/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 12, 2013

.

အင်အားကြီး နိုင်ငံရေးပါတီ ဌာနချုပ် တည်ရှိပြီး နိုင်ငံရေး အခမ်းအနားများ အများဆုံး ပြုလုပ်လေ့ရှိသည့် ဗဟန်းမြို့နယ်အတွင်း ခွင့်ပြုချက်မရဘဲ အခမ်းအနား ပြုလုပ်ပါက အရေးယူမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ညွန်ကြား



အင်အားကြီး နိုင်ငံရေးပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတည်ရှိပြီး နိုင်ငံရေးနှင့် ပတ်သက် သော အခမ်းအနားများ အများဆုံး ပြုလုပ်လေ့ရှိသည့် ဗဟန်းမြို့နယ်အတွင်း ခွင့်ပြု ချက် မရဘဲ အခမ်းအနား များ ပြုလုပ်ပါက အရေး ယူ မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။


ထိုသို့ ညွှန်ကြားချက်ကို သြဂုတ် ၈ ရက် နေ့စွဲဖြင့် ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ် ရေး မှူးရုံးမှ ဗဟန်းမြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်ထံမှ စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် အတွင်းရှိ ရပ်ကွက်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ခန်းမများ၊ ဘာသာရေး အဆောက် အအုံများ၊ ကျောင်းများနှင့် အခြားလူမှုရေး အဆောက်အအုံများတွင် ခွင့်ပြုချက်မဲ့ အခမ်းအနားများ ကျင်းပ နေသည်ကို စိစစ်တွေ့ရှိရ၍ ခွင့်ပြုချက် ရယူဆောင်ရွက်ရေးနှင့် ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ဆောင် ရွက်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောင်ရွက်လိုသူများနှင့် သက်ဆိုင် သူများအား အသိပေးရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် ထပ်ဆင့် အကြောင်း ကြား ပါ သည်ဟု ညွှန်ကြားချက်တွင် ပါဝင်သည်။

ထိုညွှန်ကြားချက်သည် သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာအမှတ် ၁/၁ - ၃(၁)/ အစည်းအဝေးကို ရည်ညွှန်းကြောင်း သိရသည်။

ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းမပြုမီ ဇူလိုင် ၃၁ ရက်က ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ အထက် ညွှန်ကြားချက်အရဟု ပြောဆို၍ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်အား အခမ်းအနားပွဲများ ကျင်းပခြင်းကို လက်ခံငှားရမ်းပါက ရက် ၂၀ ကြိုတင် အကြောင်းကြားရမည် ဖြစ်ကြောင်း နှုတ်ဖြင့်ခေါ်ယူ သတိပေးခဲ့ပြီး ဦးစိုးညွန့်မှလည်း ခေါ်ယူသတိပေးမှုသည် ပုဂ္ဂိုလ်ရေးဆန်ကာ မိမိအနေဖြင့် ခန်းမငှား ရမ်း ခြင်း သာဖြစ်ပြီး ခန်းမအတွင်း ပြောဆိုမှုများသည် ပွဲစီစဉ်သူများနှင့်သာ ဆိုင်ကြောင်း ပြန်လည်တုံ့ပြန် ပြော ဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စာဖြင့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးညွန့်က ပြောကြားသည်။

''ဒါကတော့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီပေါ့ဗျာ။ သူတို့ကတော့ လူလည်းမပြောင်း မူလည်း မပြောင်း တဲ့ဟာပေါ့။ လုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုလည်း မတတ်နိုင်ဘူးပေါ့ဗျာ။ လုပ်ပေါ့။ ဒါပေမဲ့တရားဥပဒေစိုးမိုး မှုမျိုး ရှိဖို့လိုတာပေါ့။ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အဖွဲ့တွေရှိလည်း ကျွန်တော် ဒီကိစ္စကို အကြောင်းကြား ထားပါတယ်။ အဖြေတစ်ခုတော့ ထွက်လာမှာပေါ့ဗျာ။ ကျွန်တော်တို့ ရှေ့သွားမလား။ နောက်ဆုတ်မလား ဆိုတဲ့အချိန်မှာ ဒီကိစ္စကြီးက အရမ်း အရုပ်ဆိုးတာပေါ့'' ဟု တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်က ပြောကြား သည်။

ထို့ပြင် လက်ရှိနိုင်ငံရေး အပြောင်းအလဲတွင် နိုင်ငံရေး အယူအဆ နိုးကြား၍ ပြောဆိုဆွေးနွေးမှုများ အဆင် ပြေစွာ လုပ်နေချိန်တွင် ပိတ်ဆို့တားဆီး ဟန့်တားမှု မှန်သမျှကို လက်မခံကြောင်း၊ ထိုသို့ လုပ်ဆောင်မှု သည် မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ လွတ်လပ်မှုနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ချုပ်ကိုင်ရာ ရောက် ကြောင်း၊ မြန်မာနိုင်ငံ၏ ယနေ့ ပေါ်ပေါက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပုံသဏ္ဌာန်သည် တော်ဝင် နှင်းဆီကဲ့သို့ ဆိုင်များတွင် အခမ်းအနား ပြုလုပ်ခြင်းများ ဆက်စပ်ကြောင်းနှင့် အစိုးရ၏ နိုင်ငံအပြောင်း အလဲ များ ကို အားပေးနေကြောင်း ပြောဆိုနေမှုများကိုလည်း အဟန့်အတား ဖြစ်စေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က ပြောကြားသည်။

အဆိုပါကဲ့သို့ ခွင့်ပြုချက် တင်ခိုင်းမှုသည် အထိမ်းအမှတ် အခမ်းအနားများကဲ့သို့ ကြိုတင်သိရှိသည့် ပွဲများ သာ ဖြစ်နိုင်ခြေရှိပြီး ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမှုရေး၊ နိုင်ငံရေးနှင့် ရုတ်တရက် ပေါ်ပေါက် သော အရေးကြီး ကိစ္စများအား အများပြည်သူ သိရှိရန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်ပင် မလွယ်ကူ တော့သည့် အခြေအနေမျိုး ဖြစ်ကာ အများပြည်သူ သတင်းသိရှိခွင့်အား ပိတ်ပင်သည့် အခြေအနေမျိုး လည်း ဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

''ပွဲလမ်းသဘင်တွေ ဟောပြောပွဲတွေ လုပ်မယ်ဆိုရင် ခွင့်ပြုချက် တင်ရတယ်။ ဘာလို့လဲဆိုတော့ ခွင့်ပြု ချက် တင်တဲ့အခါမှာ ကျွန်တော်တို့က လိုအပ်တာတွေ လုပ်ပေးတယ်။ လုံခြုံရေးတို့၊ ယာဉ်ထိန်းတို့ပေါ့။ သီးခြားညွှန်ကြားချက် မဟုတ်ဘူး။ အစတည်းက လုပ်တာ။ လုပ်တဲ့အခါမှာ ထူးခြားချက်က တော်ဝင်နှင်းဆီ က မလုပ်ဘူး။ လုပ်တာ မလုပ်တာကို မပြောလိုဘူး။ တကယ်လို့ တစ်ခုခု ပေါ်လာရင် ဘယ်သူက တာဝန် ယူ မလဲ။ အဲဒီတော့ ဟိုတုန်းက ညွှန်ကြားချက်ကို ထပ်ပြီးတော့ တရားဝင် သတိပေးတာ။ ဟိုတုန်းတည်းက အကုန်လုံး သိပြီးသား။ တော်ဝင်နှင်းဆီက တင်ချင်လည်းတင်တယ်။ မတင်ချင်လည်း မတင်ဘူး။ မတင်တဲ့ အခါကြတော့ ကန့်ကွက်မှုတွေ ပေါ်လာတယ်။ တစ်ဖက်က ဥပမာအားဖြင့် တိုင်းရင်းသား တစ်မျိုးတည်းမှာ ဆန့်ကျင် ကန့်ကွက်မှုတွေရှိတယ်။ သူတို့က မသိဘူးပေါ့။ ကျွန်တော်တို့ဆီကို လာပြီးတော့ တင်ပြလာတာ ပေါ့။ အဲဒါကြောင့် လုပ်တာမှန်သမျှတင်ပေး၊ အစိုးရအဖွဲ့မှာ ဆုံးဖြတ်ပေးမယ်။ အဲဒီသဘောပါပဲ''ဟု ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခု ထုတ်ပြန် အသုံးပြုနေသော အမိန့်ညွှန်ကြား ချက်များသည် ယခင် စစ်အစိုးရလက်ထက် ညွှန်ကြား ချက်များအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်နေကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်တွင် လုပ်ကိုင်နေကြ သော အုပ်ချုပ်ရေး အာဏာပိုင်များက ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျော်၍ ချုပ်ချယ်ကန့်သတ်မှု ပြု လုပ်နိုင်သလားဟု မေးခွန်းမေးရမည့် အခြေအနေ ဖြစ်နေကြောင်း ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

''အဖွဲ့တစ်ဖွဲ့က အခန်းငှားပြီးတော့ အဲဒီအခန်းထဲမှာ အစိုးရကို အကြည်ညိုပျက်စေတဲ့ မကောင်းတာတွေ ပြောလို့ရှိရင် အဲဒီပြောတဲ့ အဖွဲ့၊ ပြောတဲ့သူကို အချိန်မရွေး အရေးယူလို့ရတယ်။ ဒါကပြောတဲ့ သူနဲ့ပဲ ဆိုင် တာ။ အဆောက်အအုံနဲ့လည်း မဆိုင်ဘူး။ အဆောက်အအုံ ပိုင်ရှင်နဲ့လည်း မဆိုင်ဘူး။ အဆောက်အအုံ ပိုင်ရှင်က သူတို့ဘာပြောမလဲဆိုတာ သိတာမဟုတ်ဘူး။ သူတို့ပြောတာ မှန်မှန် မှားမှား သူတို့ကိစ္စ'' ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုက်ရိုက်သက်ဆိုင်သည့် တပ်မတော် အငြိမ်းစား ဟောင်းများဖြင့် ဖွဲ့စည်းထားသော မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ-မြို့တွင်း) အား ခေတ် စနစ်နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် ယာဉ်ပိုင်ရှင်များမှ သတင်းစာ ရှင်းလင်းပွဲနှင့်အတူ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည့်ပွဲကို ဇူလိုင် ၂၈ ရက်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ခေါ်ယူသတိပေးခြင်း၊ စာထုတ်၍ သတိပေး အကြောင်းကြားခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သည် ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှ ၈ ရက်ထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ့ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားမှ 'အရေး တော်ပုံ' စာသား ပါဝင်မှုကို ခွင့်မပြုခဲ့ဘဲ ဖြုတ်ပေးရန် ဖိအားပေးမှုများ ရှိခဲ့သော်လည်း အခမ်းအနား ကျင်းပ ရေးလုပ်ငန်း ကော်မတီက ဖြုတ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။