/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 16, 2013

.

ပခုက္ကူမြို့အနီး ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက်များအထိ မြစ်ရေ၀င်ရောက်



ပခုက္ကူမြို့အနီး ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာ များနှင့် ရေလယ်ကျွန်း ကျေးရွာတွင် မြစ်ရေကြီး မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ် ရပ်ကွက် အချို့တွင်လည်း မြစ်ရေ၀င်ရောက် လာ ခြင်းကြောင့် ရေလွတ်ရာနေရာများ သို့ရွှေ့ပြောင်း နေကြ ကြောင်း သိရသည်။


မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ နေရသော ပခုက္ကူမြို့နယ်တွင်း ရေလယ်ကျွန်း ကျေးရွာများ ဖြစ်သည့် ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ ဗွက်ကုန်းကျေးရွာများတွင် အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားများ အား ရေလွတ်ရာ အမြင့်ပိုင်းများသို့ ရွှေ့ပြောင်းစဉ် ရေနစ်သေဆုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသ ခံများ၏ ပြောကြားချက်အရ သိရသည်။

"ပြီးခဲ့တဲ့ ငါးရက်ကတည်းက မြစ်ရေက ဆက်တိုက်တက်လာပြီး ရွာထဲဝင်လာတယ်။ ရေက တအားများနေ တော့ နွားတွေရော အသုံးအဆောင် ပစ္စည်းတွေရော အမြင့်ပိုင်းတွေ ရွှေ့ထားရတယ်။ ကျွဲတွေ နွားတွေကို ရေ၀င်နေရာတွေကနေ အမြင့်ပိုင်းတွေကိုရွှေ့တုန်း ရေနစ်သေတာတွေလည်း ရှိတယ်။ မနေ့ကကိုပဲ ဗွက် ကုန်းက ကလေးတစ်ယောက် ကျွဲကိုရေလွတ်တာ သွားပို့ရင်း ရေနစ်သေသွားတယ်" ဟု မြစ်ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ပခုက္ကူ ကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ပြောသည်။

ပခုက္ကူမြို့အနီးရှိ ကျေးရွာတစ်ခု၌ မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် 

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ရွှေချောင်းကျွန်း၊ အေးကျွန်းကျေးရွာများတွင် နေထိုင်သူများ မှာလည်း ရေလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရ သည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာရွှေ့ပြောင်းမှုနှင့် ကြုံတွေ့နေရသည့် သိမ်ကုန်း၊ မရိုးကုန်း၊ မြင်းကျွန်း၊ ထနှောင်းကုန်း ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံ မှုများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

အပေါ်ပုံ - ပခုက္ကူမြို့အနီးရှိ ကျေးရွာတစ်ခု၌ မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။