/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 22, 2013

.

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံကဏ္ဍ၌ နိုင်ငံ ခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း မြှုပ်နှံထားပြီး စင်ကာပူက ထိပ်ဆုံးမှ ရပ်တည်

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက် အအုံ ကဏ္ဍ၌ နိုင်ငံပေါင်း ခုနစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အချက်အလက်များအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ ရင်းနှီးမြှုပ်နှံဆောက်လုပ်လျက် လုပ်ငန်း လည် ပတ်ခြင်းကို စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ဗီယက်နမ်နိုင်ငံတို့မှ ၀င်ရောက်မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံသည် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံ ၁၂ ခုတွင် အမေရိ ကန်ဒေါ်လာ ၅၉၇ ဒသမ ၇၅၆ သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံပြီးနောက် ထိုင်းနိုင်ငံသည် အဆောက်အအုံ ၁၀ ခု အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၇၅ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ထို့အတူ ဂျပန်နိုင်ငံသည် အဆောက်အအုံ ခြောက်ခုဖြင့် ဒေါ်လာ ၁၈၃ ဒသမ ၀၁၃ သန်း၊ ဟောင်ကောင်သည် အဆောက်အအုံ လေးခုဖြင့် ဒေါ်လာ ၇၇ သန်း၊ မလေးရှားနိုင်ငံသည် အဆောက်အအုံ နှစ်ခုဖြင့် ဒေါ်လာ သန်း ၂၀၊ ဗြိတိန်နိုင်ငံသည် အဆောက် အအုံ တစ်ခုဖြင့် ဒေါ်လာ ၃ ဒသမ ၄၀ သန်း၊ ဗီယက်နမ်နိုင်ငံသည် အဆောက်အအုံ တစ်ခုဖြင့် ဒေါ်လာ သန်း ၃၀၀ အသီးသီး မြှုပ်နှံထားသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ရင်းနှီးမြှုပ်နှံလာသော နိုင်ငံဖြစ်ပြီး နိုင်ငံရေးအပြောင်း အလဲများ ပေါ်ပေါက်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ၀န်ဆောင်မှုလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် လာရောက်ဆွေးနွေးခဲ့ကြသည့် နိုင်ငံများအနက် ပထမဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ပြီး တည်ဆောက်ဆဲ အဆောက်အအုံ စုစုပေါင်းသည် ၃၆ ခုရှိပြီး တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည့် အဆောက်အအုံမှာ ၃၀၊ တည်ဆောက်ဆဲ ငါးခုနှင့် B.O.T စာချုပ် လက်မှတ်ရေးထိုးပြီးသည့် အဆောက်အအုံမှာ တစ်ခုဖြစ်သည်။

စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၊ မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မြို့ရှိ Parkroyal ဟိုတယ် စသည့်အဆောက်အအုံများ၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွင် Chatrium ဟိုတယ်၊ Mandalay Hill Resort ဟိုတယ် စသည့်အဆောက်အအုံများ၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွင် ဆာကူရာတာဝါ၊ သီရိပစ္စယာ ဆာကူရာဟိုတယ် စသည်တို့ ပါဝင်နေသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စတင်တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်မူ အခြားသောနှစ်များထက် ခရီးသွားဝင်ရောက်မှု တိုးတက်ခြင်းများကို တွေ့ကြုံလာရကြောင်း၊ ဟိုတယ် အခန်းမလုံလောက်မှုများသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ခရီးစဉ်ဒေသ အများစု တွင် ဖြစ်ပေါ်နေကာ ရန်ကုန်မြို့တွင် အဓိက ကြုံတွေ့နေရကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ သန်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။