/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 6, 2014

.

ဖက်ဒရယ်ပြည်ထောင်စုပါတီ ခေါင်းဆောင်ရွေးဦးမည်မဟုတ်

တိုင်းရင်းသားပါတီများ စုပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP)၏ ဒီဇင်ဘာ ၁၈ ရက် ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ပါတီခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူးရာထူးတို့ အတွက် ရွေးချယ်ဦးမည်မဟုတ်ဘဲ ဒုတိယဥက္ကဋ္ဌသုံးဦး၊ အတွင်းရေးမှူးသုံးဦးကိုသာ ခန့်အပ်ရန် စီစဉ် ထားသည်ဟု FUP ဒုတိယခေါင်းဆောင်(ယာယီ) ဦးစောသန်းမြင့်က ဒီဇင်ဘာ ၅ ရက်တွင် မဇိ္ဈမကို ပြောသည်။


“ပါတီအလိုက် ကိုယ်စားလှယ်လူစာရင်းတွေတော့ရပြီ။ အဲဒီနေ့ကျရင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)က တာဝန်ရှိသူတွေလည်း လာမယ်။ လောလောဆယ်တော့ ပါတီခေါင်းဆောင်နဲ့ အထွေ ထွေအတွင်းရေးမှူးရာထူးတွေ မရွေးချယ်သေးဘူး”ဟု ၎င်းက ပြောသည်။ ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ လမ်းမတော်ကွန်ဒိုရှိ FUP ရုံးခန်းတွင် ပြုလုပ်မည်။

အဖွဲ့ဝင် ၁၅ ပါတီရှိသည့် FUP ၏ ၂၀၁၃ ခုနှစ် မေ ၁၁ ရက် တောင်ကြီးမြို့တွင် ပြုလုပ်သည့် အစည်း အဝေး၌ FUPအဖြစ် သီးခြားပါတီဖွဲ့စည်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FUP တွင်ပါဝင်သည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များထုတ်နုတ်၍ ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)အဖြစ် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ၂၅ ရက်မတိုင်မီ မှတ်ပုံတင်ခွင့်ရရှိခဲ့ သည်ဟု ဦးစောသန်းမြင့်က ဆိုသည်။

“FUP အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေဆီက တစ်ပါတီ ၂ ဦးစီနဲ့ ဗဟိုကော်မတီဖွဲ့ဖို့ပါ။ ဥက္ကဋ္ဌတို့ အထွေ ထွေအတွင်းရေးမှူးရာထူးတို့အတွက် အငြင်းပွားစရာရှိလို့ မဟုတ်ပါဘူး။ လူမစုံသေးလို့ပါ။ ကျွန်တော်ဆို ရင်လည်း အခု ချင်းပြည်နယ် ပြန်ရောက်နေတယ်လေ”ဟု FUP ယာယီဥက္ကဋ္ဌတာဝန်ယူထားသူ ဒေါက် တာဂမ်ဂျန်ဒါးက ဒီဇင်ဘာ ၅ ရက်တွင် မဇိ္ဈမကို ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် FUP အဖွဲ့ဝင် တိုင်းရင်းသားပါတီများက သက်ဆိုင်ရာ ပြည်နယ်များတွင်သာ အာရုံစိုက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်များ စုပေါင်းဖွဲ့စည်းထားသည့် FUP အနေဖြင့် အခြားသော တိုင်းဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ပါတီအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲ ခူး၊ ဧရာဝတီတိုင်းတို့တွင် အခြေစိုက်ရုံးခွဲများ ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီးပြီဟု ဦးစောသန်းမြင့်က ပြော သည်။

ပါတီဝင်အင်အားကို ယခုလအတွင်း ဦးရေတစ်သောင်းပြည့်မီရန် လျာထား လာမည့်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဗဆာင်များ ရွေးချယ်ခြင်းကို အဓိက ဆောင်ရွက်မည်ဟု ဆိုသည်။

FUP ကို ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်းအဖွဲ့ဝင်များဖြစ်သည့် ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါ တီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအ မျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ တအာင်း (ပလောင်)အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ “၀”ဒီမိုကရက်တစ်ပါ တီ၊ “၀”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။