/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 16, 2013

.

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းထားသည့် အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများအနေဖြင့် အကောင်းမြင်မှု မလွန်ကဲစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဥရောပ သုံးနိုင်ငံ၏ဒုတိယနိုင်ငံခရီးစဉ်ဖြစ်သောဟန်ဂေရီနိုင်ငံသို့ရောက်ရှိနေသောဒေါ်အောင်ဆန်းစုကြည် က အမေရိကန်နှင့် အီးယူ(ဥရောပသမဂ္ဂ) နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် အကောင်းမြင်မှု မ လွန်ကဲစေရန် သတိပေး ပြောကြားခဲ့ကြောင်း Vatican Radio ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၄ ရက် ည နေပိုင်းက သတင်းဖော်ပြခဲ့ပါသည်။


မြန်မာနိုင်ငံသည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့သော် လည်း ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု Vatican Radio သတင်းတွင် ဆိုသည်။


အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ သည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းချက်သည် အဆုံးသတ်ရန် ကာလ ရှည်ကြာစွာ ကျန်ရှိနေသေးသည်ကို သတိထားမိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ပါ။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအ၀င် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့တဲ့ နိုင်ငံတွေအနေနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ကို ဓမ္မဓိဋ္ဌာန်ကျကျ မြင်တတ်ဖို့နဲ့ အကောင်းမြင်မှု မလွန်ကဲဖို့ဟာ အရင်ကထက် ပိုပြီးအရေးကြီးလာတယ်။ မြန်မာနိုင်ငံဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်သေးသရွေ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်သေးပါဘူး" ဟု ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၃ ရက် တွင် ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိခဲ့ကာ ဟန်ဂေရီသမ္မတ Janos Ader နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် လာမည့်လ အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသောကာလ ဖြစ်လာလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းပြောကြားချက်သည် ယခုနှစ်မကုန်မီ အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်က ပိုလန်နိုင်ငံ ၀ါဆောတက္ကသိုလ်၌ ပို့ချချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ပို့ချချက်တွင် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အား မလွဲမသွေပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၅ ရက် (ယနေ့) တွင် ချက်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိ မည် ဖြစ်သည်။ ၎င်းသည် ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော Forum 2000 ကို တက်ရောက်မည်ဖြစ်သည်။ အဆိုပါဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် နှစ် စဉ်ဖိတ်ကြားခဲ့သော်လည်း နေအိမ်အကျယ်ချုပ် ချထားခြင်းခံရစဉ်က တက်ရောက်နိုင်ခြင်း မရှိပေ။

အဆိုပါ ဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်း ရေး နိုဘယ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

Eleven Media Group

1 comment:

  1. ဘယ်သူလုပ်လုပ်ကောင်းရင်တော့အ ကောင်းမြင် မှာပဲ ကိုယ့်နိုင် ငံ ကောင်းမယ်ဆိုရင် ဘယ်လောက်ပဲလွန်လွန် မုဒိတာ ပွား နိုင် ပါတယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။