/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 3, 2013

.

မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် MA 60 ကို ပြင်သစ်လေယာဉ်ဖြင့် အစားထိုးရန် မြန်မာ့လေကြောင်းစီစဉ်

ကမ္ဘာ့နိုင်ငံအများအပြားတွင် လေယာဉ် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် တရုတ်နိုင်ငံ ထုတ် MA 60 သုံးစင်းကို ပြင်သစ်နိုင်ငံထုတ် ATR72 – 500 သုံးစင်းဖြင့် အစားထိုးသွားမည်ဟု ကမ္ဘာ့ခရီး သွားလုပ်ငန်း သတင်းများဖော်ပြလျက်ရှိသည့် eTurbo News အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သည်။


အစားထိုးအသုံးပြုမည့် ပြင်သစ်နိုင်ငံလုပ် ATR72 – 500 သုံးစင်းမှာ ငါးနှစ်သက်တမ်းရှိပြီဖြစ်ပြီး အမေရိ ကန်ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမည်ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်းများတွင် အသုံးပြုနေသည့် MA 60 လေယာဉ်နှစ်စင်း မှာ ဟိုက်ဒရောလစ်ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် ယခုနှစ်အတွင်း နှစ်ကြိမ်တိုင် လေယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့သည်။

ယခုနှစ် မေလ ၁၆ ရက်တွင် ရှမ်းပြည်နယ် မိုင်းဆတ်လေဆိပ်သည် ဆင်းသက်လာသည့် MA 60လေယာဉ် မှာ ဘီးချော်သွားခဲ့သည့်အတွက် ပြေးလမ်းအပြင်ဘက် ကိုက် ၂၀၀ အကွာရှိ ခြံစည်းရိုးအားဝင်တိုက် ခဲ့ သည့်အတွက် လူနှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့သည့်အပြင် လေယာဉ်ပန်ကာဒလက်များလည်း ပျက် စီးသွားခဲ့ရသည်။

ထို့အတူ ယခုနှစ်ဇွန်လ ၁၀ ရက်က မော်လမြိုင်နှင့် ကော့သောင်းအကြား ပြေးဆွဲနေသည့် MA 60 လေ ယာဉ် တစ်စင်းမှာ ကော့သောင်းလေဆိပ်တွင် ဆင်းသက်စဉ်ဘီးချော်ကာ ပြေးလမ်းနှင့် ၆၅ ကိုက်အကွာရှိ ခြံစည်းရိုးအား ၀င်တိုက်မိခဲ့သည်။ ယင်းလေယာဉ်တွင် ခရီးသည် ၅၅ ဦးလိုက်ပါလာသော်လည်း ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိခဲ့ပေ။

ထို့ကြောင့် နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် နိုင်ငံတကာ မြန်မာ့လေကြောင်းအနေဖြင့် MA 60 လေယာဉ် များအား အသုံးမပြုတော့ဟု ဇွန်လ ၁၁ ရက်တွင် တရားဝင်ကြေညာခဲ့ရသည်။

မြန်မာပြည်တွင်းတွင် အသုံးပြုနေသည့် MA 60 လေယာဉ်သုံးစင်းအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ၀ယ် ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ် စက် တင်ဘာလတွင် ကူမင်းမှတစ်ဆင့် မြန်မာ နိုင်ငံ အတွင်းသို့ သယ်ဆောင်ခဲ့သည်။

အဆိုပါ MA 60 လေယာဉ်များမှာ တရုတ်နိုင်ငံရှိ Xian လေယာဉ်တည်ဆောက်ရေးလုပ်ငန်းကော်ပိုရေးရှင်း (Xi’an Aircraft Industrial Cooperation) မှ ထုတ်လုပ်နေခြင်းဖြစ်ပြီး၊ ၂၀၀၀ ခုနှစ်ဇွန်လတွင်တရုတ်နိုင်ငံ ရှိ အရပ်ဘက်လေကြောင်းအာဏာပိုင်များမှ လေကြောင်းပြေးဆွဲခွင့်လက်မှတ် ထုတ်ပေးခဲ့ရာ ယင်းနှစ်တွင် ပင် Sichuanလေကြောင်းလိုင်းမှ စတင်အသုံးပြုခဲ့သည်။

သို့သော် အမေရိကန်နှင့် အခြားနိုင်ငံများမှ လေကြောင်းအာဏာပိုင်များမှ လုံခြုံရေးအရ စိတ်မချရသည့် အတွက်လေကြောင်းပြေးဆွဲခွင့် လက်မှတ်များ ထုတ်မပေးခဲ့ချေ။

ထို့ကြောင့် MA 60 လေယာဉ်များအား အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်နှင့် အင် ဒိုနီရှားနိုင်ငံတို့မှ လေကြောင်းကုမ္ပဏီများအပြင် ဘိုလီဗီးယားနိုင်ငံရှိ လေကြောင်းလုပ်ငန်းများမှ ၀ယ်ယူအ သုံးပြုခဲ့ရာ မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်ဟုသိရသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ Zest လေကြောင်းလိုင်းမှ အသုံးပြုနေသည့် MA 60 လေယာဉ် မှာ Caticlan လေဆိပ်တွင် ပြေးလမ်းချော်သွားခဲ့သည့်အတွက် ကွန်ကရိအတားအဆီးတစ်ခုနှင့် ၀င်တိုက်မိရာ ခရီးသည် အများအပြားဒဏ်ရာ ရရှိခဲ့သည့်အပြင် လေယာဉ်မှာလည်း ပျက်စီးသွားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံကော့သောင်းလေဆိပ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့်နေ့ (ဇွန်လ ၁၀) ရက်တွင်ပင် အင်ဒိုနီးရှားနိုင်ငံပိုင် Merpati Nusantara လေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် MA 60 လေယာဉ်မှာ လည်း Kupang ခရိုင်မြို့တော်Nusa အရှေ့ပိုင်းလေဆိပ်တွင် စက်ချို့ယွင်းသွားခဲ့သည့်အတွက် လေယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့သည်။ ယင်းလေယာဉ်ဖြင့် လိုက်ပါလာသူပေါင်း ၅၀ ခန့်ရှိပြီး ခရီးသည်တော်တော် များများ ဒဏ်ရာရရှိသွားခဲ့ သည်ဟု လေဆိပ်အာဏာပိုင်များမှ အတည်ပြုပြောကြားခဲ့သည်ဟု အိန်္ဒိယနေ့ စဉ်သတင်းစာတွင် ဖော်ပြထားသည်။

မဇ္ဈိမ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။