လာမယ့် လအနည်းငယ်အတွင်းမှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေနွေး ပွဲတွေ၊ သဘောတူညီမှုတွေ စဖို့အတွက် အစိုးရ ဘက်က အချိန်ကန့်သက်ချက်တွေ ထုတ်ပြန် လာနိုင်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောဆို လိုက်ပါတယ်။
အခုချိန်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၁၄ ဖွဲ့ရှိနေပြီး ကချင် ကေအိုင်အို၊ တအောင်း ပလောင် TNLA နဲ့ အခြား အဖွဲ့အစည်းအနည်းငယ်သာ အပစ်အခတ်ရပ်စဲဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ကေအိုင်အိုနဲ့ TNLA တို့နဲ့ လက်ရှိ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လအနည်းငယ်အတွင်းမှာ အစိုးရဘက်က အချိန်ကန့်သက်ချက်တွေ ထုတ်လာနိုင်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောရေးဆိုခွင့်ရှိသူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ယခုလိုပြောပါတယ်။
“အားလုံးပါလာအောင် ဖိတ်မှာပါပဲ၊ အဲတော့ ၁၄ ဖွဲ့အပြင် နောက်ထပ်နှစ်ဖွဲ့လဲ KIO နဲ့ကော TNLA နဲ့ကော ဆွေးနွေးနေတာ ဖြစ်တဲ့အတွက် သူတို့လဲ ပါလာဖို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် အချိန်တစ်ခုအထိကိုတော့ စောင့်ဆိုင်းရမယ့် သဘောရှိတယ်။ အားလုံးပါရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် လအနည်းငယ် အတွင်းမှာတော့ အစိုးရဘက်ကတော့ Time Line တွေ ထုတ်ကောင်းလဲ ထုတ်ပါလိမ့်မယ်။”
ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားမှု နည်းပါးနေပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ ထိပ်တိုက် တွေ့ဆုံမှု အချို့ရှိနေတယ်လို့ သိရပါတယ်။
TNLA အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင် ငြိမ်းချမ်းရေးကို အထောက် အကူမပြုနိုင်တဲ့အတွက် တိုက်ပွဲထိတွေ့မှုတွေ မရှိတော့မှသာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ သြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ UNFC တို့ Frame Work မူဘောင်အဖွဲ့တွေ ဆွေးနွေးနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ရယူနိုင်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့ ပြောဆို ကြကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
Credit : http://abbsoluteright.blogspot.com/2013/08/blog-post_5367.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။