/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 10, 2014

.

လျော်ကြေးမယူသည့် တောင်သူ ၁၇ ဦး ရဲတပ်ရင်း ခြံစည်းရိုးခတ်သည်ကို တားမြစ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာ အနီးတွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ရဲတပ်ရင်း (၂၈) က ဇွန်လ ၈ ရက် နေ့တွင် ခြံစည်းရိုး ခတ်သည်ကို လျော်ကြေး ယူထားခြင်း မရှိသည့် ထန်းတက် တောင်သူ ၁၇ ဦးက တားမြစ်ခဲ့ကြောင်း အုံတုံပင်ကျေးရွာ ဒေသခံများက ပြောကြားသည်။


“ထန်းပင်လျော်ကြေး ယူမထားတဲ့ ထန်းတက်တောင်သူ ၁၇ ဦး ရှိတယ်။ ကျွန်တော်တို့က ထန်းတက်တဲ့ အလုပ်ပဲ လုပ်ကိုင်တတ်တော့ ဒီအလုပ်မှ မလုပ်ရရင် တခြားအလုပ်လည်း လုပ်စရာ မရှိဘူး။ လျော်ကြေးကို မလိုချင်တဲ့အတွက် ခြံစည်းရိုးခတ်တာကို လာတားတာပါ” ဟု အုံတုံပင်ကျေးရွာ ထန်းတက်တောင်သူ တစ်ဦးက ပြောဆိုသည်။

ဒေသခံများကို ညှိနှိုင်းရန် အကြိမ်ကြိမ် ခေါ်သော်လည်း ၎င်းတို့က လာရောက် ညှိနှိုင်းခြင်းမရှိဘဲ တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်ချိန်များတွင် လာရောက် တားမြစ်မှုများ ရှိကြောင်း၊ ဒေသခံများ လာရောက်တားပါက လုပ်ငန်းမလုပ်ဘဲ ရပ်ဆိုင်းထားရကြောင်း၊ ရဲတပ်ရင်း (၂၈) တည်ဆောက်မှုသည် လန ၃၉ ကျထားပြီး ဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းမြေနေရာကို အောင်ဇေယျ မြို့ကွက်သစ် ဖော်ဆောင်ရန်အတွက် ၂၀၁၁ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဧကပေါင်း ၄၂၉ ဒသမ ၅၂ ဧကကို မြို့ကွက်သစ် ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် ယင်းမြို့ကွက်သစ် ဧရိယာအတွင်း ၈၆ ဒသမ ၇၀ ဧက အသုံးပြုမည် ဖြစ်ကြောင်း စစ်ကိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း၏ မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ မြေများကို၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ နှင့်အညီ စိစစ်ဆောင်ရွက်ပြီး မြို့တိုးချဲ့မြေအဖြစ် အသုံးပြုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့သဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် ရယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ဖြေကြားခဲ့သည်။

ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံတောင်သူ ၅၀ ဦးခန့်ထံမှ မြေယာများ သိမ်းဆည်းခဲ့သော်လည်း မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက မြေတစ်ဧက သိမ်းဆည်းခံရ သူတိုင်းကို ပေ ၈၀ xပေ ၆၀ ကျယ်ဝန်းသည့် မြေကွက်နှစ်ကွက် ပြန်လည်ရရှိမည်ဟု တာဝန်ရှိသူများဖြင့် သဘောတူထားကြောင်း၊ လက်ရှိတွင် ၃၇ ဦးသာ သဘောတူပြီး ကျန် ၁၃ ဦးက သဘော မတူသည့်အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ယင်းမြေယာ ကိစ္စရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူအချို့ ထိပ်တိုက်တွေ့ဆုံမှု ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဒေသခံ တောင်သူအချို့က လုပ်ကိုင် စားသောက်စရာ မရှိတော့ဟုဆိုကာ လမ်းပေါ်ထွက်၍ တောင်းရမ်းမှုများလည်း အုံတုံပင်ဒေသတွင် ဖြစ်ပွားခဲ့ဖူးသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။