/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, December 6, 2013

.

လယ်သိမ်းချိန်တွင် ဒေသခံရှမ်းတိုင်းရင်းသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှု များကြောင့် စပါးရိတ်သိမ်းရန် အခက်ကြုံ



ကချင်ပြည်နယ် မန်စီမြို့နယ် ပြင်ဦးလွင်ရပ်ကွက် ရွာသစ်ကုန်းကျေးရွာနေ ရှမ်းလူမျိုး(၂)ဦး လယ်တော၌ စပါးရိတ်သိမ်းနေစဉ် ဒီဇင်လာ ၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ၀င်များမှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆေင်သွားခဲ့ကြောင်း ယင်းမြို့ခံ များ ထံမှ သတင်းရရှိသည်။


“မနေ့က မနက်အစောကြီး စပါးရိတ်ဖို့ ရွာက ထွက်လာကြတာ လယ်က ချောင်းထောက်ကျေးရွာမှာ ရှိတာပါ။ နေ့လယ် ၁ နာရီ နေ့ခင်းကြောင်တောင် ၀င်ဖမ်းသွားတာဆိုတော့ အနီးအနားမှာ စပါးရိတ်နေတဲ့ အမျိုးသမီးတွေ အကုန်မြင်တာပေါ့၊ KIA စစ်သား (၁၀)ဦး လောက်တော့ ရှိမယ်” ဟု အဆိုပါ လယ်တောအနီး၌ စပါးရိတ်သိမ်း နေစဉ် မျက်မြင်တွေ့ရှိခဲ့သော ရှမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွာသစ်ကုန်းရွာသားအချို့အား တွေ့ဆုံမေးမြန်းကြည့်ရာ“ အဖမ်း ခံရတာသေချာ ပါတယ်။ ဦးဖိုးဝင်းနဲ့ မောင်အောင်ဇော်ဦးတို့နှစ်ယောက်ကို KIA က လူသစ်လုပ်ဖို့ အတင်းအဓမ္မဖမ်းသွားတာ ကျွန်တော်တို့ လုံးဝမကျေနပ်ဘူးဗျာ” ဟု ယင်းရွာသား အိုက်မြင့်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသား(၂)ဦးမှာ ရှမ်းလူမျိုးများ ဖြစ်နေ၍ ဒေသခံရှမ်းအားလုံးက မကျေမနပ် ဖြစ်နေကြကြောင်း၊ ယင်းနေ့ နေ့လယ် ၂ နာရီခန့်ကလည်း မံဖွားကျေးရွာနေ ရွာသား(၁၅)ဦး ခန့်အား KIA မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

မန်စီမြို့ခံ ရှမ်းလူမျိုးကုန်သည်တစ်ဦးကတော့“အခုလို လယ်သိမ်းချိန်မှာ KIA အနေနဲ့ ဒေသခံ ရှမ်းပဲ ဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်၊ လူသစ်စုနေတာတော့ တော်တော်တရားလွန်သွားပြီ၊ အဲဒီလိုမြင်သမျှ လူဖမ်းနေတော့ စပါး ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေကြပြီပေါ့” ဟု ပြောပြသည်။

KIA အနေဖြင့် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ဒေသခံရှမ်းအပါအ၀င် ကချင်၊ ဗမာ၊ လီဆူး၊ ရ၀မ်၊ ပလောင်တိုင်းရင်းသားများအား လူသစ်စုဆောင်းမှုမှာ တိုက်ပွဲဖြစ်နေသည်ဟူသော အကြောင်းပြချက် တစ်ခု အဖြစ် ရှိခဲ့သော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းတွင် လယ်သိမ်းနေသော ရွာသားများကိုပါမချန် အတင်းအဓမ္မ လူသစ်စုဆောင်းနေမှုမှာ မဖြစ်သင့်ဘဲ ဒေသခံများမှာ စပါးရိတ်သိမ်း ရန် အခက်ကြုံနေရကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
KDN

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။