/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 17, 2013

.

ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရန် ဆုံးဖြတ်

ရခိုင် ပါတီနှစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP) တို့ တပါတီတည်းအဖြစ် ပေါင်းစည်းတော့မည်ဟု RNDP ဆွေးနွေးရေး ကော်မတီ အတွင်းရေးမှူး ဦးသာထွန်းလှ က မဇ္ဈိမကို ပြောကြားလိုက်သည်။


ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီထိ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရခိုင်သဟာယ ရုံး၌ နှစ်ပါတီ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပါတီနှစ်ခုလုံးက ဆွေးနွေးရေး ကိုယ်စားလှယ် ခြောက်ဦးစီ တက်ရောက်ပါတယ်။ ALD အနေနဲ့ ကျနော်တို့ RNDP က ဇွန်လ ၃ ရက်နေ့မှာ ကမ်းလှမ်းထားတဲ့ ပေါင်းစည်းရေးကို လက်ခံကြောင်း ပြောပါတယ်။ ပေါင်းစည်း ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေကို မနက်ဖြန် ဆက်လက် ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ALD ဆွေးနွေးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းညို က ပါတီ၏ မူလရည်မှန်းချက်ပါ ရခိုင်အမျိုးသား သွေးစည်း ညီညွတ်ရေးမူအရ ပေါင်းစည်းခြင်းဖြစ်ပြီး နှစ်ဖက်ပါတီများကို ဖျက်သိမ်းပြီး ပါတီအသစ်၊ မူဝါဒအသစ်၊ ဖွဲ့စည်းပုံ အသစ် ဖြစ်ရမည်ဟူသော သဘော တူညီချက်အရ ဆုံးဖြတ်ချက် ချခဲ့သည်ဟု ဆိုသည်။

“ALD ဆွေးနွေးရေးအဖွဲ့မှာ ပါတီက အလုံးစုံအဆုံးအဖြတ် ပေးနိုင်တဲ့ အာဏာကုန် လွှဲအပ်ထားတယ်။ RNDP ဆွေးနွေးရေးအဖွဲ့မှာကျတော့ အကန့်အသတ် ရှိပုံရတယ်” ဟု ၎င်းက သုံးသပ်သည်။

RNDP မှ ဦးသာထွန်းလှ ကလည်း “ကျနော်တို့ကိုယ်တိုင် အဆုံးအဖြတ် ပေးနိုင်တဲ့ ကိစ္စတွေ ရှိသလို၊ တချို့ကိစ္စ တွေကို ကျတော့ ဗဟိုကော်မတီနဲ့ ထပ်ပြီးတော့ ဆွေးနွေးရတာတွေရှိပါတယ်” ဟုဆိုသည်။

ပူးပေါင်းရေး လုပ်ငန်းစဉ်များ စတင်သည့်နှင့် ပါတီ၏ လုပ်ငန်းများအားလုံး ရပ်နားထားပြီး အမှုဆောင် အဖွဲ့အား လုံးကို ဖျက်သိမ်းထားသည့် အနေအထားဖြင့်သာ စစ်မှန်သော ပေါင်းစည်းခြင်းကို တည်ဆောက်ကြရ မည်ဟု ALD ဆွေးနွေးရေးအဖွဲ့ဝင် ဦးလှမြင့် က ဇွန်လ ၆ ရက်နေ့တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ပေါင်းစည်းမည့် ဆုံးဖြတ်ချက်အား စစ်တွေမြို့ RNDP ပြည်နယ်ရုံးရှိ ပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ကြိုဆိုလိုက်သည်။ သို့သော် မိမိတို့ စိတ်ရင်းအရမဟုတ်ဘဲ ရွေးကောက်ပွဲ၌ မဲမပြန့်ရေး တခုတည်းအတွက် ရည်ရွယ် ပေါင်းစည်းခြင်းမျိုး မဖြစ်သင့်ဟု ၎င်းက ဆိုသည်။

“ပါတီအသစ်မှာ ပါလာမယ့် ခေါင်းဆောင်တွေဟာ အားနည်းချက်တွေ ရှိလာမယ်ဆိုရင် နောက်ထပ် ရခိုင်ပါတီတွေ ပေါ်လာနိုင်တယ်။ အဲသလို နောက်ထပ်ပါတီ ပေါ်လာရင် ဘယ်လို သဘောထားမလဲ။ ပါတီမထောင်၊ ပါတီထဲ မဝင်ဘဲ ရခိုင်အမျိုးသားရေး လုပ်နေသူတွေလည်း ရှိသေးတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဘယ်လို သဘောထားမလဲ ဆိုတာလည်း အရေးကြီးတယ်” ဟု ဦးခိုင်ပြည်စိုး က ပြောသည်။

RNDP မှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သည်။ ALD မှာ လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး စစ်အစိုးရ၏ တဖက်သတ် ပါတီဖျက်သိမ်းခြင်းကို ခံရကာ ၂၀၁၂ ခုနှစ်၊ မေလတွင်မှ ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

Credit : http://www.mizzimaburmese.com/news/inside-burma/12060-2013-06-15-15-59-25.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။