/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 21, 2014

.

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို စတင်ချိပ်ပိတ်

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ဘဏ်များတွင် အပ်နှံထားသော ငွေကြေး၊ အိမ်များ၊ စက်သုံးဆီဆိုင်၊ ဆိုင်ခန်း၊ ဂိုဒေါင်၊ မော်တော်ယာဉ်များ အပါအဝင် အခြားပိုင်ဆိုင်မှုများကို နိုဝင်ဘာ ၂ဝ ရက်မှ စတင်ကာ ချိပ်ပိတ်စစ်ဆေး မှုများ ပြုလုပ်နေ ပြီဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။

အဆိုပါ ချိပ်ပိတ်သိမ်းဆည်းစစ်ဆေးမှုများ စတင်ပြုလုပ်ရာတွင် နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းက Natural Force ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော်၏ဇနီး ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဖြစ်သော ရန်ကုန်မြို့ ယုဇန ပလာဇာ တတိယထပ် အခန်း B (၁၂) ၊ B(၁၄) ရှိ BQ Beauty Queen Fashion Shop အား ငွေကြေး စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေဌာန၊ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက်ချိပ်ပိတ်ပြီး ဆိုင်အတွင်းရှိပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။

ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဆိုင်၌ ၎င်း၏ ဖခင်ဖြစ်သူမှ ဆက်လက်ရောင်းချ နေစဉ် ယခုကဲ့သို့ လာရောက် ချိပ်ပိတ် သိမ်းဆည်းခြင်းဖြစ်ပြီး ဒေါ်ခင်သန္တာဝင်း ဖခင်ပိုင်ဆိုင်သည့် ဆိုင်ရှိပစ္စည်းများကိုမူ ယူဆောင် သွားခြင်းမရှိဘဲ ပြန်လည်အပ်နှံခဲ့ကြောင်း ယုဇနပလာဇာမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။

“ရဲထွန်းကျော်ရဲ့ မိန်းမ အမည်ပေါက်နဲ့ ဖွင့်ထားတဲ့ဆိုင်ကို တာဝန်ရှိသူတွေက လာပြီးတော့ တာဝန် အရ ဆောင်ရွက်တာ ဖြစ်တယ်” ဟု ယုဇနပလာဇာမှ တာဝန်ရှိသူတစ်ဦး နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက “ရဲထွန်းကျော်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ချိပ်ပိတ်ပြီးတော့ စတင်စစ်ဆေးနေပါပြီ။ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ အကုန်လုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် မသိမ်းဆည်းသေးပါဘူး။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက စစ်ဆေးမှုတွေ၊ သိမ်းဆည်းမှုတွေက လုပ်ထုံးလုပ်နည်းတွေနဲ့ မှန်တယ်၊ မှားတယ်ဆိုတာ ကို ပြန်လည်စစ်ဆေးပြီးတော့မှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ အခု သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်နေတယ်ဆိုတော့ ပြောင်းရွှေ့လို့မရဘူး။ ဖျောက်ဖျက်လို့မရဘူး။ ရောင်းလို့ မရပါ ဘူး။ သူပိုင်ဆိုင်မှုတွေအထဲက တရားဝင်ငွေကြေးနဲ့ ရရှိလာတဲ့ပစ္စည်းတွေရှိတယ်ဆိုရင် အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ ပြမယ်ဆိုရင်တော့ ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူပိုင်ဆိုင်တဲ့ အရာတွေအားလုံးကို ယာယီချိပ်ပိတ်တဲ့သဘောပါပဲ”ဟု နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် ပြောကြားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကလည်း “ဒီနေ့ ဩဂုတ်လ အတွင်းက မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခဲ့တဲ့ လုပ်ငန်းရှင်ဖြစ်သူရဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ၊ ကားတွေကို သိမ်းဆည်းတာ ဖြစ်ပါတယ်။ တချို့ပစ္စည်းတွေကိုတော့ ခံဝန်နဲ့ပြန်ပေးပါတယ်။ မော်တော်ယာဉ်တွေ ကိုတော့ စသုံးလုံးက သိမ်းဆည်းပါတယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် Natural Force ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်သည့်စာရင်းများမှာ မရမ်းကုန်းမြို့နယ် ကုန်းမြင့် ရိပ်သာရှိ ခြံဝင်းနှင့် နေအိမ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပေ ၃ဝ x ပေ ၆ဝ အကျယ်အဝန်းရှိ တိုက်ခန်း တစ်ခန်း၊ ယုဇနပလာဇာရှိ ဆိုင်ခန်းနှစ်ခန်း၊ ပုဇွန်တောင်မြို့နယ်ရှိ ဂိုဒေါင်တစ်လုံး၊ မော်တော်ယာဉ် ခုနစ်စီး၊ ရေယာဉ်ခုနစ်စီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အုတ်သဲကျောက် ဂိုဒေါင်တစ်လုံး၊ ပုဏ္ဏားကျွန်းမြို့ နယ်ရှိ အုတ်သဲကျောက်လုပ်ငန်း၊ မြောက်ဦးမြို့နယ်ရှိ ဟိုတယ်ခရီးမှ ၁၅ နှစ်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေ သည့် မြောက်ဦးဟိုတယ်၊ ပေါက်တောမြို့နယ်ရှိ ဧက ၁ဝဝ အကျယ်အဝန်းရှိ ပုစွန် မွေးမြူရေး ကန်၊ မြေပုံမြို့နယ်ရှိ ဧက ၂ဝဝ ရှိ ပုစွန်မွေးမြူရေးကန်နှင့် စစ်တွေမြို့ရှိ ထူးစက်သုံးဆီဆိုင် တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ကုန်သွယ်မှုဘဏ်၊ Apex ဘဏ်၊ စင်ကာပူရှိ ဘဏ်တစ်ခုနှင့် ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုတို့တွင် အပ်နှံပြီး လည်ပတ်နေသောငွေကြေးများကို သိမ်းဆည်းရန် စစ်ဆေးနေ ကြောင်း သိရသည်။

ယင်းကဲ့သို့ မရမ်းကုန်းမြို့နယ်ရှိ ရဲထွန်းကျော်နေအိမ်မှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ သည့် ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ် တစ်စီး ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း ဖမ်းဆီးရမိရာမှ ကွင်းဆက်အဖြစ် ၎င်းနေအိမ်အတွင်း မှ ဆေးပြား ၂ဝ၁ဝဝဝ နှင့် ဘိန်းဖြူ ၃၅ဝ ဂရမ်တို့အပြင် လက်နက်များကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။