/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 27, 2013

.

တရုတ်ငါးဖမ်းသင်္ဘော များတွင် ဒုက္ခရောက်နေသည့် မြန်မာသင်္ဘောသားများ ပြည်တော်ပြန်ခွင့် ရမည် ဟုဆို

အရှေ့တရုတ်ပင်လယ်ပြင်ရှိ တရုတ်နိုင်ငံသားပိုင် ငါးဖမ်းသင်္ဘော များတွင် အချိန်ပို ရှစ်နာရီ (အလုပ်ချိန် တစ်ရက် ၁၆ နာရီ) အဓမ္မခိုင်းစေ ခံနေရသည့် မြန်မာသင်္ဘောသား များကို ၄၅ ရက်အတွင်း မြန်မာနိုင်ငံသို့ ပြန်ခွင့် ရရှိမည်ဖြစ်ကြောင်း မြန်မာပင်လယ်ရေကြောင်း အလုပ်သမား များအဖွဲ့ချုပ် (MMWF) တွဲဖက်အ ထွေထွေ အတွင်းရေးမှူး (၁) ဦးရဲဝင်းထွန်းက ပြောကြားသည်။


ယင်းသင်္ဘောများပေါ်တွင် ရောက်ရှိနေသည့် မြန်မာသင်္ဘောသား နှစ်ဦးကို ပြန်ခေါ်ပေးရန် အဆိုပါ အဖွဲ့ ချုပ်ကို အကူအညီ တောင်းခံထားပြီး ယင်းသင်္ဘောသား နှစ်ဦးအပြင် အခြား တရုတ်သင်္ဘောများ ပေါ်ရှိ ဒုက္ခရောက်နေသည့် သင်္ဘောသား များကို ပြန်လာခွင့်ရရှိရန် လုပ်ဆောင်ပေး နေကြောင်း၊ ဒုက္ခရောက် နေသည့် သင်္ဘောသားများပြန်ခေါ်ရန် အကျိုးဆောင် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ရာ ၄၅ ရက်အတွင်း သင်္ဘောသား ခြောက်ဦးခန့် ပြန်ခွင့်ရရှိရန် သဘောတူညီမှု ရရှိထား ကြောင်း ၄င်းကဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ဒုက္ခရောက်နေသည့် သင်္ဘောသားများ အပြင် လုပ်အားခမရရှိမှု၊ သင်္ဘော သား စာအုပ်များကို အလုပ်ရှင်က သိမ်းဆည်းခံ ထားရမှု၊ သင်္ဘောသားအရာရှိ စာမေးပွဲများ ဖြေဆိုခွင့် ပိတ် ပင် ခံထားရမှုများကို အဖွဲ့ချုပ်က ဖြေရှင်းပေးနေပြီး သင်္ဘောသားများ အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပြဿနာများကို ITF (International Transport Worker’s Federation) အဖွဲ့ချုပ် အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကူညီ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဦးရဲဝင်းထွန်းက ထပ်မံ ပြော ကြားသည်။

သင်္ဘောတက်မည့် သင်္ဘောသားများ အနေဖြင့် တရားမဝင် အကျိုးဆောင်ပွဲစား များနှင့်ချိတ်ဆက်လုပ်ကိုင် ခြင်း မပြုရန် လိုအပ်ပြီး အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် ချုပ်ဆိုရာတွင်လည်း အသုံးအနှုန်းများ ကို နားမလည်ပါက နားလည်တတ်ကျွမ်းသူ များနှင့် တိုင်ပင် လုပ်ဆောင်သင့်ကြောင်း အတွေ့အကြုံရှိ သင်္ဘောသားများက ပြောကြားသည်။

"ကျွန်တော်ကတော့ သင်္ဘောတက်မယ့် လူငယ်တွေ တိုင်ပင်ဆွေးနွေး အကြံဉာဏ် တောင်းစေချင်ပါတယ်" ဟု မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ဆိုသည်။

သင်္ဘောသားအသစ် များကို တရားဝင် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လုပ်ကိုင်ရာတွင် အလုပ်ရရှိရန် ခက် ခဲနေသဖြင့် တရားမဝင် အကျိုးဆောင်ပွဲစားနှင့် လုပ်ကိုင်ခဲ့ရာ အကျိုးဆောင်ပွဲစား၏ ပြောဆိုချက် များနှင့် အမှန်တကယ် လုပ်ငန်းခွင်တွင် လုံးဝခြားနား နေကြောင်း ပွဲစားဖြင့် ချိတ်ဆက်ကာ သင်္ဘောတက်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် သင်္ဘောသား တစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် သင်္ဘောသားလက်မှတ် ကိုင်ဆောင်ထားသူ သင်္ဘောသား ဦးရေသည် ရှစ်သောင်းခန့်ရှိပြီး နှစ်သောင်းခန့်သာ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နေကြကြောင်း၊ ကျန်ခြောက်သောင်းခန့်မှာ အလုပ် ရှာနေရဆဲ ဖြစ်ကြောင်း မြန်မာ့ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

The Voice Weekly

1 comment:

  1. တရုပ်နဲ့ ပတ်သက်လာရင်
    မြန်မာပြည်ဟာ အဖက်ဖက်က နာတာချည်းဘဲ
    ဒါကိုရော မျိုးချစ်ပါတယ် ဆိုတဲ့သူတွေ
    ဘာကြောင့် ပါးစပ်တွေပိတ်ထားကြတာလဲ
    ဆိုတာ တွေးမရဘူး။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။