ကျွန်ုပ်တို့ အကြံပေးပညာရှင်များအဖွဲ့ကို ပညာရေးနယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်သူများ၊ အတွေ့အကြုံ ရင့်ကျက်သူများနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုသာ ဘ၀တစ်လျှောက် ကိုယ်စိတ်နှစ်ပါး နှစ်မြှုပ်ကာ ဆောင်ရွက်ခဲ့ကြသူများဖြင့် ဖွဲ့စည်းထားပါသည်။
စေတနာကို အရင်းခံကာ အမျိုးသားပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက် လျက် ရှိပါသည်။
အမျိုးသားပညာရေးဥပဒေ ပေါ်ပေါက်လာပုံကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများချမှတ်နိုင်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများ၊ ဆက်နွှယ်ပတ်သက်နေသူများနှင့် အဖွဲ့အစည်းများက နှီးနှောဖလှယ်ပွဲတစ်ရပ်ကို နေပြည်တော်၌ ကျင်းပခဲ့ပါသည်။
ယင်းနှီးနှောဖလှယ်ပွဲ၏ ရလဒ်တစ်ခုမှာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး Comprehensive Education Sector Review (CESR) ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လေ့လာမှုပြုရန် ဖြစ်ပါသည်။ CESR ကို ကျွန်ုပ်တို့အကြံပေးပညာရှင်အဖွဲ့နှင့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ၊ ပြည်တွင်းပညာရှင်များ ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဩဂုတ်လမှစတင်၍ CESR ကို ဆောင်ရွက်ရန် ပညာရှင်အဖွဲ့များဖွဲ့၍ သုတေသနလေ့လာမှု များ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၃ မတ်လတွင် သုတေသနလေ့လာချက် CESR အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေး လုပ်ငန်းများကို ဖော်ထုတ် တင်ပြထားရာ ပညာရေးရည်မှန်းချက် များ၊ ပညာရေးမူဝါဒများ ချမှတ်ရေးနှင့် အမျိုးသားပညာရေး ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကို ပထမဦးစားပေး ဆောင်ရွက်ရန် ဖြစ်ပါသည်။
ထိုအချိန်မှစ၍ ကျွန်ုပ်တို့အကြံပေးပညာရှင်အဖွဲ့သည် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှင့်အတူ ပညာရေးမူဝါဒများ ရေးဆွဲနိုင်ရေးနှင့် အမျိုးသားပညာရေး ဥပဒေကြမ်း ရေးဆွဲနိုင်ရေး အတွက် အချိန်ပြည့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံပညာရေးသမိုင်းတွင် တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ဖူးသော အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကပြဋ္ဌာန်းနိုင်သည်အထိ ဆောင်ရွက်နိုင် ခဲ့ပြီ ဖြစ်သည့်အတွက် များစွာနှစ်ထောင်း အားရဖြစ်မိပါသည်။
သို့ရာတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ကျောင်းသားအချို့က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ခဲ့ပါသည်။ ထိုကဲ့သို့ ကန့်ကွက်ဆန္ဒပြမှုများအပေါ် မိဘနှင့် သားသမီးများသဖွယ် လွန်စွာ စိတ်မချမ်းမြေ့မှု ဖြစ်ခဲ့ရပါသည်။
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ကျောင်းသားအချို့၏ ထုတ်ပြန်ချက် ၆ ချက်အပေါ် ရှင်းလင်း ချက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ချက်ကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ဤအမျိုးသားပညာရေးဥပဒေ၏ ဝိသေသမှာ ပညာရေးကဏ္ဍအားလုံးကို လွှမ်းခြုံသည့် သဘောရှိသည်။ ပညာရေးနှင့် ပတ်သက်သော ကဏ္ဍအသီးသီး ပါဝင်ဖော်ပြထားသည်။ ဤဥပဒေသည် ပညာရေးနှင့် ပတ်သက်သည့် ရည်မှန်းချက်၊ မူဝါဒနှင့် စနစ်တို့ကို ဖော်ပြထားသော ဥပဒေတစ်ရပ်ဖြစ်သည်။
ထိုဥပဒေကို အခြေပြု၍ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ ဆရာ အတတ်ပညာ စသော ကဏ္ဍအလိုက် သီးခြားဥပဒေ များကို ဆက်လက်ပြုစုပြဋ္ဌာန်းရန်နှင့် ဤဥပဒေကို အကောင် အထည် ဖော်နိုင်ရန် နည်းဥပဒေကိုလည်း ရေးဆွဲခြင်း၊ ကဏ္ဍအလိုက်ဥပဒေများနှင့် ပတ်သက် သော နည်းဥပဒေ များနှင့် တက္ကသိုလ်အလိုက် တက္ကသိုလ်ပဋိညာဉ် စာတမ်းများကို မူလအစီအစဉ် ရှိသည့်အတိုင်း ရေးဆွဲခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းထားခြင်း သည် ဗဟိုချုပ်ကိုင်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ခွင့်ပြုရန်ပုံငွေရရှိရေးအတွက် တာဝန်ခံတင်ပြပေးရန်၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များနှင့်ပေါင်းစပ် ညှိနှိုင်းပေး ရန်နှင့် ပညာရေးအရည်အသွေး အာမခံမှုစနစ်နှင့် အဆင့်အတန်းသတ်မှတ်မှုကို လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် သာဖြစ်ပါသည်။
ဤဥပဒေတွင် ပညာရေးကဏ္ဍအသီးသီးအတွက် လိုအပ်သောဘဏ္ဍာငွေကို ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ ထောက်ပံ့ပေးရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ စီမံကိန်းဥပဒေ၊ အရအသုံးဥပဒေတို့နှင့်အညီ ရန်ပုံငွေ မည်မျှခွင့်ပြုမည်ကို လွှတ်တော်ကစိစစ်အတည်ပြု၍ ဘဏ္ဍာရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သော အရအသုံးဆိုင်ရာ ဥပဒေတွင်သာဖော်ပြနိုင်မည် ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေကြမ်းကို ကျွန်ုပ်တို့အကြံပေးအဖွဲ့၊ ပညာရေးမြှင့်တင်မှု အကောင် အထည် ဖော်ရေး ကော်မတီနှင့် ပညာရေးဆိုင်ရာ ဥပဒေများ ပြုစုရေးလုပ်ငန်းအဖွဲ့တို့က ဦးဆောင်ပြီး ပညာရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ စီမံခန့်ခွဲသူများ၊ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပညာရေးနှင့် ဆက်နွှယ်ပတ်သက်သူ များနှင့် ပညာရေးကိုစိတ်ဝင်စားသူများ အားလုံး ပါဝင်သည့်ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် NNER လည်း ပါဝင်ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အားလုံးဝိုင်းဝန်း ပြုစုထားသော အမျိုးသားပညာရေး ဥပဒေမူကြမ်း ကို ပညာရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ယင်းဥပဒေတွင် အခန်း(၁၄)ခန်းနှင့် ပုဒ်မ (၈၀)ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ အကြိမ်ကြိမ်ဆွေးနွေးပြီး အခန်း (၁၄)ခန်းနှင့် ပုဒ်မ (၆၉)ချက်ပါဝင်သော အမျိုးသား ပညာရေးဥပဒေကြမ်းကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့တွင် အမျိုးသားပညာရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
ယခုကာလသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်သည့် အတွက် ဒီမိုကရေစီအလေ့အကျင့် များစွာ လိုအပ်နေပါသည်။ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လူတိုင်း ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကျင့်သုံးမှသာလျှင် ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အချိန်တိုအတွင်း အဆင်ပြေ ချောမွေ့စွာ ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဆိုပါက အကြံပေး ပညာရှင် အဖွဲ့အပါအဝင် ပညာရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပဒေပြုစုရေးနှင့် ဥပဒေပြင်ဆင်ရေး ကိစ္စများမှာ လွှတ်တော်နှစ်ရပ်၏ ဆောင်ရွက်ရ မည့်တာဝန် များ ဖြစ်သဖြင့် လွှတ်တော်များက လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သလို ဆောင် ရွက်ရမည်ဖြစ်ပါသည်။
ပညာရေးအကြံပေးပညာရှင်များအဖွဲ့
Credit : MOI Webportal Myanmar

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။