/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 7, 2013

.

မပြောင်းပြောင်း၊ မပြောင်းပြောင်း ပြောင်းပြောင်း


ကျုပ်တို့ရွှေပြည်ကြီးမှာ ဘာတွေ အပြောင်းအလဲ ဖြစ်နေသလဲ။ ပြောတဲ့သူကတော့ ရှုထောင့်မျိုးစုံပါတယ်။ ပြောင်းကုန်ပြီ ပြောင်းကုန်ပြီလို့ ပြောတဲ့သူတွေရှိသလို၊ ဘာများထူးပြီးပြောင်းလို့တုန်းလို့ ဆိုသူတွေလဲ ရှိပါတယ်။ တချို့ဟာတွေမှာ ပြောင်းတာတွေ ရှိပေမယ့် တချို့ဟာတွေကတော့ အခုအထိ မပြောင်းရေးချ မပြောင်းသေးတာတွေလဲ ရှိတယ်လို့ ထောက်ပြ သူများလဲ ရှိသဗျ။ ဒီအထဲမှာ ပြောင်းတိုင်းကောင်းတာ မဟုတ်ဘူးလို့ ဆိုသူတွေလည်း ပါပါတယ်။ တခါ ကောင်းတာလေးတွေ ပြောင်းမသွားဖို့လည်း လိုတယ်လို့ ထပ်လောင်းဖြည့်စွက် သူများလည်း ရှိပါသေးတယ်။

တလောတုန်းက ကျုပ်အမေရဲ့ ဇာတိမြို့ကလေးက သူငယ်ချင်းတချို့ဆီကို တယ်လီဖုန်းဆက်ဖြစ်ပါတယ်။ အဲသည်မြို့ ကလေး ကတော့ တောင်သာလို့ ခေါ်သဗျ။ မြင်းခြံကနေ တောင်ဖက် ၁၅ မိုင်အကွာလောက်မှာ ရှိပါတယ်။ မြင်းခြံက ဘယ်မှာတုန်းဆိုတော့ ကျုပ်အဖေရဲ့ဇာတိ မန္တလေးမြို့ရဲ့ တောင်ဖက် မိုင် ၁ဝဝ ခန့်လောက်မှာ တည်ရှိနေတဲ့ ခရိုင်မြို့ပါ။ ဆိုတော့ကာ မန္တလေးကနေ တောင်သာကို သွားမယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ၁၁၅ မိုင် သွားရမှာ ဖြစ်ပါတယ်။ သူ ငယ်ချင်းတွေကို ဖုန်းထဲကနေ သိလိုတာတွေ သိချင်တာတွေ တလစပ်မေးခဲ့ပါတယ်။ ဘာတွေ သိချင်တာတုန်းဆိုတော့ ဒီလိုပါ။ မင်းတို့ တောင်သာမှာ ဘာတွေ အပြောင်းအလဲရှိသလဲ ပြောစမ်းပါဦးဆိုတဲ့ လေနဲ့မေးတာပေါ့။ အဲ ဖုန်းဆက် တယ် ဆိုတာက သူတို့ကို ကျုပ်က ဘန်ကောက်ကနေ ဆက်တာ။

အဲသည်တော့ သူငယ်ချင်းတွေကလည်း စုံနဖာစီအောင် ပြန်ပြောကြပါတယ်။ ကိုင်း ရန်ကုန် မန္တလေး စတာတွေကတော့ အတော်ပြောင်းလဲကုန်ပြီ ပြောတယ်။ တောင်သာရဲ့ အပြောင်းအလဲလေးတွေလဲ လုပ်စမ်းပါပေါ့လေ။ သူတို့က ဖုန်းလိုင်း ပေါ်မှာ တဟဲဟဲရယ်ကြရင်း တယောက်ပြီးတယောက် ဒီလိုဖြေကြသဗျ။

ပထမတယောက်… အင်း အပြောင်းအလဲ ဆိုတော့ကာ၊ ဒီလိုတော့ ရှိသယ်ကွ။ မင်းတောင်သာကို ရောက်ခဲ့သဲ့ နောက် ဆုံး အခေါက်က လွန်ခဲ့တဲ့ ၂၂ နှစ်ကနော်။ ဟုတ်သယ်မို့လား။ အေး ဒီအတောအတွင်း ဒို့တောင်သာမြို့က မင်းလမ်းမ ကြီးပေါ်မှာ တိုက်အသစ်ကလေးတွေ လေးငါးလုံးလောက်တော့ ပေါ်လာသကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့။ ဒါပေ မယ့်လို့ ငဒို့မင်းဒို့ ကလေးတုန်းက ဝင်ဝင်ဆော့နေတဲ့ လမ်းထောင့်က တိုက်ပျက်ကြီးကတော့ အခုအထိ အပျက်ကြီးအ တိုင်း ရှိသေးသဟ။ ခုထိ ကလေးတွေ ဝင်ဆော့နေသာ ဒို့များငယ်ငယ်တုန်းက အတိုင်းပဲ။

ကျုပ်… ဘယ်တိုက်ပျက်ကြီးကို ပြောတာတုန်း။

ပထမတယောက်… ဟာကွာ့  ဒုတိယကမ္ဘာစစ်တုန်းက ဗုံးထိလို့ ပြိုသွားတဲ့ ကျောက်တိုက်အထူကြီးဟာလေ။ ဦးကင်း ထောင် ခေါက်ဆွဲဆိုင်နဲ့ မျက်နှာချင်းဆိုင်က တိုက်ပျက်ကြီးကို ပြောနေသာ။

ကျုပ်… အော် ဟုတ်လား။ ဒါနဲ့ ဦးကောင်းထောင်ဆိုင်က ခေါက်ဆွဲကျော်ကော အရင်လိုကောင်းသေးလား။ စားသောက် ဆိုင် ဆိုတော့ ဒီဖက်ခေတ်မှာ အပြင်အဆင်လေးတွေနဲ့ အတော်လေး ပြောင်းလဲနေရာပေါ့။

ပထမတယောက်… ခေါက်ဆွဲကျော်ကတော့ ကောင်းတုန်းပဲ။ မင်းနောက်ဆုံးအခေါက် ရောက်တုန်းက လိုပါပဲ။ သူ့ဆိုင် ကတော့ ဘာမှ မပြောင်းလဲဘူး။ ခေါက်ဆွဲကျော်နဲ့ ထမင်းကျော်ကလွဲလို့ ကျန်တာမရောင်းဘူး။ စားပွဲခုံတွေ ထိုင်ခုံတွေ ဆိုတာ ဖုံတသောသောနဲ့။ ဖောက်သည်လာမှာ ကောက်ပြီး ဖုံကိုသုတ်ပေးသာ။ အရင်အတိုင်းပဲ။ မင်းမမှတ်မိစရာ မရှိ ဘူး။

သူငယ်ချင်း ဒုတိယတယောက်နဲ့ စကားပြောဖြစ်ပြန်တယ်။

ကျုပ်… မင်းအနောက်ဝိုင်းဖက် ရောက်သေးလား။ ဘာတွေထူးသေးတုန်း။ ဦးလေးသိန်းဖေတို့ ဦးလေးဘရီတို့ ဆုံးကုန်ပြီ ဆိုတာတော့ ငါလည်းကြားရတယ်။

ဒုတိယတယောက်… အေး လူကြီးတွေကတော့ ဆုံးကုန်ပြီ။ အနောက်ဝိုင်းဖက်ကတော့ အရင်အတိုင်းပါပဲ။ ဘာမှ ထူးပြီး အပြောင်းအလဲ မရှိပါဘူး။ အတောင်သုံးဆယ်နက်တဲ့ တခုတည်းသော သောက်ရေတွင်းကြီးမှာပဲ အနောက်ဝိုင်းသား တွေ သောက်ရေခပ်နေတုန်း။ အဲ ဒါပေမယ့် သောက်ရေတစည်ကို အိမ်အရောက်ဝယ်မယ်ဆိုရင်တော့ ကျပ်တထောင် ပေးရ တယ်ငါ့လူ။ ရေရှားသာကတော့ ဒို့တောင်သာမှာ အရင်အတိုင်းပဲ ဘာမှမပြောင်းဘူး။ နောက်တခုက အနောက် ဝိုင်းနဲ့ မြင်းခြံကိုသွားသဲ့ ရထားလမ်းကြားမှာတော့ ကွက်သစ်တွေ ပေါ်လာသယ်ကွ။ အိမ်ခြေ တထောင်လောက်များ ရှိ မလားပဲ။ ဒါလေးတွေကတော့ အပြောင်းအလဲတွေ ပေါ့ကွာ။

ကျုပ်… ဘယ်ကလူတွေ ဘယ်လိုရောက်လာပြီး ကွက်သစ်မှာ အဲသလောက် လူများနေရတာလဲ။

ဒုတိယတယောက်… တောဖက်မှာကွာ ယာတွေ၊ ထန်းတောတွေ အသိမ်းခံရသာ များသာကိုး။ တိုတိုပြောရရင် လုပ်ကိုင် စားစရာ ဘာမှမရှိကြတော့လို့ တောင်သာမြို့ပေါ် တက်လာကြရင်း ကွက်သစ်တွေ ပေါ်လာသာဟေ့။ အနောက်ဝိုင်းဖက် မှာတင် ကွက်သစ်တွေ ပေါ်လာတာ မဟုတ်ဘူး။ မြင်းခြံထွက်သဲ့ဘက်နဲ့ ကျောက်ပန်းတောင်း၊ မိတ္ထီလာ ထွက်သဲ့ဘက် တွေမှာလည်း ကွက်သစ်တွေ အရှိုအရှိုပေါ်လာသာ နည်းသာမှ မဟုတ်ဘဲ။ ပေါင်းလိုက်ရင် ဒို့တောင်သာမှာ ပေါ်လာသဲ့ ကွက်သစ်တွေရဲ့ အိမ်ခြေစုစုပေါင်းဟာ သုံးထောင်ကျော်လောက် ရှိသယ်ကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့။

ကျုပ်… ဘူတာလမ်းဖက်က ခင်ကြည်ပြာသိန်း တယောက်ကော။ အခုဆို အိမ်ထောင်ကျလောက်ရောပေါ့။ မင်းမှတ်မိ မှာပေါ့။ သူတို့အိမ်ဖက်ကို ငဒို့တွေ စက်ဘီးနဲ့ လျှောက်ပြန်သံပေး လုပ်ကြရင် လမ်းကအဖုအထစ်တွေနဲ့ ကြမ်းလွန်းလို့ တခါခါ စက်ဘီးဆင်းတွန်းရသေးတယ်လေ။ အခုလောက်ဆို လမ်းလဲကောင်းသွားရောပါ့။

ဒုတိယတယောက်… မင်းက ခင်ကြည်ပြာသိန်းကိုတော့ မမေ့သေးပါလား ဟဲဟဲဟဲ။ ကလေး သုံးယောက်ရနေပြီကွ။ လမ်းကကောင်းသွားပလား ဟုတ်လား။ ဝေးဟေးဟေး ပါသေးရဲ့။ ဘူတာသွားတဲ့ လမ်းတလျှောက်လုံးဟာ အရင်အ တိုင်းပဲ။ လကမ္ဘာမျက်နှာပြင် အတိုင်း ရှိနေသေးတယ်။ စက်ဘီးနင်းသွား အခုအထိ ဇလုံးဇခုကြီး ဖြစ်နေတုန်း။ တနှစ် သား ငဒို့မင်းဒို့ ထန်းရည်မူးလာပြီး မင်းစက်ဘီးနဲ့ ဝင်တိုက်ခဲ့သဲ့ ဒေါ်လေးမြတို့ ဝင်းထောင့်က ကျောက်တုံး လုံးလုံးကြီး တောင် အခုအထိ ရှိနေသေးရဲ့။ ဒီဘူတာလမ်းကတော့ကွာ ဘာမှအပြောင်းအလဲ မရှိပါဘူး။ နောက်မင်းတို့ အမေကြီး ဝင်းထိပ်က ရေကန်ကြီး ကတော့ တနှစ်ပြီးတနှစ် မိုးခေါင်လို့ ရေခမ်းသွားလိုက်သာ အခုအထိ ကန်ခြောက်ကြီး။ အရင် ငဒို့မြင်မြင် နေရသဲ့ ကန် ထဲက လိပ်တွေတောင် မရှိတော့ဘူးကွ။ ဒါကတော့ ပြောင်းလဲသွားသာ နောက်တခုပေါ့ကွာ။

ကျုပ်… ဒါနဲ့ ရေကအဲသလောက် ဈေးကြီးနေရအောင် မြို့ထိပ်သဲချောင်းနားက လက်ဆယ်ကန်ကြီးက ရေလှောင်ထား တဲ့ ဟာပဲ။ အဲဒီကနေ သောက်ရေသုံးရေ မရတော့ဘူးလားကွာ။

ဒုတိယတယောက်… မိုးက ဆက်တိုက်ခေါင်ပါသယ် ဆိုမှ။ အဲသည့် လက်ဆယ်ကန်မှာလည်း ရေက လင်ပန်းဝိုင်း လောက်ပဲ ကျန်တော့သဲ့ဟာကိုး။ မိုးကဘယ်လောက် ခေါင်သလဲဆိုရင် ထန်းပင်တွေတောင် ထန်းရည်အထွက် နည်း သွားသဟ။ အဲ ဒါပေမယ့် အစိုးရထုတ် “ဇေ” ဆိုတဲ့ ဘီအီးကတော့ လှိုင်ပေါလယ်ပဲ။ ဈေးလဲပေါသယ်။ လူတိုင်းသောက် နိုင်သယ်။ သောက်လွင်းတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြသယ်။ ဇေကိုသောက်ရင် ငဒို့ဆီမှာ နှစ်နှစ်ခံလို့ သမုတ်သယ်။ ဘာလို့တုန်း သိလား။ နှစ်နှစ် ဆက်တိုက်သောက်ပြီးရင် ကြွသာပဲ။ အဲသာကြောင့်။ ဒါလည်း အပြောင်းအလဲတခုပေါ့။

တတိယမြောက် သူငယ်ချင်းနဲ့လည်း စကားပြောဖြစ်ပြန်တယ်။

ကျုပ်… မင်းတို့ ပွဲရုံလုပ်ငန်းကတော့ သူတကာထက်စာရင် ဘာဘဲပြောပြော အလုပ်ဖြစ်မှာပေါ့။ ဟုတ်တယ်မို့လား။

တတိယတယောက်… အေး ထမင်းတော့ မငတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ပွဲရုံလုပ်ငန်းတိုင်း အရင်လို အလုပ်မဖြစ်ဘူးကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့ကွာ။ မင်းသိအောင် ပြောရဦးမယ်။ ထန်းလျှက်အစစ်ရဲ့ ဈေးနှုန်းနဲ့ သကြားဈေးဟာ တန်း တူလောက် ဖြစ်နေသယ်ဆိုရင် မင်းယုံပါ့မလား။ မအံ့သြနဲ့။ ထန်းလျှက်အထွက်ဟာ တနှစ်ပြီးတနှစ် တိုးမလာဘဲ ကျကျ လာသယ်ကွ။ အဲသာကြောင့် ထန်းလျှက်အမျိုးကောင်း တခုရဲ့ ဈေးနှုန်းဟာ သကြားဈေးနဲ့ တန်းတူနီးပါး ဖြစ်နေသာ။ ထန်းသမားတွေ ဘာလုပ်နေလဲ ဟုတ်သလား။ ထန်းတောတွေလည်း အသိမ်းခံရတော့ ထန်းသမားတွေလည်း မလေး ရှားဘက် အလုပ်ထွက်လုပ်ကြသယ်လေ။ ထန်းသမားတွေအတွက် အပြောင်းအလဲလို့ ဆိုရမှာပေါ့။ မင်းကို ငါပြောမယ်။ ငဒို့တောင်သာဘက်မှာတင် ထန်းလျှက်အထွက် နည်းလာသာ မဟုတ်ဘူး။ တောင်သာကနေ တန်းစီရေလိုက်ရင် အောင်သာ၊ မလှိုင်၊ ပန်းအိုင် ဖက်တွေမှာလည်း ထန်းလျှက်အထွက်နည်းလာသာ။ မြင်းခြံ၊ နွားထိုးကြီးဘက်လည်း ဘာသားနဲ့ ထုထားသာ မို့လို့လဲ။ အတူတူနဲ့ အနူနူချည်းပဲ။ ဒါလည်း အသစ်အသစ်သော ပြောင်းလဲမှုတွေလို့ ဆိုနိုင်သာ ပေါ့။

ကျုပ်… ကဲကွာ စီးပွားရေးတွေ နိုင်ငံရေးတွေ ထားလိုက်ပါတော့။ ဒို့ သူငယ်ချင်းတွေထဲက ဘယ်သူတွေ ဘာလုပ်နေလို့ ဘယ်ရောက်နေကြသလဲ။ ပြောစမ်းပါဦး။

တတိယတယောက်… ပြောရင် မင်းကယုံမှာ မဟုတ်ဘူး။ သူငယ်ချင်း အတော်များများတော့ ဆုံးကုန်ကြပြီ။ အရက်ပေါ့ ကွာ။ ဘာရှိဦးမှာတုန်း။ မင်း တောင်သာပြန်လာလည်မယ်ဆိုရင် တွေ့ရမှာက၊ လူရင်းထဲကဆို ငါရယ်၊ ငအုန်းရယ်၊ မော် ကြီး ရယ်၊ အဲသလောက်ပဲ ရှိတော့တာ။ ကျန်သာတွေက အငယ်တွေဆိုတော့ မင်းလည်း သိပ်သိမှာ မဟုတ်တော့ဘူး။ မော်ကြီး တောင် အသဲသိပ်မကောင်းလို့ အရက်ဖြတ်ထားသာ အတော်ကြာပြီကွ။ မင်းက တောင်သာမှာ ဘာတွေ အ ပြောင်းအလဲ ရှိသလဲဆိုပြီး မေးလို့သာ။ ပြောင်းတာတွေ ရှိသယ်ဆိုပေမယ့် မင်းပြန်လာရင် တောင်သာဟာ မင်းနောက် ဆုံး ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်ကအတိုင်းပါဘဲ။ မန္တလေး၊ ရန်ကုန်ရောက်လို့ မင်းမျက်စေ့ လည်ရင်လည်မယ်၊ တောင် သာမှာတော့ မင်းမျက်စေ့လည်လောက်စရာ အပြောင်းအလဲက များများစားစား မရှိပါဘူး။ ခြုံပြောရရင် မင်းသိခဲ့တဲ့ တောင်သာဟာ လူနေအိမ်ခြေ တိုးလာပေမယ့် အရင်အတိုင်း ပါပဲ။

မိတ်ဆွေများခင်ဗျား အပြောင်းအလဲ ဆိုတာကို လူမှုသိပ္ပံဆရာများက အင်္ဂလိပ်လို “ဒီဗဲလော့မင့်” (Development) လို့ သုံးနှုန်းပါတယ်။ တချိန်ထဲမှာလည်း ဖွံ့ဖြိုးတိုးတက်ခြင်း ဆိုတာကိုလည်း အင်္ဂလိပ်လို တိုက်ရိုက်အားဖြင့် “ဒီဗဲလော့မင့်” လို့ ဆိုပါသေးတယ်။ အပြောင်းအလဲ ဆိုရာမှာတော့ ကောင်းတဲ့အပြောင်းအလဲရော ဆိုးတဲ့အပြောင်းအလဲရော နှစ်မျိုး စလုံးဟာ “ဒီဗဲလော့မင့်” ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ အကြုံးဝင်နေပါတယ်။ အပြောင်းအလဲရှိတယ်လို့ ဆိုတဲ့နေရာမှာ ဘယ် သင်းကို ဘယ်လိုတွက်ချက်မလဲဆိုတာကတော့ မိမိကိုယ်၌သာ ဆုံးဖြတ်ကြပါလို့ အကြံသာပေးနိုင်ပါတယ် ခင်ဗျား။

http://www.naytthit.net/?p=32047

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။