/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 7, 2013

.

တိုးမြှင့်ကောက်ခံသည့် မီတာခများ လျော့ချပေးရန် တစ်ရက်တွင်း နှစ်ကြိမ် ဆန္ဒဖော်ထုတ်

နိုဝင်ဘာလတွင်စတင် တိုးမြှင့် ကောက်ခံမည်ဖြစ်သော မီတာခများ လျော့ချပေးရန် အတွက် တစ်ရက်အတွင်း နှစ်ကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နှင့် Generation Youths အဖွဲ့တို့က နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ကြသည်။


ဆန္ဒဖော်ထုတ်ရာတွင် ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့က နိုဝင်ဘာလ ၆ရက် ညနေ လေးနာရီခွဲခန့်တွင် အဖွဲ့ဝင် လေးဦး ဖြင့် သိမ်ကြီးဈေး မှ စတင်လမ်းလျောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဆူးလေဘုရားအနီးထိ ဆန္ဒဖော်ထုတ်ခဲ့သည်။ ယင်းနောက်တွင် Generation Youths နှင့် ဒီမိုကရေစီ အင်အားစု အဖွဲ့များက ညနေ ခြောက်နာရီတွင် ဆူးလေဘုရားအနီးမှ စတင် ဆန္ဒဖော်ထုတ်ကာ ဗိုလ်အောင်ကျော် လမ်းမှ တဆင့် ဆူးလေဘုရားသို့ ပြန်ခဲ့ပြီး ဖယောင်းတိုင်များ ကိုင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဖယောင်းတိုင်များ ကိုင်ကာ ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူ ၅၀ ခန့်ကလည်း ၀င်ရောက် ပူးပေါင်း ဆန္ဒ ဖော်ထုတ်ခဲ့ရာ ဆန္ဒပြသူ ၁၅၀ကျော်ရှိခဲ့သည်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ဦးသိန်းအောင်မြင့်က "မီတာခတွေ တိုးမြှင့်ကောက်ခံလိုက်တဲ့ အတွက် ကုန်ဈေးနှုန်းတွေ ကို တစ်ဘက်က တက်စေတယ်။ ဒါကြောင့် မီတာခတက်တာတွေကို ပြည်သူလူထုရဲ့ ဆန္ဒအရဖော်ထုတ်ရခြင်းဖြစ်တယ်။ မြန်မာပြည်အနှံက လူထုထံက ဆန္ဒလက်မှတ်တွေကိုကောက်ခံပြီး မီတာခတွေ လျော့ကျတဲ့ အထိဆက်လက် ဆန္ဒဖော်ထုတ်သွားမယ်" ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် မီတာခများ လျော့ကျသည်အထိ ပြည်သူလူထု သဘောထားများ ခံယူကာ ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်သွား မည်ဖြစ်သည်ဟုလည်း ၄င်းက ဆက်လက်ပြောသည်။

Generation Youths မှ အဖွဲ့ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကလည်း လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုသည် လျပ်စစ်ဝန်ကြီးဌာန မှ ပြည်သူ့ဆန္ဒနှင့် သဘောထားကို ကောက်ယူခဲ့ခြင်းမရှိသည့်အတွက် ပြည်သူ့ကိုယ်စား ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက "ဒီလို ဆန္ဒဖော်ထုတ်လို့ ထူးခြားမှုမရှိဘူးဆိုရင် ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ်။ ပြည်သူကို အသိမပေးပဲ မီတာခတွေ တိုးမြင့်ကောက်ခံခဲ့တဲ့အတွက် ပြည်သူ့အစိုးရ ဒီမိုကရေစီ အစိုးရဆိုတာကို လက်မခံနိုင်ပါဘူး ။ တစ်ကယ်တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ သွားနေတယ်ဆိုပေမဲ့ ဒီမိုကရေစီ တကယ်မရရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့က ပြည်သူတွေနဲ့ပူးပေါင်းပြီး မနက်ဖြန်မှ ဆက်လက် ဆန္ဒဖော်ထုတ်သွားမှာပါ။ လျှပ်စစ်ဝန်ကြီးဌာနက ဖြေရှင်းမှု မပေးမချင်း ဆန္ဒဖော်ထုတ် သွားမှာပါ။ ဒါဟာပြည်သူ့ဆန္ဒပါပဲ "ဟု ပြောသည်။

ယင်းသို့ ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်မှုကြောင့် Generation Youths မှ အဖွဲ့ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကို ည ၇ နာရီခန့်က ကျောက်တံတားရဲစခန်းမှာ လာရောက် ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများသည် ခွင့်ပြုချက်တောင်းခံခြင်း တစ်စုံတစ်ရာ မရှိခဲ့သည့် အတွက် ပုဒ်မ ၁၈ ဖြင့် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲမှုးမျိုးမြင့်ကြိုင်က ဆိုသည်။

ကျောက်တံတားမြို့နယ် ရဲမှုးမျိုးမြင့်ကြိုင် "ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒပြတာ မဟုတ်တဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ် ။ ခေါင်းဆောင်တဲ့ ဆန္ဒပြတဲ့လူတွေကို ကျောက်တံတားမြို့နယ် ရဲစခန်းကို ခေါ်သွားမယ်။ မီတာခတွေ တက်တာကို ဖြေရှင်းချက် ပေးတာကိုတော့ သက်ဆိုင်ရာ လျှပ်စစ် ၀န်ကြီးဌာနက ဖြေရှင်းလိမ့်မယ်။ ကျွန်တော်တို့ ကတော့ ခွင့်ပြုချက်မရှိပဲ ဆောင်ရွက်တဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်ရခြင်း ဖြစ်တယ် " ဟု ပြောသည်။

ဆန္ဒပြရာတွင် ဆိုက်ကားနင်းပြီး ပါဝင်ခဲ့သူ ကျောက်တံတားမြို့နယ်မှ ဦးမြသောင်း က" မီတာခတွေ တိုးပြီး ကောက်လိုက်တဲ့အတွက် ထမင်းချက် ဟင်းချက်တဲ့ အရာကလွဲလို့ ကျန်တာဘာမှ မလုပ်ရဲတော့ဘူး ။ နောက်ပြီး တိုးမြင့်ကောက်ခံတယ်သာပြောတယ် မီးက ပုံမှန်လာတာလည်းမဟုတ်ဘူး ။ မီတာခတိုးမြင့် လိုက်တဲ့အတွက် ကျန်တဲ့ ကုန်ဈေးနှုန်း စရိတ် ၊ ခရီးသွားလာမှု စရိတ်တွေ ကိုပါ ထိခိုက်စေတယ် ။ ဒါကြောင့် ဒီသတ်မှတ်လိုက်တဲ့ မီတာခတွေ ကို ပြန်လည်သတ်မှတ်စေချင်တယ် "ဟု ဆိုသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးဝေအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပြင်ဆင်သည့်နှုန်းထား ပြင်ဆင်ခြင်းကို အောက်တိုဘာ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှ ယူနစ်တစ် ရာ အထိအား ၃၅ ကျပ်ဖြင့်တွက်ချက်ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ် ၅၀ကျပ်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်းပါဝင်သည်။

စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားနှုန်းထားများကို တစ်ယူနစ်မှ ယူနစ်ငါးထောင်အထိအား တစ် ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းဖြင့်တွက်ချက်မည်ဖြစ်ပြီး ၅၀၀၁ယူနစ်မှစတင်ကာ တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် တွက်ချက် ကောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်သည်။ ယင်းသတ်မှတ်ချက်မှာလည်း နိုဝင်ဘာလမှ စတင်အကြုံး ၀င်မည်ဖြစ်သည်။

ဆန္ဒပြရာတွင် ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေပါပုဒ်မ ၁၈ ကြောင့် ထောင်ဒဏ်ကျခံရသူ အများအပြားရှိလာပြီးနောက် အဆိုပါ ပြဋ္ဌာန်းချက် မပါဝင်သည့် ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေး ကော်မတီက ယခုတစ်ပတ်အတွင်း လွှတ်တော်သို့ တင်သွင်းသွားမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက နိုဝင်ဘာ ၅ ရက်တွင် မဇ္ဈိမကိုပြောထားသည်။

1 comment:

  1. လျှပ်စစ်ဌာနကအင်ဂျင်နီယာတွေ၊အရာရှိတွေအိမ်၊ကား၊ပိုင်ဆိုင်တာတွေကိုသွားကြည့်ကြပါအုံး။သားတွေ၊သမီးတွေကိုယ်ဘယ်နိုင်ငံဘယ်ကျောင်းမှာထားလဲမေးကြည့်ပါအုံး။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။