/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 24, 2013

.

ဟုန်ရှင်း အအေးခန်းစက်ရုံအလုပ်သမား များ သပိတ်စခန်း ပိတ်သိမ်း



စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့်လှစ် ဆန္ဒ ပြခဲ့သော ဟုန်ရှင်းအအေးခန်းစက်ရုံအလုပ်သမား များ၏ သပိတ်စခန်းကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ပိတ်သိမ်းလိုက်ပြီး ဆန္ဒပြ အလုပ် သမားများ အ လုပ်ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ဝန်ကြီး ဦးစိုးမင်းက ပြောဆိုလိုက်သည်။


ဟုန်ရှင်း အအေးခန်းစက်ရုံမှာ ရာသက်ပန်ပိတ်သိမ်း သွားမည်ဖြစ်ပြီး ယင်းကိုဖောက်ဖျက်ပါက ဝန်ကြီးဌာန အနေဖြင့် အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း တိုင်းဝန်ကြီးက ပြောဆိုသည်။

၎င်းက "စက်ရုံကို ရာသက်ပန် ပိတ်သိမ်းခိုင်းမယ်။ ဖောက်ဖျက်ရင် ကျွန်တော်တို့ဝန်ကြီးဌာနက အရေးယူ မယ်။ အလုပ်သမားတွေကို လျော်ကြေးရဖို့နဲ့ အလုပ်ရဖို့ ကျွန်တော် ကိုယ်တိုင်ရှာပေးမယ်" ဟုပြောသည်။

ယင်းကဲ့သို့ ဟုန်ရှင်းအအေးခန်းစက်ရုံ ထာဝရပိတ်သိမ်းမည်ဆိုပါက ဆန္ဒပြအလုပ်သမားအနေဖြင့် သဘော တူညီနိုင်ပြီး အမှန်တကယ်စက်ရုံ ပိတ်သိမ်းပေးရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စောင့် ကြည့်ပေးရန် လိုအပ်ကြောင်းလည်း အလုပ်သမားများက ပြောသည်။

ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုမင်းမင်းက "စက်ရုံက ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပြန်လုပ် ရင် အလုပ်သမားတွေကို ပထမဦးစားပေးအနေနဲ့ပြန်ခေါ်ဖို့လည်း သဘောတူညီမှုထဲမှာပါတယ်။ နောက်ပြီး စက်ရုံက တရားဝင်ထာဝရပိတ်သိမ်းတာလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ သပိတ်စခန်းကို ဖျက်သိမ်း ပါ ပြီ" ဟုဆိုသည်။

ဆန္ဒပြ သပိတ်စခန်းဖွင့်ထားသော အလုပ်သမားများကို ကျောက်တံတား ရဲစခန်းတွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး ယင်းတရားစွဲဆိုမှုကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများပြုလုပ်၍ အမှုရုပ်သိမ်းပေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ဒု-ရဲမှုးကြီး မြင့် အေးက ဆိုသည်။

"အခုကျောက်တံတားရဲစခန်းက တရားစွဲဆိုထားတဲ့ ညှိနှိုင်းမှုတွေအရ ပုဒ်မ ၁၈ ကတော့ ကျေအေးနိုင်ပါ တယ်။ ကုမ္ပဏီနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက ဩဂုတ်လအတွင်း တရားစွဲဆိုထားတာတွေကိုတော့ သူ တို့တွေဆက်ပြီး ညှိနှိုင်းဆောင်ရွက်ကြမှာပါ" ဟု ရှင်းပြသည် ။

ယင်းကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပေါ်လာသည့် ပြဿနာများကို အစိုးရတာဝန်ရှိသူများ အနေဖြင့် ဖြေရှင်းပေးခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "သက်ဆိုင်ရာ အလုပ် သမား ဝန်ကြီးဌာနတွေကို စာတင်ပြီး တိုင်ကြားတယ်ဆိုရင် သုံးရက်အတွင်း ဖြေကြားပေးနေတယ်လို့ အလုပ်သမား ဝန်ကြီးက ပြောတယ်။ အဲဒီတော့ အလုပ်သမားတွေအနေနဲ့ ဘယ်နေရာကို တိုင်ရမယ်ဆိုတာ သေချာသိရင် အဆင်ပြေမှာပါ" ဟု ပြောသည်။

ဟုန်ရှင်းအအေးခန်းစက်ရုံ ရာသက်ပန် ပိတ်သိမ်းမှုကြောင့် ဆန္ဒပြသူ အလုပ်သမားများ ၁၀၃ ဦးက စက် တင်ဘာ ၂၃ ရက်တွင် သဘောတူလက်မှတ်ရေးထိုးပြီး ညနေ ငါးနာရီခွဲခန့်အချိန်တွင် သပိတ်စခန်းကို ပိတ်သိမ်းခဲ့သည်။

စက်ရုံတွင်းနေထိုင်သည့် အလုပ်သမားများကို ကုမ္ပဏီအနေဖြင့် စက်တင်ဘာ ၂၆ ရက်အထိ နေထိုင်ခွင့် ပေးထားသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအလုပ်သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှုမှာ အချက် (၅) ချက်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြေလည်မှု ရရှိစေရန်အတွက် ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်၊ ဟုန်ရှင်းအအေးခန်း စက်ရုံမှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဟုန်ရှင်း အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ ဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆို သဘောတူညီခဲ့ပြီး သပိတ်စခန်းကိုလည်း ဖျက်သိမ်း ပေးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များမှာ

(၁) ဟုန်ရှင်း ငါးအအေးစက်ရုံ အမြဲတမ်း ပိတ်သိမ်းခြင်းကိုတောင်း ဆိုသူ ဦးမင်းမင်းပါ ၁၀၃ ဦးတို့မှ သိရှိသဘောတူရန်၊ 

(၂) စက်ရုံ ပိတ်သိမ်းခြင်း အတွက် ဥပဒေအရ အလုပ် ရပ်စဲဖို့ နစ်နာကြေးနှင့် လုပ်ခလစာ ကျန်ငွေများကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်း က နောင်ခန်းမ၌ ပေးချေရယူရန်၊

(၃) အလုပ်ရပ်စဲ နစ်နာကြေးများကို အလုပ်သမားများမှလက်ခံရရှိပြီးနောက် ဟုန်ရှင်း ငါးအအေးခန်း စက်ရုံနှင့် အခြားရရန် ပေးရန် မရှိတော့ပါကြောင်း၊

(၄) တောင်းဆိုမှုနှင့် ပတ်သက် ၍ အမှုဖွင့်လှစ်ထားသော ဦးမင်းမင်းနှင့် ဦးသီဟတို့ အတွက် ဒါရိုက်တာ အဖွဲ့သို့တင်ပြ၍ အကောင်းဆုံး ပြေ လည်အောင် ညှိနှိုင်းဆောင်ရွက်ရန်၊

(၅) စက်ရုံ အဆောင်နေသူများ ပြောင်းရွှေ့မှု အခက်အခဲမဖြစ်နေျေစရန် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းအထိ နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန်နှင့် အဆောင်နေသူ များ နေထိုင်စဉ် ကာလအတွင်း စက်ရုံ၊ စက်ပစ္စည်း၊ အဆောက်အအုံ၊ စက်ရုံနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးပျက်စီး ဆုံးရှုံးမှု မရှိစေရန် တာဝန်ယူရန်စသည့် အချက်(၅) ချက် ပါဝင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။