/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 17, 2013

.

လက်ရှိအချိန်တွင် အခက်အခဲနှင့် စိန်ခေါ်မှု အကြီးဆုံး ရှိနေပြီး လုပ်သင့်သည်များကို အမှန်ကန်ဆုံး ဆုံးဖြတ်လုပ်ကိုင်ရမည့် ကာလဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံ၏ လက်ရှိအကူးအပြောင်း ကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှု အကြီးဆုံး ရှိနေပြီး လုပ် သင့်သည်များကို အမှန်ကန်ဆုံး ဆုံးဖြတ်လုပ်ကိုင် ရမည့် ကာလဖြစ်ကြောင်း ချက်သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ် အလည်အပတ် ရောက်ရှိနေ သော မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပ သည့် Forum 2000 အဖွင့်မိန့်ခွန်းတွင် ပြောကြား ခဲ့သည်။


ထို့ပြင် လက်ရှိ အခြေအနေသည် နောက်တစ်ကြိမ် ပြန်လည် ရရှိနိုင်ရန် ခက်ခဲသည့် အခွင့်အရေးများကို ရရှိနေသည် ဆိုသော်လည်း လက်ရှိမြန်မာနိုင်ငံ အပြောင်းအလဲအပေါ် အကောင်းမြင်လွန်းခြင်းသည် ရှေ့ ဆက်သွားရမည့် လမ်းကြောင်းကို ပျောက်ဆုံးသွားစေ နိုင်ကြောင်းကိုလည်း သူကသတိပေးခဲ့ပြီး အပြောင်း အလဲ အတွက် ကြိုးပမ်းခဲ့ကြရသည့် အခက်အခဲများကို မှတ်မိနေရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြား သည်။

''ကျွန်မတို့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကိုသွားတဲ့ လမ်းကြောင်းကို စနိုင်ခဲ့ ပါပြီ။ ဒါပေမဲ့ ကျွန်မ ထပ်ခါထပ်ခါ ပြောခဲ့ဖူးသလိုပဲ အပြောင်းအလဲအပေါ် အကောင်းမြင်လွန်းခြင်း ကတော့ ကျွန်မတို့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပျောက်ဆုံးသွားစေ နိုင်ပါတယ်။ ကျွန်မတို့တွေ့ကြုံခဲ့ရတဲ့အခက် အခဲတွေကို မှတ်မိနေဖို့လိုတယ်။ သူသာ (ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel) ဆိုရင်လည်း ဒီလိုမျိုး အခြေအနေအပေါ် အရမ်းကြီး အကောင်းမြင် နေတာမျိုးကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန် ဟာ ကျွန်မတို့အတွက် စိန်ခေါ်မှု အရှိဆုံး အချိန်ပါ။ အခုချိန်မှာ ရရှိနေတဲ့ အခွင့်အရေး ကောင်းတွေဟာ တော်တော်ကြာတဲ့ အချိန်ထိ ပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မှန်ကန်တဲ့ အချိန်မှာ ချမှတ်နိုင်ရေးဟာ ဒီအကူးအပြောင်း ကာလမှာ အရေးအကြီးဆုံးပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည် က အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့သည်။ Forum 2000 ဆွေးနွေးပွဲ ၏ အဖွင့်မိန့်ခွန်း အစတွင် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သွားပြီ ဖြစ်သည့် ချက်နိုင်ငံသမ္မတဟောင်း Vaclav Havel နှင့်ပတ်သက်၍ ပြောကြားခဲ့ရာ သူ၏ရေးသား မှုများသည် သူမအကျယ်ချုပ် ကျခံနေရချိန် တွင် အားတက်စရာများ ဖြစ်ခဲ့ပြီး အတုယူခဲ့ရသည်ဟု ပြောကြားသည်။ ထို့ပြင် Vaclav Havel သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် များစွာကျေးဇူး ရှိကြောင်းနှင့် သူကသာ သူမ၏ နာ မည်စာရင်းကို တင်သွင်းခဲ့ခြင်း မပြုခဲ့ပါက သူမသည် ၁၉၉၁ ခုနှစ် နိုဗယ်ဆုကို ရရှိနိုင်စရာအကြောင်း မရှိကြောင်းလည်း သူမ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်က ချက်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် (၁၇) ကြိမ်မြောက် ဖိုရမ် ၂၀၀၀ ကွန်ဖရင့်ဖွင့်ပွဲသို့ တက်ရောက်လာသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် 
(Photo:AFP) 

''သူရေးတဲ့ စာအုပ်တွေ ကျွန်မရရှိတဲ့ အချိန်မှာ သူဘယ်လို ရုန်းကန်ရှင်သန်ခဲ့ရလဲ ဆိုတာကိုကြည့်ပြီးကျွန်မ အတု ယူခဲ့ရတယ်။ တကယ်ပြီးပြည့်စုံတဲ့ လွတ်လပ်မှုဆိုတာ အမှန်တရားမှာ နေထိုင်ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်မ အကျယ်ချုပ် ကျနေတဲ့ အချိန်မှာ ကျွန်မကို လွတ်မြောက်နေအောင် ခံစားရစေခဲ့သူဟာ သူပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ချက်သမ္မတနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Forum 2000 ဆွေးနွေးပွဲသည် ယခင် ဆိုဗီယက် ပြည် ထောင်စုနိုင်ငံများ၊ အာရပ်ကမ္ဘာ၊ လက်တင် အမေရိကနှင့် အာရှနိုင်ငံများတွင် အကူးအပြောင်း၌ တွေ့ကြုံ ရတတ်သည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ အန္တရာယ်များနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ကျင်းပခြင်း ဖြစ်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းတွင် လိုအပ်သည့် အရာများအပေါ် ပိုမို နားလည် လာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အကူးအပြောင်းအပေါ် ရပ်တန့်သွားစေ နိုင်မှုများနှင့် နောက်ကြောင်းပြန်သွားနိုင်မှု အန္တရာယ်များကိုလည်း သိရှိစေရန် ဖြစ်သည်။ ယခုဆွေးနွေးပွဲကို စက်တင် ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်များ ဖြစ်ကြသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားအပြင် အခြားလူ့အခွင့်ရေးနှင့် ဒီမိုကရေစီအရေး တက် ကြွလှုပ်ရှား သူများလည်း တက်ရောက်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သော Forum 2000 ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်စဉ်ဖိတ်ကြား ခဲ့သော်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့်အတွက် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ယခုအကြိမ်မှ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။