/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 18, 2013

.

အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ



ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းပါ ၅၀ ကျော်ကို တရားစွဲသွားမည့် ကိုအောင်ထွန်း၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ

(၁) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)
(၂) ဗိုလ်ချုပ်ကြီး ခင်ညွန့် (အငြိမ်းစား)

၎င်းတို့သည် ၁၉၉၂ခုနှစ် မှ ၂၀၁၀ခုနှစ် မတ်လ(၃၁)ရက် နိုင်ငံတော်တာဝန်ယူ၍ န၀တ၊နအဖ ဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။၎င်းကာလတွင်းကျွန်ုပ်သည် ၁၉၉၀ စက်တင်ဘာလ (၁)ရက်နေ့မှ ၁၉၉၄ ခုနှစ်စက်တင်ဘာလ (၂၃)ရက်နေ့ထိ အင်းစိန်ထောင်၊ အင်းစိန်(သီးသန့်ထောင်)၊ သာယာဝတီ အကျဉ်းထောင်များတွင်နေထိုင် အကျဉ်းချခံခဲ့ရပါသည်။ ထိုကာစစ်ကြောရေး စခန်းထောင်များ၌နှိပ်စက်မှု ၊အောက်ခြေကျဉ်းခတ်၊ တိုက်ပိတ်မှုများစွာကို ခံခဲ့ရပါသည်။

ထိုအချိန်က ၄င်းသည် နိုင်ငံတော်အကြီးအကဲအဖြစ် ဆောင်ရွက်နေချိန်တွင် တာဝန်ရှိသူမှာ ၄င်းသာဖြစ် ပါသည်။ ထို့ကြောင့် ဦးသန်းရွှေကို သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုဖြင့်၎င်း၊ နှိပ် စက်ညှင်းပန်းမှု များကြောင့်၎င်း၊ (တရားစွဲဆိုနိုင်ပါသည်) ဦးခင်ညွန့်နှင့်ပူးပေါင်း၍ (၇)နှစ်ကြာလျှင်သေစေသောဆေးကို ကျွနုပ်တို့အား ၁၉၉၈ ခုနှစ် စစ်ကြောရေးကာလတွင် ထိုးရန်အမိန့်ပေးသူဖြစ်ခဲ့သူဖြစ်ပါသည်။ ၄င်းဆေး ကို အသုံးပြုခဲ့ကြောင်း ကျွန်တော်နှင့်အတူ သာယာဝတီထောင်တွင် (၂၀၀၇ခုနှစ်၊ ၂၀၀၉ ခုနှစ်) အထိနေထိုင် ခဲ့သော ဗိုလ်မှူးချုပ်မြင့်ဇော်(ဒု ဗိုလ်မှူးကြီးမြင့်ဦး၊ ဗိုလ်ကြီးစိုးမင်းလတ်(အားလုံး NIB ) တို့က ပြောပြခဲ့ ပါသည်။ ထို့ ကြောင့်ကျွန်တော့်ကို ၂၀၀၂ ခုနှစ်ဆေးထိုးပြီး (၄) နှစ်ကြာ အင်းစိန်ထောင်သို့ သာယာ ၀တီထောင်မှပြန်လည် ပြောင်းရွှေ့ စာင့်ကြည့်ခဲ့ပါသည်။ ၄င်းကာလအတွင်း၌ ကျွန်တော်၏ဒူးခေါင်းတွင် (ဘယ်ဘက်တွင်) အလုံးကြီးဖြစ်လာပါသည်။ ၄င်းအားလုံးတွင် အဆိပ်များစုနေ၍ အချိန် မမီ ပါကခြေထောက် ဘယ်ဘက်မှဖြတ်ရခြင်း၊ (သို့) ၇ နှစ်ကြာလျှင်သေစေသော အဆိပ်မိ၍ သေဆုံး သွားနိုင်ပါသည်။ ထို့ကြောင့် (၂၀၀၇) ခုနှစ်စောင့်ကြည့်၍ မသေ သောအခါ ကျွန်တော့်ကိုသာယာဝတီ အကျဉ်းထောင်သို့ပြန်လည်ပို့၍ ၂၀၀၉ ခုနှစ်၊စက်တင်ဘာလ (၁၈) ရက် နေ့ပြန်လည်လွတ်ခဲ့ပါသည်။

အထက်ပါအမှုဖြစ်စဉ်အကျဉ်းကြည့်မည်ဆိုလျှင်သတ်ဖြတ်သေဆုံးရန်ကြံစည်မှုနှင့် တစ်မင် သက်သက် အညိုးကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာတွေ့ရှိရပါသည်။ ထို့ကြောင့် တာဝန်အရှိဆုံး ပုဂ္ဂိုလ် (၂) ဦးဖြစ်သည့် ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့အား လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထိုက်ပါသည်။

ထိုသို့ဖြစ်ပေါ်လာရန်အတွက် ထိုအမှုဖြစ်စဉ်ကို ဖန်တီးခဲ့သော ဗိုလ်မှူးစန်းပွင့်၊ ထိုအမှုဖြစ်စဉ် ကို ဖြစ်ပေါ်စေရန်ပြုလုပ်၍ ဖမ်းဆီးခဲ့သော ဗိုလ်ချုပ်မှူးသန်းထွန်း၊ ဖမ်းဆီးရန်ဦးခင်ညွန်ထံမှ တိုက်ရိုက် အမိန့်ယူခဲ့သော ဗိုလ်ချုပ်ကျော်ဝင်းနှင့်ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့သည်လည်း ကြံရာပါများ အဖြစ် အမှုဖြစ်စဉ်တွင် အကျုံးဝင်ပါသည်။

(၁၉၉၀ ခုနှစ်) စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ အမှတ်(၇) ထောက်လှမ်းရေး မနော်ဟရီ လမ်းတွင် တာဝန်ယူခေါင်းဆောင်အဖြစ် စစ်ဆေးခဲ့သောဗိုလ်ကြီးစည်သူနှင့် အဖွဲ့သည်လည်း လူသားမဆန်စွာဖြင့် နှိပ်စက်ညှင်းပန်းခြင်း၊ အစားအသောက် မကျွေးခြင်း၊ လူသား၏ တန်ဖိုးကိုနှိမ်ချစွာ ဆက်ဆံခြင်း၊ လူသား၏ သိက္ခာကို အကြိမ်ပေါင်းများစွာစော်ကားဆဲဆိုခြင်း၊ ထိုဖြစ်ရပ်တို့သည် လူ့အသရေဖျက်မှု ပုဒ်မနှင့်၎င်း၊ အခြားသော သေကြောင်း ကြံစည်မှုများဖြင့်၎င်း၊ အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တရားစွဲဆိုထိုက်ပါသည်။

ထို့အတူ (၁၉၉၈) ခုနှစ် ဇန်န၀ါရီလ (၂၇) ၇က်နေ့မှ (၁၉၉၈) ခုနှစ် မတ်လ (၁၃) နေ့ထိ စစ်ကြောရေး တာဝန်ခံခေါင်းဆောင် ဗိုလ်မှူးကျော်စိန်ဝင်း၊ ဗိုလ်ကြီးခင်မောင်၊ ဗိုလ်ခင်ကျော်၊ ဗိုလ်မှူးစိုးဝင်း၊ ဗိုလ်ကြီးကျော်ကျော် ရဲအုပ်ညွှန့်လှိုင် တို့သည်လည်းကောင်း၊အမှုဖြစ်စဉ်ကိုကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက် အမိန့်ပေး၍လူ(၁၀၀) ကျော်အား ဖမ်းဆီးစစ်ဆေးခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် ခင်မောင်သန်း၊ အောင်ထွေး၊ မောင်ဘို၊ တင် အောင်မြင့်ဦး အမှုစစ်ဆေးစဉ် ကာလအတွင်း လာရောက် ကြည့်ရှုပြီး ပြင်းထန်စွာစစ်ဆေးရန်၎င်း၊ နှစ်ရှည်ကြာ များပြားစွာကျခံစေရန် ဦးခင်ညွန့်နှင့်အတူ အစည်းဝေးထိုင် ဆုံးဖြတ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် ဒုဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့သည်လည်း ကြံရာပါ တရားခံများဖြစ်၍ တရားစွဲ ဆိုထိုက်ပါသည်။

အိတ်ပိတ်ထားသောအမိန့်ကို ဖတ်ပြခဲ့သော စစ်ခုံရုံးအမှတ် (၁) (၇-၁-၁၉၉၁) နေ့က သုံးဦးဖြစ်သည့် ဗိုလ်မှူးမောင်ညွန့်(ယန္တရားတပ်)၊ ဗိုလ်မှူးစိန်လှိုင် (က.ကရုံးချုပ်) ဗိုလ်မှူးစိုးတင့် (အကြီးစား စက်မှူလုပ်ငန်း)တို့ သည်လည်းကောင်း၊ (၁၉၉၈)ခုနှစ်ဧပြီလ (၁၀) ရက်နေ့အမှုတွဲအမှတ် (၂၈/၂၉/၃၀-၉၈)တို့ဖြင့် စီရင်ချက်ချခဲ့ သော မြောက်ပိုင်းခရိုင် အထူးတရာရုံး တရားသူကြီးအား၎င်း၊ မတရား မှုဖြစ်စဉ် ကြံစည်မှုတွင် ကြံရာပါများအဖြစ် တရားစွဲဆိုထိုက်ပါသည်။

ထို့အတူ (၁၉၉၀) ခုနှစ် နှင့် (၁၉၉၈) ခုနှစ် သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင် ရှင်းလင်းတင်ပြသူ ဦး ခင်ညွန့်၊ ဗိုလ်မှူးချုပ်အောင်သိန်း၊ ဒေါက်တာသန်းညွန့်၊ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ ရဲချုပ် ဗိုလ်မှူးကြီးစိုးဝင်း တို့အား၎င်း၊ အမှုတွဲများအဖြစ် သတ်မှတ်တရားစွဲဆိုနိုင်ပါသည်။။ ထို့အတူ အကျဉ်းဦးစီးဌာနကို တိုက်ရိုက် ကွတ်ကဲညွှန်ကြား အုပ်ချုပ်ခဲ့သော ထောက်လှမ်းရေးအရာရှိများဖြစ်သည့် ဦးခင်ညွန့်၊ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်ရဲမြင့်တို့သည်၎င်း၊ (၁၉၉၈)နှစ်မှ (၂၀၀၉) နှစ်ထိ အမှုဖြစ်စဉ်၏ တရားခံများဖြစ်သည်။

အထက်ပါပုဂ္ဂိုလ်အားလုံးသည် ကျွန်တော့်အားနှစ်ကြိမ်တိုင်တိုင်း (၂၂) နှစ်စီရင်ချက်ချစေခဲ့သော ၀ိုင်း ၀န်း ပူးပေါင်း လုပ်ဆောင်သူများဖြစ်သည်။

နိုင်ငံသားတစ်ဦးအား (၂၄) နာရီထက်ပို၍ ဖမ်းဆီးချုပ်နှောင်ခွင့် မရှိစေရဟု အပိုဒ်မှာ အခြေခံဥပဒေ (၁၉၄၇) ခုနှစ် (၁၉၇၄) ခုနှစ်(၂၀၀၈) ခုနှစ် ခုနှစ်တို့၌ ပါရှိပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်း ထဲတွင်..

”ကျွန်တော်တို့ (၁၉၄၇) ခုနှစ် (၁၉၇၄) ခုနှစ် အခြေခံဥပဒေကို လက်ခံသုံးစွဲနေပါတယ်”ဟု ပါရှိသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီးစောမောင်အား ဆက်ခံခဲ့သော ဦးသန်းရွှေသည်မှာလည်း ထိုကိစ္စနှင့်ပတ် သတ်၍ တစ်စုံတစ်ရာ မိန့်ခွန်းပြောကြား ကြေညာချက်ထုတ်ခြင်း လုံးဝမပြုလုပ်ခဲ့သဖြင့် ထိုးအတိုင်းပင် အတည်ဖြစ်သည်ဟု မှတ်ယူရပါသည်။ ထို့ကြောင့် (၂၄) နာရီထက်ပိုမိုဖမ်းဆီးချုပ်နှောင် အမိန့်ချမှတ် ခဲ့သော ထိုပုဂ္ဂိုလ် အားလုံးကိုတရားမျှတခြင်းမှန်ကန်မှု ရှုထောင့်မှနေ၍၄င်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှုထောင့်မှနေ၍၄င်း၊ တရားစွဲဆိုသည်မှာ သဘာဝကျလှပါသည်။ ဤသည်မှာလည်း လူသား၏တန်ဖိုး၊ လူသား၏ သိက္ခာတရား လူသား၏ အဓိပ္ပါယ် သတ်မှတ်ချက်များပင်ဖြစ်ပါသည်။

လူ့အခွင့်အရေးပြည့်ဝသော နိုင်ငံတော်သစ်ဆီသို့ သွားမည်ဆိုလျှင် အထက်ပါအမှုဖြစ်စဉ်သည် အရေး တကြီး မှန်ကန်ပြည့်ဝမှုပင်ဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေး ကာလဟုပြောလျှင် ရသည်ဟု ဆင်ခြေပေးလျှင် အခြေခံဥပဒေကို လက်ကိုင်သုံးစွဲမှုက ၄င်းတို့၏ ဆင်ခြေကိုပယ်ဖျက်သလိုပင်ဖြစ်ပါသည်။ မည်သူ မှားသည်၊ မှန်သည်ကိုဆိုသည်ထက် တရား မျှတမှု ဖြင့် တရားမဲ့မှုတို့ကို ထိုအမှုဖြစ်စဉ်က သက်သေပြပါသည်။

အထက်ပါပုဂ္ဂိုလ် (၃၀) ဦးကို တရားစွဲဆိုသင့်သော အဖြစ်ပျက်များဖြစ်ပါသည်။

http://www.demowaiyan.org/2013/02/blog-post_8888.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။