/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 10, 2014

.

မန္တလေးတွင် အပူချိန် မြင့်တက်၍ တစ်ရက်အတွင်း လူသုံးဦးသေဆုံး



ဒေသအချို့တွင် မိုးရွာနေသော်လည်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် အပူချိန် မြင့်တက်နေဆဲ ဖြစ်ရာ မန္တလေး မြို့တော်တွင် နေ့အပူချိန် မြင့်တက် လာမှုကြောင့် ဇွန်လ ၅ ရက်နေ့ တစ်ရက်အတွင်း လူသုံးဦးသေဆုံးပြီး ယခုလဆန်းပိုင်းအတွင်း လူ ၁၇ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသလျက် ရှိကြောင်း အဆိုပါဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။


မန္တလေးဆေးရုံကြီးသို့ ဧပြီလမှ စတင်ကာ အပူလျှပ်လူနာများ စတင်ရောက် ရှိခဲ့ခြင်းဖြစ်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၅ ရက်နေ့ တစ်ရက်တည်းတွင် အပူကြောင့် သေဆုံးနေသည့် အမျိုးသား သုံးဦးအလောင်း ရောက်ရှိလာကာ အမျိုးသား ကိုးဦး၊ အမျိုးသမီးတစ်ဦး ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ သေဆုံးသူများမှာ ပိုင်ရှင်မဲ့နှစ်ဦးနှင့် ကျန်တစ်ဦးမှာ အခြေခံ အလုပ်ကြမ်း လုပ်ကိုင်သူ ဖြစ်ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။

အဆိုပါ ဆေးရုံကြီးသို့ ဇွန်လ ၁ ရက် နေ့မှ ၅ ရက်နေ့အထိ အပူလျှပ်လူနာ ၁၇ ဦး၊ သေဆုံးသူသုံးဦး ရှိပြီဖြစ်ကာ ဧပြီလ ၂၂ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ အပူကြောင့် လူနာ ၇၄ ဦး၊ သေဆုံးသူ အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်ဦးရှိပြီး အရက်ကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆေးမှတ်တမ်းအရ သိရသည်။

မန္တလေးမြို့တော်တွင် လက်ရှိ အပူလျှပ် လူနာအများစုမှာ အခြေအနေမဲ့ သွားလာ နေထိုင်သူများ၊ ကြုံရာကျပန်း လုပ်ကိုင်နေသူများတွင် အဖြစ်များနေကြောင်း၊ နေ့အပူချိန် မြင့်တက်နေသည့် အချိန်တွင် ရာသီပေါ် အစားအစာများဖြစ်သည့် ပုရစ်၊ အင်ဥ၊ ခန္ဓာကိုယ် ယားယံစေတတ်သည့် အစားအစာများ စားမိ၍ ကလေးငယ်များ ယားယံပြီး အဖုအပိမ့်များ ထွက်ခြင်းတို့ ရှိနေကြောင်း ချမ်းအေးသာစံမြို့နယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

“အခုလိုချိန်မှာ ရာသီဥတုက အရမ်းပူတော့ ယားယံပြီး အဖုအပိမ့် ထွက်စေမယ့် အစားအစာတွေ ရှောင်ရှားသင့်တယ်” ဟု ၎င်းက သတိပေးသည်။

မန္တလေးမြို့တော်တွင် ဇွန်လ ပထမပတ်အတွင်း နေ့အပူချိန်များမှာ ၄၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်တွင် ရှိပြီး ဇွန်လ ၅ ရက်နေ့တွင် ၄၂ ဒသမ ၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။