/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 4, 2013

.

အများပြည်သူအကျိုး ရှေးရှုပြီးမှသာ အပြန်အလှန် ထိန်းညှိသင့်

အင်္ဂလိပ်သာသာဖြင့် Check and Balance ဟု ခေါ်ဆိုသည့် အပြန်အလှန် ထိန်းညှိခြင်း ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်မှာ တစ်ဦးတစ်ယောက်တည်း တစ်ဖက်တည်းက အာဏာအလွဲမသုံးစေရန် အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ လက်ဝယ်ထိန်းညှိခွင့် (ချိန်ခွင်လျှာထိန်းခွင့်) ပေးထားသည့် သဘော လည်း ဖြစ်သည်။


လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် တယ်လီဖုန်းအော်ပရေတာ တင်ဒါ ရွေးချယ်သည့်ကိစ္စတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခုကိုကြေညာခြင်း မပြုမီ ရက်ပိုင်းအလို (တစ်ရက်အလို) တွင်မှ ဆက်သွယ်ရေး ဥပဒေ အတည် မပြုရသေးမီ ယခုလိုလုပ်ဆောင်ခြင်းသည် ပြည်တွင်း လုပ်ငန်းရှင်များအတွက် နစ်နာမှုများ ရှိနိုင်ပါသည် ဆိုသည့် အရေးကြီးအဆိုကို လွှတ်တော်တွင်တင်သွင်းကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

လူထုပရိသတ်မှာ လွှတ်တော်က ယခုကဲ့သို့ အရေးကြီး အဆိုတင်သွင်းခဲ့ခြင်းကို အံ့အားသင့် သွားခဲ့ကြ သည်။ မြန်မာနိုင်ငံ၏ အားနည်းနေသည့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာမှ အတွေ့အကြုံရှိသည့် ကာမ္ဗဏီကြီးများ ဝင်ရောက်လာကာ သူတို့၏ နည်းပညာ၊ အရင်းအနှီးနှင့် ထိရောက်သည့် စီမံခန့်ခွဲမှုကို အသုံးပြုလျက် မြန်မာနိုင်ငံ၏ ဈေးနှုန်းကြီးမြင့်နေသည့် မိုဘိုင်းဖုန်းဆင်းကတ်၊ ပြောဆိုခနှုန်းထား၊ နှေးကွေးသည့် အင်တာနက် ဝန်ဆောင်မှုတို့ကို ပြောင်းလဲတိုးတက်စေနိုင်မည်ဟု အများပြည်သူက မျှော်လင့်နေခြင်းကို အထက်ပါ ဆုံးဖြတ်ချက်က ချေဖျက်လိုက်သလို ဖြစ်ခဲ့သည်။

အစိုးရအဖွဲ့ တစ်နည်းအားဖြင့် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အပေါ် check and balance ရှိခြင်းသည် ကောင်းမွန်သည့်လက္ခဏာ ဖြစ်ပါသည်။ လိုအပ်သည့်အချက်လည်း ဖြစ်ပါသည်။ သို့ရာတွင် ထိုသို့သော လုပ်ပိုင်ခွင့်ကို အသုံးပြုသည့်အခါ ရှေးရှုရမည့် အချက်သည်အများပြည်သူ အကျိုးစီးပွားပင် ဖြစ်ပါသည်။ ဆက်သွယ်ရေး ဥပဒေကြမ်း အဆင်သင့် မဖြစ်သေးသည့် အချက်ကြောင့် မြန်မာ့တယ်လီဖုန်း၊ သတင်းဆက် သွယ်ရေး နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်မှုများ လုပ်ဆောင်ခြင်း မပြုသင့်ဟုဆိုလျှင် အများ ပြည်သူ အကျိုးစီးပွား ထိခိုက်မှုရှိမရှိကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု ယုံကြည်ပါသည်။

ယင်းအခွင့်အရေး လုပ်ပိုင်ခွင့်ကို အများပြည်သူအကျိုးစီးပွားအတွက် ဦးတည်၍သာအသုံးချသင့်ပါသည်။ တင်ဒါတင်သွင်းခဲ့ကြသည့် တယ်လီဖုန်း အော်ပရေတာများအနေဖြင့် တင်ဒါအောင်မြင်ခဲ့လျှင် ယခုလက်ရှိ ဖုန်းပြောဆိုခထက် သက်သာသည့် နှုန်းထား၊ သက်သာသည့် ဆင်းကတ်ဈေးနှုန်း၊ အရည်အသွေးပိုကောင်းမွန် သည့် ဆက်သွယ်မှုမျိုး လုပ်ဆောင်ပေးနိုင်ကြောင်း ၎င်းတို့၏ နိုင်ငံတကာ အတွေ့အကြုံများဖြင့် ရှင်းပြခဲ့ကြ သည်ကို ကြားသိရပါသည်။ သို့ဖြစ်၍ ထိုသို့ဆက်သွယ်ရေး ဝန်ဆောင်မှု တိုးတက်လာခြင်းသည် အများပြည် သူ၏ လူမှုဘဝများ၊ စီးပွားရေးဘဝများအပေါ် အထောက်အကူများစွာ ဖြစ်စေနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများပါ ပွင့်လင်းလာစေနိုင်ပါသည်။

ဥပမာအားဖြင့် လျှပ်စစ်မီးပြင်သူ၊ အငှားကားမောင်းသူ၊ ယုတ်စွအဆုံး ဆိုက်ကားနင်းသူ အထိ မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်ပါက ၎င်းတို့၏ ဝန်ဆောင်မှုကို လိုအပ်သည့်အချိန်တွင် ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူနိုင်မည် ဖြစ်သည်။ ယင်းအခြေအနေသည် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုပွင့်လင်းလာစေသည့် သဘောပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လယ်သမားများ မိုဘိုင်းဖုန်းဖြင့် စပါးဈေး၊ သီးနှံဈေးကို သိရှိနိုင်ကြသည်။ ယင်းအချက်ကြောင့် သူတို့ လုပ်အားဖြင့်ရလာသည့် စိုက်ပျိုးသီးနှံများကို ရသင့်သည့် ဈေးနှုန်းရအောင် လမ်းဖွင့်ပေးလိုက်သလို ဖြစ်စေသည်။ ဤသည်မှာ တယ်လီဖုန်း ဆက်သွယ်ရေး၊ မိုဘိုင်းဆက်သွယ်ရေး၏ လူမှုစီးပွားအပေါ် တိုက်ရိုက် အကျိုးပြုမှု သာဓက ဖြစ်သည်။

ထို့ကြောင့် အပြန်အလှန်ထိန်းညှိခွင့် လုပ်ပိုင်ခွင့်ကို လက်ဝယ်ရှိသည့် ပြည်သူများ ရွေးချယ်ပေးထားသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်အနေဖြင့် အများပြည်သူ အကျိုးစီးပွားကိုရှေးရှုပြီး အစိုးရအဖွဲ့ကို အပြန်အလှန် ထိန်းညှိပေးစေလိုသည်။

http://www.mizzimaburmese.com/edop/editorial/12368-2013-07-03-21-18-44.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။