ကချင်ပြည်နယ်၊ လိုင်ဇာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ တတိယ အကြိမ် ညီလာခံမှာ KIA ခေါင်းဆောင် ပိုင်းတွေရဲ့ သဘောထားတွေကို သတိထားမိရင် အတော်စိုးရိမ်စရာ အနေအထားဖြစ်ပါ တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ဖို့ NCCT ဦးဆောင်ပြီး တိုင်းရင်း သားတွေရဲ့ အပစ်ရပ်မူကြမ်းကို ထပ်မံညှိနှိုင်း အဖြေရှာ
ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် KIA ခေါင်းဆောင်ပိုင်းကတော့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ ပြောဆိုလာပါတယ်။ အပစ်ရပ်မှ ငြိမ်းချမ်းမယ်။ ငြိမ်းချမ်း မှ နိုင်ငံရေး ဆွေးနွေးနိုင်မယ်ဆိုတာ KIA ခေါင်းဆောင်တွေ မသိမဟုတ်၊ သိပြီးသားဖြစ်ပါတယ်။
ဒါဆိုရင် သိသိကြီးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ KIA ခေါင်းဆောင်တွေ ဘာ့ကြောင့် တွင်တွင်ပြောနေ သလဲ စဉ်းစားစရာ ဖြစ်လာပါတယ်။ တိုက်ပွဲတွေကြောင့် ကချင်လူမျိုးတွေ ဒုက္ခသည်ဖြစ်ခဲ့ကြရတယ်။ ဒီနေ့အထိ ဒုက္ခမျိုးစုံ ခံနေ ကြရဆဲပါပဲ။ အကြောင်းပြချက်အမျိုးမျိုးနဲ့ အစိုးရအပေါ် KIA ဘယ်လိုပဲစွပ်စွဲနေ ပါစေ၊ တကယ့်လက်တွေ့မှာ အပစ်ရပ်ရမယ်၊ ဒါမှသာ တိုက်ပွဲတွေ ချုပ်ငြိမ်းမယ်။ ဒုက္ခသည်တွေလည်း ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရမှာဖြစ်ပါတယ်။ KIA ခေါင်းဆောင်တွေပြောနေတဲ့ နိုင်ငံ
ရေး ဆွေးနွေးပွဲဆီ အဆင့်ကျော်လွန်သွား ချင်နေတာဟာ ကချင်လူထုအတွက်တော့ မဟုတ်နိုင်ပါဘူး၊ သူတို့အတွက်ပဲ ဖြစ်ပါ လိမ့်မယ်။
KIA ခေါင်းဆောင်တွေ အပစ်မရပ်ဘူးဆိုတာ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကိုယ်တိုင် ဒေသခံပြည် သူတွေကို ပြောခဲ့တာပါ။ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တုန်းက ပဲကြားလှော်လောင်းကစားရုံမှာ ရပ်မိရပ်ဖတွေ၊ ဘာသာရေး အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ လုံးဝမဖြစ်နိုင်တဲ့အကြောင်း၊ ဗိုလ်ချုပ် ဂွမ်မော်က အချက် (၂) ချက်နဲ့ ရှင်းပြခဲ့ပါတယ်။ ပထမအချက်က (၁၇) နှစ်လုံးလုံး အတွေ့အကြုံကြောင့် ဖြစ်တယ်၊ ဒုတိယ အချက်က သူတို့ ရည်ရွယ်ချက်၊ လိုအပ်ချက်တွေ ဘာမှမတွေ့ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဖြင့်ရင် သူတို့ ရည်ရွယ်ချက်၊ လိုအပ်ချက်တွေက ဘာတွေများလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ တစ်ဆက်တည်းဆိုသလို ဗိုလ်ချုပ်ဂွမ်မော်က သူတို့ရည်ရွယ်ချက်က အခြေခံဥပဒေကို လက်ခံဖို့မဟုတ် ဘူး၊ ရွေးကောက်ပွဲဝင်ဖို့ မဟုတ်ဘူး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုနေ တာ ဖြစ်တယ် ဆိုပြီး ပြောခဲ့ပါတယ်။ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကတော့ ၀မ်ပေါင်နိုင်ငံထူထောင်ရေးပဲ ဖြစ်တယ် ဆိုတာ ဆက်ပြောသွားတဲ့ စကားတွေက သက်သေပြနေပါ တယ်။
KIA ခေါင်းဆောင်တွေက ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး ကိုယ့်ကြမ္မာကို ဖန်တီးနိုင်တဲ့ စစ်မှန် တဲ့ ပြည်ထောင်စုကို လက်ကိုင်ထားတယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုအတွင်းမှာ တန်းတူညီမျှ နေချင်တဲ့ ဖက်ဒရယ်အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ပါတယ်လို့ ပြောနေကြပြန်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ ပထမအဆင့် (၁) ကို ရောက်နေပြီဖြစ်လို့ ဒုတိယအဆင့် ဖြစ်တဲ့ ပြည်နယ်ရရှိဖို့ပဲ လိုတော့တယ်လို့ ဆိုပါတယ်။ တကယ်လို့ ပြည်နယ်ရခဲ့ရင် ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင် ဥပဒေပြဋ္ဌာန်းလိုက်ပါက နောင် ၁၀ နှစ်ကြာရင် အခြေအနေကောင်းလာနိုင်မယ်ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်က ပြောထားပါ တယ်။
အရှင်းဆုံးပြောရရင် ကချင်လူထုကို ကိုယ်စားပြုနေပါတယ်ဆိုတဲ့ KIA ခေါင်းဆောင်တွေရဲ့ အသိအမြင်၊ အယူအဆဟာ ခေတ်နောက်ပြန်ဆွဲနေသလို ပြည်သူတွေဟာလည်း အမှောင်ချထားခြင်း ခံနေရတာ ဖြစ် ပါတယ်။ အစိုးရ အဖွဲ့တွေနဲ့ တွေ့ဆုံချိန်တိုင်း အပြုံးချိုချို အပြောချိုချိုနေတတ်တဲ့ ဗိုလ်ချုပ် ဂွမ်မော် လို ခေါင်းဆောင်တစ်ယောက်ရဲ့ ပြောစကားဟာ အင်မတန် အန္တရာယ်ကြီးလွန်းပါတယ်။ “ ပြည်ထောင်စုမှ ဘယ်တော့မှ ခွဲမထွက်ပါဟု လက်မှတ်ရေးထိုး ခိုင်းတယ်၊ လုံခြုံရေးမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ဒါကြောင့်လက်မှတ် မထိုးနိုင်ဘူး၊ ငါတို့ရဲ့ စီမံချက်ကြီးက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ထားပြီးဖြစ်တယ် ” ဆိုပြီး ဒေသခံပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ရဲ့ ရှေ့မှာ ပေါ်ပေါ် ထင်ထင် ပြောဆို သွားခဲ့ပါတယ်။
အချုပ်ပြောရမယ်ဆိုရင် KIA ခေါင်းဆောင်ပိုင်းဟာ အပစ်ရပ်လက်မှတ်မထိုးဘဲ နိုင်ငံရေး ဆွေးနွေးချင်တယ်၊ လက်ရှိ ဒီမိုကရေစီ နိုင်ငံတော်ရဲ့ အခြေခံဥပဒေကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။ ပြီးတော့ ပြည်ထောင်စုက ခွဲမထွက် ပါဆိုတဲ့အချက်ကို လက်မှတ်မထိုးဘဲ ၀မ်ပေါင်နိုင်ငံထူထောင်ဖို့ သီးခြားပြည်နယ်တောင်း ဆိုနေတာဖြစ်ပါတယ်။ ထို့ကြောင့် KIA ခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြံစည်နေပြီလားဆိုတာ ဆင်ခြင်သုံးသပ်စရာ ဖြစ်နေပါတယ်။
ခိုင်မြဲ
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။