/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 22, 2012

.

အင်းလျားကန်ပေါင်တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး မင်းမဲ့စရိုက်ဆန်စွာ ရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့ နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ် များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေး ၀န်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေ မနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက် လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများက လုံခြုံရေးဝန်ထမ်းများအပြင် ကန်ပေါင်ပေါ်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံပြီး ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ ကျူးလွန်ခဲ့သူ များအနက်မှ ကျူးလွန်ခဲ့သူ သုံးဦး ကို အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ထွက်ဆိုချက်များအရ အောက်တို ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ပြစ်မှုကျူးလွန်သူသုံးဦးကိုထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အခုမိထားတဲ့သူတွေအပြင် ကျန်နေသေးတဲ့ ကျူးလွန်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ . . .

ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ဒုရဲအုပ်မောင်မောင်စိုးက "ပြစ်မှု ကျူးလွန်ခဲ့တဲ့ ခြောက်ဦးကိုဖမ်းမိထားပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ပြစ်မှုကျူးလွန် သူတွေက ကန်ပေါင်ကနေ ရှစ်မိုင်ဘက်ကို ထွက်သွားတယ်လို့ သိရတဲ့အတွက် လမ်းကြောင်း တလျှောက်စုံစမ်းမှုတွေ ပြုလုပ်တဲ့အခါမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့အတွက် မင်္ဂလာဒုံမြို့နယ် အနီးတစ်ဝိုက်က ဆိုင်ကယ် ကယ်ရီဂိတ်တွေကို ထပ်မံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အဓိကသတင်းပေးသူရဲ့သတင်းပေး မှုအရ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့တွေဖြစ်နိုင်တယ်လို့ယူဆ လို့အသွင်ယူပြီးထပ်မံစုံစမ်းခဲ့ပါတယ်။

အဲ့ဒီအခါမှာ အဓိကပြဿနာစဖြစ်တဲ့ သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကျူးလွန်တဲ့သူတွေ ကို ဖမ်းဆီးဖို့ ဆက်လက်ဆောင်ရွက် နေပါတယ်။

အခုဖမ်းမိထားတဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်း သိမ်းထားပါတယ်” ဟုပြောပြခဲ့ပါသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူသုံးဦးကို မင်္ဂလာဒုံမြို့ နယ် ချစ်တီးကုန်းရပ်ကွက် အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့်ကျူးလွန် သူများမှာ မင်္ဂလာဒုံမြို့နယ်မှ ဝဏ် ဟိန်းထက်(ခ)ကိုဦး (၂၁ နှစ်)၊ သက်အောင်ထွေး(ခ)အီမို (၂၀ နှစ်)၊ အောင်ကျော်မိုး (၂၈ နှစ်)၊ မျိုးမင်းဦး (ခ)သံမဏိ (၁၉ နှစ်)၊ ဇော်မင်းလတ် (ခ) ဆိတ်သား (၂၀ နှစ်)၊ ရွှေအိုး (ခ)လှမြင့် (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများမှာ ဆိုင်ကယ် ကိုးစီးဖြင့် လူဦးရေနှစ် ဆယ်မှနှစ် ဆယ့်ငါးဦး ၀န်းကျင်ခန့်ရှိကြောင်း ကိုယ်တိုင်ရိုက်ခံခဲ့ရသူ အင်ယားကန်ပေါင် တွင် ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကိုကျော်မင်းဆွေက ပြောကြားခဲ့သည်။

ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ကျူးလွန်သူများထဲတွင် မင်္ဂလာဒုံ ဆေးတပ်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ၏ သားဖြစ်သူလည်း ပါဝင်ပြီး ကျန်ကျူးလွန် သူအများစုမှာ ဆိုင်ကယ်ကယ်ရီ သမားများနှင့်ကျဘမ်းလုပ်ကိုင်နေသူ များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်တွင် လေးဦးဒဏ် ရာရရှိခဲ့ပြီး ကမာရွတ်ရဲစခန်း၌ (ပ) ၄၀၅/ ၂၀၁၂၊ ပုဒ်မ၂၉၄/၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်း များကို ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က “အခုလို ကျူးလွန်သွားတဲ့သူတွေ ကိုဖမ်းဆီးရမိဖို့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့ စည်းထားပါတယ်။

အခု မိထားတဲ့သူတွေအပြင် ကျန်နေသေး တဲ့ကျူးလွန်သူတွေကိုလည်း ဆက် လက် ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံး ၀မပေးပါဘူး။ ပြစ်မှုကျူးလွန် သွားတဲ့သူကိုဥပဒေအတိုင်းအရေးယူ ဆောင်ရွက် သွားမှာပါ”ဟု ပြောကြား ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်ကဲ့သို့ လူအုပ် စုဖွဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီခြောက် လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ကိုကျော်မင်း ဆိုသူကို မျက်နှာဖုံးစွပ်ထားသူများ အပါ အ၀င်လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကျူးလွန်သူဦးရေ ၂၀ ကျော်ကို ဖမ်းဆီးရမိထားသော်လည်း အဓိကကျူးလွန်သူအချို့မှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူနှင့် တွေ့ဆုံမေးမြန်းခြင်း


ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူကို တွေ့ရစဉ် ဓာတ်ပုံ-၀င်းမြင့်ကျော်

မေး-အစ်ကိုက ဘာအလုပ်လုပ်ပါသလဲ။ အခုလိုအုပ်စုဖွဲ့ပြီး ရန်ဖြစ်နေတဲ့အချိန်မှာ အစ်ကိုကဘယ်မှာ ရှိနေတာလဲ။

ဖြေ-ကျွန်တော်က ကန်ပေါင်ပေါ်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆိုင်ပိတ်တဲ့အချိန်မှာ ကျွန်တော်က နောက်နေ့မှာ ဟင်္သာတကိုပြန်မှာမို့လို့ သူငယ်ချင်းအချို့နဲ့ ဆိုင်ရှေ့မှာ ထိုင်ပြီး စကားပြောနေတာပါ။

မေး-ဖြစ်စဉ်မှာ အစ်ကိုဓားနဲ့ခုတ်ခံခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပေးပါ။

ဖြေ-ကျွန်တော်က သူငယ်ချင်းတွေနဲ့ ထိုင်စကားပြောနေတဲ့အချိန် မှာ တုတ်တွေ၊ ဓားတွေကိုင်ထားတဲ့ လူအုပ်ကြီးထဲက ခြောက်ယောက် လောက်က တွေ့တဲ့ သူတွေ အကုန် ရိုက်ကွာဆိုပြီးတော့ ကျွန်တော်တို့ဆီ ကို ပြေးလာပါတယ်။

အဲဒီအချိန်မှာ သူငယ်ချင်းတွေက အိမ်သာထဲနဲ့ ဆိုင်ထဲဝင်ပြေးခဲ့ပေမယ့် ကျွန်တော် ကတော့ ကန်ပေါင်အပြင်ကို ပြေးခဲ့မိလို့ အဲဒီလူတွေက ကျွန်တော့် နောက် ကလိုက်ပြီး တုတ်နဲ့ရိုက်တယ်။ ပြီး တော့ ကျွန်တော်လဲသွားတဲ့အခါမှာ လူတစ်ယောက်က ဓားနဲ့ခုတ်လိုက်တာကို လက်နဲ့ကာမိလိုက်တယ်။ သွေးပူနေတုန်း အဲ့အချိန်မှာတုန်းက ကျွန်တော့် လက်မပြတ်သွားမှန်း သတိမထားမိဘဲ လွတ်အောင်ပဲ ပြေးခဲ့တာပါ။

မေး-အစ်ကို့ကိုဓားနဲ့ခုတ်သွားတဲ့သူ တွေနဲ့အရင်တုန်းက ပတ်သက်မှု ရှိခဲ့လား။

ဖြေ-ကျွန်တော့်ကို ၀ိုင်းရိုက်ပြီး ဓားနဲ့ခုတ်သွားတဲ့သူတွေကို လုံးဝမသိပါဘူး။

မေး-လက်က ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ-အခုအချိန်ထိတော့ ဆေးခန်း ပြနေရတုန်းပဲ။ လက်အစိတ်အပိုင်း တစ်ခုလုံးမှာ အရေးပါတဲ့ လက်မ ပြတ်သွားတဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ် ပါတယ်။

မေး-အခုလိုကျူးလွန်သွားတဲ့သူတွေနဲ့ ပတ်သက်ပြီးဘာပြောချင်လဲ။

ဖြေ-အုပ်စုဖွဲ့ပြီး တွေ့တဲ့သူတွေ အကုန်လုံးကို ရန်ပြုခဲ့တဲ့အဖွဲ့ကိုဖမ်းဆီးပြီးတော့ ဥပဒေအတိုင်း တိတိကျကျ အပြစ်ပေးမှ နောင်အခါတွေမှာ အခုလိုမျိုးဖြစ်စဉ်တွေ နည်းသွားနိုင်မယ်လို့ ထင်ပါတယ်။

Eleven Media Group http://shwemyanmarmediagroup.blogspot.com/2012/10/blog-post_7020.html#more

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။