/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 29, 2013

.

ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်

နေပြည်တော် မတ် ၂၈


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက် အမှတ် (၂/ ၂ဝ၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။­ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -


ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက် ထုတ်ပြန်ချက် အမှတ် (၂/၂ဝ၁၃) ၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ တို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ပြီး အပြုသဘော ဆောင်သော ဖြစ်ပေါ် တိုးတက်မှုများ ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါသည်။ အဆိုပါ ပူးတွဲကြေညာချက်အရ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကချင်ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန် အဟုန်မြှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွား မည်ဟု ဖော်ပြခြင်းကိုလည်း လှိုက်လှဲ စွာ ကြိုဆိုပါသည်။

၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခ နှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှု များကို အစဉ်တစိုက် စောင့်ကြည့်လေ့လာ ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခသည် ကာလရှည် ကြာလာသည်နှင့်အမျှ ရပ်ရွာစွန့်ခွာ တိမ်းရှောင် နေသူများ အနေဖြင့်လည်း ဒုက္ခ ပိုမိုခံစား နေကြရသည်ကို ဝမ်းနည်းစွာ တွေ့ရှိရပါသည်။ ကော်မရှင်သည် ကချင်ပြည်နယ်သို့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ တွင်တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ပြီး ရပ်ရွာ စွန့်ခွာ တိမ်းရှောင် သူများအား လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာ အကူအညီ ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်း၍ ကူညီ ပံ့ပိုး ဆောင်ရွက် ပေးခဲ့ပါသည်။

ထို့ပြင် အဆိုပါ ပဋိပက္ခနှင့် စပ်လျဉ်းသည့် ကော်မရှင်၏ သတင်း ထုတ်ပြန်ချက် များတွင်လည်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်သူများ မိမိရပ်ရွာ ပြန်လည် နေထိုင်နိုင်ရေး အတွက် ပြန်လည်ထူထောင်ရေး မပြုလုပ်မီ မိုင်း ရှင်းလင်းရေး ပြုလုပ်ရန် လိုအပ်ကြောင်း၊ မိုင်းရှင်းလင်းရေး ပြုလုပ်ပါက လက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း၊ ရွာသားများကို မိုင်းအသိ ပညာ ပေးသင့်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကျေးရွာလူထု အပေါ် မည်သို့ သော အကြောင်းနှင့်မျှ လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုရန်နှင့် တပ်သားသစ်များ အတင်းအဓမ္မ ခေါ်ယူ စုဆောင်းခြင်း မပြုကြရန် လိုအပ်ကြောင်း၊ ပဋိပက္ခ ဒုက္ခသည်များ ထံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လုံခြုံ ချောမွေ့ စွာ ပို့ဆောင်ရေးနှင့် ရောက်ရှိရေးကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ် ကြောင်း တို့ကို အလေးအနက် တိုက်တွန်း ခဲ့ပါသည်။

၃။ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးကို ရည်မှန်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ နေစဉ် ကာလအတွင်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေသူများ ခံစားနေရသည့် ဒုက္ခများ လျော့ ပါး စေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပိုမို အထောက်အကူ ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က အကြံပြု တိုက်တွန်းထားသည့် အထက်ဖော်ပြပါ အချက်များကို လတ်တလော ဦးစားပေး အကောင် အထည် ဖော်ဆောင် သင့်ပါကြောင်း ထပ်လောင်း တိုက်တွန်း အပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။