ရှိသူတွေ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သူတို့လိုလူတွေကျတော့ လွှတ်ပေးပါလို့ ပြောလေ့မရှိပါ၊ တရားသဖြင့် အမှု စစ်ဆေးခံပိုင်ခွင့်ကိုသာ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုလေ့ ရှိပါတယ်၊ အာဏာပိုင်တွေဖက်က အညှိုးနဲ့ ဖြစ်သင့်တာထက် ပိုလွန်တဲ့ အပြစ်မျိုး မပေးနီုင်အောင်လဲ စောင့်ကြည့်ကန့်ကွက်လေ့ရှိပါတယ်။ စစ်သုံ့ပန်းဆိုရင်လဲ စစ်သုံ့ပန်း အခွင့်အရေး ပေးဖို့ တောင်းဆိုလေ့ ရှိပါတယ်။ 

( အရှင်ပန် ၏ ထောက်လှမ်းရေးတွေ .လွတ်အောင် ဘယ်လို လုပ်မလဲ ပို့ စ်မှ ကောက်နူတ်ဖော်ပြချက်...) 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။