/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 16, 2014

.

ကင်ဆာလူနာများကို နောက်ဆုံးပေါ် ကင်ဆာရောဂါရှာဖွေရေးစက် Pet-CT ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာမည့် ၂၀၁၅ ခုနှစ် ဧပြီတွင် စတင်ဝန်ဆောင်မှုပေးရန် စီစဉ်



မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ကျပ်ငွေ ခုနစ် ဘီလျံတန်သည့် ကင်ဆာရောဂါရှာဖွေရေးစက် (Pet-CT) ဖြင့် ကင်ဆာလူနာများကို လာမည့် ၂ဝ၁၅ ခုနှစ် ဧပြီ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

အစိုးရအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းနှင့် ကုသရေးဆိုင်ရာ စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်နိုင်အတွက် ကင်ဆာရောဂါရှာဖွေရေးစက် (Pet-CT) နှင့် ဓာတ်ရောင်ခြည်ကုသရေးစက်ဖြစ်သည့် (Linear Accelerator) တို့ကို ဝယ်ယူရန်အတွက် ကျပ်ငွေ ၁၄ ဒသမ ၅ ဘီလီယံကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် အဆိုပါ Pet-CT စက် မရှိခြင်းကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက် ကုသရပြီး ကုန်ကျစရိတ်မှာ သိန်း ၂ဝ နှင့် ၂၅ သိန်းအကြားတွင် ရှိကြောင်းနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အပါအဝင် နေပြည်တော်၊ မန္တလေး၊ တောင်ကြီးမြို့များရှိ ကင်ဆာဌာနကြီးများတွင်လည်း ဓာတ်ရောင်ခြည် ကုသရေးစက် (Linear Accelerator) များကို တိုးချဲ့တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

“ အခုတပ်ဆင်မယ့် နောက်ဆုံးပေါ် Pet-CT စက်ကို လာမည့် ဧပြီနဲ့ မေလောက်မှာ စပြီး ဝန်ဆောင်မှုပေးနိုင်ဖို့ အဆောက်အအုံပိုင်း၊ စက်ပစ္စည်းတပ်ဆင်မှုအပိုင်းတွေကို လုပ်ဆောင်နေ ပါတယ်။ နောက် Linear Accelerator စက်က တိတိကျကျ ကင်ဆာအလုံးကို ကုသပေးနိုင်တဲ့အပြင် တခြားမှာသွားကုမယ်ဆိုရင် တစ်ခါကင်ရင် ကျပ် သုံး လေးသောင်းလောက်ကုန်ပြီး လူနာတစ်ဦး က အနည်းဆုံး အကြိမ် ၃ဝ လောက် ကင်ရတာဆိုတော့ လူနာအများစုက မတတ်နိုင်ပါဘူး။ အခု Radiation Oncology ဌာနမှာ ဒီစက်တွေနဲ့ အခမဲ့ကုသပေးနေတာဖြစ်လို့ လူနာအရမ်းများပါတယ်။ ဒါကြောင့် Waiting List တွေ လျော့သွားဖို့အတွက် ကျွန်တော်တို့ နောက်ထပ်တစ်လုံး ထပ်လုပ်ဖို့ ဝန်ကြီးဌာန ကို တောင်းခံထားပါတယ်။ တစ်နေ့ကို လူနာက ၈ဝ ကနေ ၁ဝဝ အကြားရှိနေတဲ့အတွက် စက်အသစ် တစ်လုံး ထပ်တိုးရင် လူနာ ၂ဝဝ ဝန်းကျင်လောက်ကို ကုသနိုင်မှာဖြစ်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယခင်က ကင်ဆာရောဂါကုသရာတွင် Cobalt Mechine ခေါ်သည့် ဓာတ်ရောင်ခြည်ကုသရေးစက် နှစ်လုံးဖြင့် ကုသပေးခဲ့ရာ တစ်ရက်လျှင် လူနာ ၁ဝဝ နည်းပါး ကုသမှုပေးနိုင်ခဲ့ကြောင်းနှင့် ယခုတပ်ဆင်မည့် Linear Accelerator စက်နှစ်လုံး တပ်ဆင်ပြီးပါက တစ်နေ့လျှင် ကင်ဆာလူနာ ၂၅ဝ ခန့်ကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှလုံးသွေးကြောကျဉ်းရောဂါကို ကုသပေးနိုင်သည့် Cath-Lab ကဲ့သို့ စက်များနှင့် လည်း နှလုံးသွေးကြောကျဉ်း လူနာများကို ကုသပေးလျက်ရှိကြောင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်အရှေ့ဘက်ခြမ်းကို ပြင်ဆင်မည်ဖြစ်ရာ အရှေ့ဘက်ခြမ်းရှိ ဆေးကုသဆောင်များ၊ ခွဲစိတ်ဆောင် များနှင့် ကင်ဆာရောဂါ ပြင်ပလူနာဌာနများကို ဆေးရုံကြီးဝင်းအတွင်းရှိ ဒေါ်ပုဆောင် (ယခင် ဆီးနှင့် ကျောက်ကပ်ရောဂါကုဌာန) နှင့် အချို့ကို ဆေးရုံသစ်ကြီးသို့ ယာယီပြောင်းရွှေ့ထားကြောင်း သိရသည်။

ကင်ဆာလူနာများ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအား စောင့်ဆိုင်းရသည့်အချိန် လျော့နည်းစေ ရန် နောက်ဆုံးပေါ်ကင်ဆာရောဂါရှာဖွေရေးစက်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးရှိ ကင်ဆာရောဂါကုဌာနကြီး လေးခုတွင် တပ်ဆင်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကင်ဆာဝေဒနာရှင်များအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့ များရှိ ပြည်သူ့ဆေးရုံများတွင် ဓာတ်ရောင်ခြည်ကုဌာနများ ဖွင့်လှစ်ထားပြီး ယခင်က ကင်ဆာဝေဒနာရှင်များ ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမည်ဆိုပါက စောင့်ဆိုင်းရသည့်အချိန်မှာ တစ်လခွဲမှ လေးလခွဲခန့် ကြာမြင့်ကြောင်း သိရသည်။

ဓါတ်ပုံ - ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အသစ်တည်ဆောက်နေသည့် အဏုမြူရောင်ခြည် ကုသဌာနအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင် )
အိသဉ္ဇာကျော်
Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။