/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 20, 2012

.

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်နိုင်ရန် ကိုယ်တိုင်ဆန္ဒပြုသူ အမည်စာရင်းထွက်ရှိ


မတ်လ၁၆ရက်၊ နေ့ခင်း ၁နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်အဖွဲ့က စာနယ်ဇင်းများနဲ့ ဒုတိယအကြိမ်တွေ့ဆုံပြီး အစည်းအရုံးနဲ့ပတ်သက်လို့ ရှေ့လျှောက်ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဦးစွာမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဗိုလ်ကလေးတင့်အောင်က ”အမှုဆောင်အသစ် ရွေးချယ်တဲ့နေရာမှာ သမာသမတ်ရှိအောင်၊ မျှမျှတတရှိအောင် ရွေးချယ်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးက အဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ လုပ်ငန်းစု အားလုံးအောင်အောင်မြင် မြင်ဖြစ်ဖို့ အတွက်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဆိုတာကိုလည်း ကော်မရှင်က ရွေးပေးသွားမှာပါ။ အခုလို အနုပညာသမားတွေ ညီညီညွတ်ညွတ် ရှိကြတဲ့ဟာကိုလည်း တိုင်းပြည်ကို သိစေချင် ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလွှာ၁ဝလွှာမှာ မဲပေးနိုင်သူအရေအတွက်နဲ့ ပတ်သက်ပြီး ပန်းချီစိုးမိုးက”ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာမှာ ၈၃ယောက်၊ ဒါရိုက်တာ အလွှာမှာ ၉၉ယောက်၊ တေးဂီတ၊ပြဇာတ်အလွှာမှာ ၃၇ယောက်၊ ထုတ်လုပ်မှုအလွှာမှာ ၃၇ယောက် အဓိကသရုပ်ဆောင် အလွှာမှာ ၁၇၅ယောက်၊ စက်မှုအလွှာမှာ ၃၁၁ယောက်၊ တည်းဖြတ်နဲ့ မှတ်တမ်းအလွှာမှာ ၁၂၆ယောက်၊ ဗီဒီယိုအလွှာမှာ ၆၈ယောက်၊ အုပ်ချုပ်၊ပြသ၊ ဖြန့်ချိအလွှာမှာ၂၂၅ ယောက်၊ ဇာတ်ပို့အလွှာမှာ ၅၅၅ ယောက် ရှိပါတယ်။ မဲပေးမယ့်သူနဲ့ မဲပေးခံရမယ့်သူ မတူညီပါဘူး။ အရင်တုန်းက မဲပေးတဲ့နေရာမှာ သတ်မှတ်ချက်တွေ ရှိခဲ့ပေမယ့် အခုအခါမှာ လူတွေရဲ့လွတ်လပ်ခွင့်နဲ့ လူအများစုရဲ့ဆန္ဒအရ မဲပေးနိုင်တယ်။ လက်ရှိစာရင်းဝင်သူများသာ မဲပေးနိုင်မှာပါ။ အရွေးချယ်ခံမယ့် သူကလည်း ဦးစီးဦးရွက် လုပ်ရမယ့်သူ ဖြစ်တဲ့အတွက် ကန့်သတ် ချက်တွေရှိမှာပါ။ သက်တမ်းရှိတဲ့ သူ တွေကိုပဲအဓိကထားတယ်၊၊

မူတွေဘောင်တွေနဲ့ ကော်မရှင်က သေချာလေး စဉ်းစားတယ်။ အရင်စည်းမျဉ်း စည်းကမ်းတွေကို အကုန်မယူသလို လုံးဝလည်း မပစ်ပယ်ပါဘူး။ နောက်ထပ်လူအများစုရဲ့ ဒီဘက်ခေတ်ကာလရဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းကမ်းတွေကိုလည်း ထည့်ထားတယ်။ အခု လောလောဆယ် ရွေးကောက်ပွဲကို မတ်လ၂၁ရက်လောက် အကြမ်းဖျင်းသတ်မှတ် ထားတယ်”လို့ ပြောပါတယ်။ အရွေးချယ်ခံမယ့်သူစာရင်း အရေအတွက်နဲ့ ပတ်သက်ပြီး ဦးနှင်းမိုးက”ဒါရိုက်တာအလွှာမှာ ၈ယောက်၊ အဓိကသရုပ်ဆောင်အလွှာမှာ ၁၂ယောက်၊ ဇာတ်ပို့အလွှာမှာ ၁၄ယောက်၊ ဇာတ်လမ်း၊ဇာတ်ညွှန်းအလွှာ မှာ၇ယောက်၊ တည်းဖြတ်နဲ့မှတ်တမ်းအလွှာမှာ ၅ယောက်၊ စက်မှုအလွှာမှာ ၈ယောက်၊ တေးဂီတအလွှာမှာ၂ယောက် အုပ်ချုပ်၊ ပြသ၊ဖြန့်ချိအလွှာမှာ ၁ဝယောက်၊ ဗီဒီယို အလွှာမှာ ၁၂ယောက်ရှိပါတယ်။ ဒီမှာပြောစရာတစ်ခုက တေးဂီတ၊ ပြဇာတ်အလွှာမှာ ၂ဦးတည်းရှိတဲ့အတွက် နှစ်ဦးသဘောတူရင် ရွေးစရာမရှိပါဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကျရင်လည်း မီဒီယာများအနေနဲ့ လွတ်လပ်စွာသတင်းယူခွင့် ရှိမှာဖြစ်ကြောင်း သိရပါတယ်။ အနုပညာသမားတိုင်း ကိုယ့်အခွင့်အရေးကိုကိုယ် အဆုံးရှုံးမခံဘဲမပျက်မကွက် မဲပေးကြဖို့အတွက် အစည်းအရုံးက တိုက်တွန်းနှိုးဆော် ထားပါတယ်။
ထွဋ်မြတ်

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။