/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 28, 2014

.

ဖွဲ့စည်းပုံပြင်ပေးရန် ဆန္ဒပြပွဲများ မတ်လတွင် ဆက်တိုက် လုပ်မည်ဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ကွန်ရက်က မတ်လအတွင်း ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် လုပ်ရန်ရှိသည်ဟု ယင်းကွန်ရက်အတွင်း ပါဝင်သည့် ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်၏ အဖွဲ့ဝင် ဒေါ်လေးလေးက ဖေဖော်ဝါရီ ၂၆ တွင် မဇ္ဈိမကို ပြောသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ကွန်ရက်က မတ်လ ၁ ရက် ညနေ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဖွဲ့စည်းပုံပြင်ပေးရန် တစ်ပြိုင်နက် တောင်းဆိုမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပြင် မတ်လ ၃ ရက်၌ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် နံနက် ၈ နာရီ နှင့် မတ် ၄ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တောင်း ဆိုသွားမည်ဖြစ်သည်။

ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်အဖွဲ့ဝင် ဒေါ်လေးလေးက “ပြည်သူတွေ ကြောက်အားရှိ နေသေးတဲ့အတွက် ဦးဆောင်စည်းရုံးတာပါ။ တစ်မြို့နယ်ချင်း တောင်းဆိုမှုပြီးသွားတာနဲ့ ရန်ကုန်တိုင်း တစ်တိုင်းလုံး တစ်နေ့တည်း၊ တစ်ပြိုင်တည်း တောင်းဆိုမှုတွေ ဆက်တိုက် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

မြို့နယ်တစ်မြို့နယ်ချင်းစီတွင် ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့စခန်းများတွင် လူအင်အား ၂၀၀ ဖြင့် ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်သည်။ ယင်းအပြင် ဒဂုံမြို့နယ်သစ်မြောက်ပိုင်းတွင်လည်း ခွင်ပြုမိန့်တင်ထားသည်။

အရပ်သားပြည်သူများ သမ္မတဖြစ်ခွင့်နှင့် ပြည်သူကရွေးချယ်သော ပြည်သူ့ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်အပေါ် ဟန့်တားနေသော ပုဒ်မ၅၉(ဃ)နှင့်(စ)ကို ပယ်ဖျက်ပေးရေး၊ နိုင်ငံသားများအတွက် တန်းတူ ညီမျှမှု၊ တရားမျှတမှုကို ပျောက်ဆုံးစေသော ပုဒ်မ၆(စ)၊ ပုဒ်မ၂၆၁(ခ)၊ ပုဒ်မ(၁)၊ ပုဒ်မ ၃၃၈ တို့ကို ပယ် ဖျက်ပြင်ဆင်ပေးရေးအတွက်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်သူလူ ထုကို ပြုပြင်ပြောင်းလဲရာတွင် ကြီးစွာ အဟန့်အတားဖြစ်ပြီး စစ်အုပ်စု အာဏာတည်မြဲရေးကို ကာကွယ် ပေးရန် ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေးအတွက်လည်းကောင်း ပြည်သူအားဖြင့် ဆန္ဒ ဖော်ထုတ်သွားပါမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ကွန်ရက်က ဖေဖော်ဝါရီ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်အဖွဲ့ဝင် ဦးရန်နိုင်ထွေးက “အဓိကက ပြည် သူလူထု ရွေးကောက်တင်မြှောက်တဲ့ ခေါင်းဆောင်ပေါ်ပေါက်ဖို့ တောင်းဆိုမှုတွေ ဆက်တိုက် ဆောင် ရွက်သွားမှာပါ”ဟု ပြောသည်။

ယင်းကွန်ရက်သည် ဖွဲ့စည်းပုံကို ပြင်ဆင်လာသည့်အထိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တောင်းဆိုမှု များ ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်သည့် စည်းရုံးပွဲများ ဆောင်ရွက် သွားမည်ဖြစ်သည်ဟုလည်း ဦးရန်နိုင်ထွေးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းက စတင်ဖွဲ့စည်းခဲ့ ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းကွန်ရက်က ဖွဲ့ စည်းပုံပြင်ပေးရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တာမွေမြို့နယ်၌ ဆန္ဒဖော်ထုတ်ခဲ့သည်။

Mizzima

1 comment:

  1. စိတ်မဝင် စားဘူအာဖျံကွိးတွေ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။