/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, July 27, 2013

.

မြန်မာ-အမေရိကန် ပူးပေါင်းထိန်းသိမ်းမည့် နှစ် ၁၃၀ ကျော်က ရွှေကျောင်းတော်စီမံကိန်း စက်တင်ဘာတွင် စတင်မည်

အမေရိကန်၊ မြန်မာတို့ ပူးပေါင်းထိန်းသိမ်းကြမည့် နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် မန္တလေး မြို့၊အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ မဟာအတုလ ၀ိဇယာရာမတိုက်နှင့် မဟာရံတံတိုင်း နှစ်ခု ကြားရှိရှေးဟောင်း ရွှေကျောင်းတော်ကြီးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်သူ Mr. Derek J. Mitchell ဇူလိုင်လ ၂၅ ရက်က သွားရောက် လေ့လာခဲ့သည်။


အဆိုပါ ရွှေကျောင်းတော်ကြီး ပြုပြင် ထိန်းသိမ်းနိုင်ရန် လေ့လာရေးခရီးစဉ်တွင် သံအမတ်ကြီးနှင့်အတူ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေ၊ တိုင်းအစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဖုန်းဇော်ဟန်၊မြန်မာဗိသုကာနှင့် ဒီဇိုင်းပညာရှင်များ ရှေးဟောင်းသုတေသနဌာနမှ အရာထမ်း များလည်း သွားရောက် လေ့လာခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီး၊ မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် Mr. Derek J. Mitchell တို့သည် ရွှေကျောင်းတော်ကြီး ထိန်းသိမ်းရေးအတွက် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင်လည်း ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ညှိ နှိုင်းဆွေးနွေးခဲ့ကြသေးသည်။

ဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်တွင် “စီမံကိန်းတွင် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ယဉ်ကျေး မှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ကျွမ်းကျင် ၀န်ထမ်း များ ပူးပေါင်းဆောင်ရွက်မည်”ဟု ပါရှိသည်။

စီမံကိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်မည်ဖြစ်ကာ ဇွန်လတွင် အဆုံးသတ်မည်ဖြစ်သည်။ ရန်ပုံငွေကို အမေရိကန်နိုင်ငံ Ambassadors Fund for the Cultural Preservation မှ ပံ့ပိုးကူညီမည်ဟု လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေကျောင်းကို ထိန်းသိမ်းပြုပြင်ရန် အမေရိကန်နိုင်ငံက စတင် ကမ်လှမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယဉ် ကျေးမှုဒုဝန်ကြီး ဦးသန်းဆွေက ပြောသည်။

“ဒီရွှေကျောင်းကြီးကိုမှ ဘာကြောင့် ပြုပြင်လိုပါသလဲ၊ မြန်မာနိုင်ငံမှာ စလေရုပ်စုံကျောင်းလိုမျိုး အခြား သစ်သားကျောင်းတော်များနဲ့ ရှေးကျတဲ့ အဆောက်အအုံများ ရှိနေတာပဲလို့ ဆွေးနွေးတော့ အမေရိကန် သံရုံးဘက်က ဒီရွှေကျောင်းတော်ကြီးဟာ မြို့ကြီးပြကြီးမှာ သူတို့ လက်လှမ်းမီ ပြုပြင် ထိန်းသိမ်းဖို့ လွယ်ကူ တဲ့အတွက်ကြောင့်လို့ပြောပါတယ်”ဟု ဦးသန်းဆွေက ပြောသည်။

ရွှေကျောင်းထိန်းသိမ်းမှုကော်မတီကို ဒုဝန်ကြီးဦးသန်းဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကာယဉ်ကျေး မှုဝန်ကြီးဌာနမှ ညွှန်ချုပ်သုံးဦး၊ ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခချုပ်၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ရှေးဟောင်းပညာရှင် ဦးဝင်းမောင်၊ ဦးဝင်းမြင့် စသည်တို့က ပူးပေါင်း ဆောင် ရွက်ကြမည် ဖြစ်သည်။

ရွှေနန်းတော်ကျောင်းသည် မြတ်နန်းစံကျော် ရွှေနန်းတော်ကြီးမှ မှန်နန်းဆောင်၏ မြောက်ဘက်တွင် တည် ရှိခဲ့သော နန်းဆောင်တစ်ဆောင်ဖြစ်သည်။ မန္တလေး၊ ရတနာပုံ မြို့တည်နန်းတည်၊ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးအောက်တိုဘာ ၂ ရက် ၁၈၇၈ ခုနှစ်တွင် နတ်ရွာစံခဲ့ပြီးနောက် ထီးနန်းဆက်ခံခဲ့ သော သားတော်သီပေါမင်းကမြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်ရှိ မင်းတုန်းမင်း နတ်ရွာစံခဲ့သော နန်း ဆောင်နှင့် စနုဆောင်တို့ကို အောက်တိုဘာ ၁၂ ရက်တွင် ဖြုတ်သိမ်းခဲ့ကာ ယခုနေရာတွင် ရွှေနန်းတော် ကျောင်းအဖြစ် အောက်တိုဘာ ၃၁ ရက် ၁၈၈၃ ခုနှစ်တွင် အပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ခေတ်ကာလ ကုန်ကျငွေမှာ ထိုခေတ် ဒင်္ဂါး ၁၂၀,၀၀၀ ကျပ်ခန့် ကုန်ကျခဲ့သည်ဟု သမိုင်းအထောက်အ ထားများကဖော်ပြသည်။ နန်းတော်အဆောင်ကို ကျောင်းအဖြစ် ရွှေ့ပြောင်းဆောက်လုပ် လှူဒါန်းခဲ့၍ “ရွှေနန်းတော်ကျောင်း”ဟူ၍လည်းကောင်း ကျောင်းတော်ကြီး အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချ ရွှေ ရောင်တောက်ပလျက်ရှိခြင်းကြောင့် “ရွှေကျောင်း”ဟု ခေါ်တွင်ခဲ့သည်။

ရွှေနန်းဆောင်တော်ကြီး တစ်ဆောင်လုံးအား အရှေ့အနောက် တိုင် ၁၅ လုံးတန်းနှင့် တောင်မြောက်တိုင် ၁၀ လုံးတန်း တည်ဆောက်ထားပြီး တိုင်လုံးပေါင်း ၁၅၀ တိုင်၊ နယားရုပ်ထောက်တိုင် ၅၄ တိုင်နှင့် သရက် ကင်းအုတ်လှေကား ငါးစင်းဖြင့် ဆောက်လုပ်ခဲ့သည်။

မြန်မာမှု သစ်သားပန်းပုကို အခြေခံကာ ခြူးပန်း၊ ခြူးနွယ်၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်တို့ကို အနု ပညာမြောက် လက်ရာများဖြင့် အနုစိတ် ဆောက်လုပ် လှူဒါန်းခဲ့သော ရှေးကျောင်းတော်ကြီး ဖြစ်သည်။

မဇ္ဈိမ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။