/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 27, 2014

.

လွပ်လပ်ရေးအမွေ ထိန်းသိမ်းစေ (၁)



သွေးဖြင့်တည်ဆောင်၊ ကိုယ့်ပြည်ထောင်ကို နောင်တစ်ဖန်ခေတ်၊ ပြန်မနစ်ဖို့အားသစ်မွေးမြူ၊ အလေးမူလျက် ရှင်လူနှစ်ခန်း၊ ကိုယ့်ဝန် လမ်းကို ထမ်းမှတော်မည်။ ဟူ၍ မင်းကွန်းဆရာတော်ဘုရားကြီး ကလွတ်လပ်ရေးအတွက် ရဟန်းရှင်လူအပေါင်းက စွမ်းစွမ်းတမံ ရွက်ဆောင်ကြိုးပမ်းကြပြီး ရရှိလာမည့်လွတ်လပ်ရေးကိုလည်း ပြန်လည် မဆုံးရှုံးသွားစေရေး ကာကွယ်စောင့်ရှောက်ကြရန် ၁၇-၁-၁၉၄၇ ရက်တွင် ရေးစပ်ကာ ဤသို့ တပ်လှန်နှိုးဆော်ခဲ့ဖူးသည်။ ဆရာတော်ကြီး ထိုကဗျာကို ရေးစပ်တော်မူစဉ်က လွတ်လပ်ရေး ပင် မရရှိသေးပေ။ ဆရာတော်ဘုရားကြီးတို့မှာ သူ့ကျွန် ဘဝ၏ ခါးသီးမှုဒဏ်တွေကို သေလုမြောပါး ခံစားခဲ့ရသည်။ ကိုယ့်ရေမြေ ဖြစ်ပါလျက် ပိုင်စိုးခွင့်မရ။ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရသည့် ကိုယ့်အရှင်သခင်မဲ့သောဘဝတွေက အဘယ်မျှဆိုးရွားလိုက်မည် မသိချေ။


မြန်မာဆိုတာ ကမ္ဘာမှာညံ့လွန်းသောလူမျိုးတော့မဟုတ်ပေ။ မျိုးချစ်စိတ်ဖြင့် အမျိုးကိုစောင့်ရှောက်ပြီး ယဉ်ကျေး မှုနှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို လေးစားစောင့်ထိန်း၏။ စစ်တိုက်ရာမှာပင် မနိုင်လျှင်မပြန်ဘူးဟု ရဲဝံ့စွန့်စားတတ်ကြ သူများဖြစ်သည်။ မြန်မာလူမျိုးတို့သည် ဘာသာတရား၏ အဆုံးအမဖြင့် ယဉ်ကျေးသိမ်မွေ့သော လူမျိုးလည်းဖြစ်သည်။ ယဉ်ကျေး သိမ်မွေ့သလောက် အမျိုးမာန်လည်း ပြင်းထန်၏။ လက်သည်းဆိတ်တော့ လက်ထိပ်နာသည် သို့အမျိုးကို ထိရင် ရင်ကွဲမတတ်နာကြသော လူမျိုးများ လည်းဖြစ်သည်။

သို့သော် ရွှေထီး ရွှေနန်း၊ ရွှေကြငှန်းတို့ဖြင့် ခမ်းနားထည်ဝါစွာ နေခဲ့ကြသော မြန်မာတို့သည် နယ်ချဲ့တို့၏ တစ်ဖက်သတ် ကျူးကျော်စော်ကားမှု စစ်ပွဲသုံးကြိမ်ကို ခံခဲ့ရပြီးနောက် ၁၈၈၆ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကိုလိုနီ နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သခင်အဖြစ်မှ ကျွန်ဖြစ်ရသည့်ဘဝနှင့် ခံစားချက်တွေက အဘယ်မျှ နာကြည်းခံခက်၊ အနေခက်လိုက်ကြမည်ဖြစ်ခြင်း။

လွတ်လပ်ရေးဆုံးရှုံးသွားရခြင်း၏ ဘဝနှင့်ခံစားချက်တို့ကို ပြည်သူ ပြည်သားတို့သည်ပင် ခံစားခဲ့ရသည် မဟုတ်၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတို့လည်း ခံစားခဲ့ရသည်။ မင်းကွန်း ဆရာတော်ဘုရားကြီးက လွတ်လပ်ရေးရပြီးခေတ် စာအောင်ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခုတွင် သြ၀ါဒမြွက်ကြားဖူးသည်။ ဆရာတော်ဘုရားကြီးက ''ဦးပဉ္ဇင်းတို့ သိပ်ပြီး ကံကောင်းကြတယ်။ ဦးပဉ္ဇင်းတို့ရဲ့စာအောင် ဆုနှင်း သဘင်ကြီးကို နိုင်ငံတော်အစိုးရမင်းများက ခမ်းနားထည်ဝါစွာ ကျင်းပပေးတယ်။ ထီးဖြူတွေအုပ်မိုးလို့ ပန်းကလပ် တွေ ရှေ့ကဆောင်ယူလို့ စည်ဗြောသံတွေဖြင့် ပင့်ဆောင်ပူဇော် ဆက်ကပ်ခြင်းသည် ကိုယ့်တိုင်းပြည်၊ ကိုယ့်အရှင် ကိုယ့်သခင်နဲ့နေရလို့၊ သူ့ကျွန်အဖြစ် နွံနစ်ရတဲ့ဘဝက လွတ်မြောက်ခြင်းရဲ့ အရသာ ပါပဲ။ တပည့်တော်တို့ ပထမကျော်အောင်တုန်းကဘွဲ့လက်မှတ်ကို ဘုရင်ခံအိမ်မှာ သွားယူ ရတယ်။ ဘုရင်ခံ အိမ်တော်မှာ ဘုရင်ခံမလာသေးလို့ ခုံလေးဖြင့် သင်္ကန်းရုံပြီးထိုင်စောင့်နေရတယ်။ ပေးပြန်တော့ လည်း ဘုရင်ခံစားပွဲရှေ့မှာ ထိုင်ခုံပေါ်ကတောင်မဆင်းဘဲ ဘုရင်ခံပေးလိုက်တဲ့ ဘွဲ့လက်မှတ်ကလေးကို အသာရို့ရို့ကလေးပဲ ယူလာရတယ်။ ဘာမှထည်ဝါခမ်းနားမှုမရှိပါ''ဟု သြ၀ါဒပေးခဲ့သည်။

စာချဆရာတော်ကြီးတစ်ပါးကလည်း သူ့စာသင်သား များကို ''မင်းတို့ ကံကောင်းကြတယ်၊ သခင်ဘဝမှာ လူဖြစ်ကြရတယ်။ တို့များတော့ ကံမကောင်းလှဘူးကွယ်၊ သူ့ကျွန်ဘဝ မှာ လူဖြစ်ကြရလို့'' ဟု မိန့်ကြား ခဲ့သည်။ ဆီးဘန်းနီ ဆရာတော်ကြီးကလည်း သူ့ကျွန်ဖြစ်ရသည့် သုညခေတ်ကြီးကို ''သေသော်မှတှတည့် သြော်-ကောင်း၏'' ရင်ဖွင့်ပြတော မူခဲ့လေသည်။ ဆရာတော်ကြီးများ၏ကိုယ်တွေ့ခံစားချက်များကို တွေးကြည့်မိရုံဖြင့် သူ့ကျွန်ဘဝဆိုးကြီး၏ ခါးသီးမှုကို သိရှိနိုင်ပေ သည်။ ထို့ကြောင့်ပင် ကျမ်းပြု ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူသော အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက '' ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်နိုင်ရမည်´´ ဟု စစ်တပ် တရားတော်တွင် ဟောကြားညွှန်ပြခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း''လူမျိုး တစ်မျိုးရဲ့အမွန်မြတ်ဆုံးနဲ့ တန်ဖိုးအထား အပ်ဆုံးအရာဟာ အဲဒီ လူမျိုးရဲ့လွတ်လပ်ရေးပဲ ``ဟု ပြောခဲ့ဖူးသည်။

မြန်မာတို့သည် ရွှေမှန်ကင်းအစစ်မှ ထင်းဖြစ်ခဲ့ရသည့်တိုင် နယ်ချဲ့တို့ကို ဒူးမထောက်၊ လက်မမြှောက်ခဲ့ပေ။ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော ဗီဇစိတ်ဓာတ်၊ ကိုယ့်မြေ၊ ကိုယ့်ရေကို အထိပါးမခံသော ဇာတိမာန် စိတ်ဓာတ်တို့ ပြင်းထန်သောအမျိုးသားရေး စရိုက်လက္ခဏာတို့သည် တိုင်းရင်းသားအားလုံး၏ နှလုံးအိမ်တွင် ထာဝစဉ်ကိန်းဝပ် ရှင်သန်လျက်ရှိသည်။ မြန်မာတိုင်းရင်းသားတို့သည် ရရာလက်နက် စွဲကိုင်ပြီး နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက် ခဲ့ကြသည့်တိုက်ပွဲများမှာ ဆယ်နှစ်ကျော်တိုင်တိုင် ဖြစ်ပွားခဲ့သည်။ နယ်ချဲ့တို့သည် မျိုးချစ်မြန်မာလူမျိုးတို့အား အလွယ်တကူ အုပ်ချုပ်နိုင်ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံရေးနည်းဖြင့် ဆန့်ကျင်တိုက်ခိုက်ခံရမှုများကိုပင် ခံစားခဲ့ကြရသည်။ ၁၈၉၇ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့သော ဘာသာရေးအသင်းအဖွဲ့များ၊ ၁၉၂ဝ ပြည့်နှစ်နှင့် ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံ၊ ၁၉၃၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်များ၊၁၉၃၈ခုနှစ်တွင် ရေနံမြေ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ ပြည်သူများ ပါဝင်သော ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကြီး စသည်တို့သည် မြန်မာတို့၏ သူ့ကျွန်မခံသော ဇာတိမာန်ကိုအကောင်းဆုံးပြသခဲ့ကြသည်။

၁၉၃ဝ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော တို့ဗမာအစည်းအရုံးကြီးသည် '' ဗမာပြည်သည်တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊တို့စကားကို လေးစားပါ '' ကြွေးကြော်သံများဖြင့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို ပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ပြီး လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သော အဖွဲ့အစည်းကြီးဖြစ်သည်။ အမျိုးသားရေး စိတ်ဓာတ် များကိုလည်း နှိုးဆွပေးနိုင်ခဲ့သည်။ မြန်မာတို့သည် နယ်ချဲ့တို့အား စစ်ရေးနည်း၊ နိုင်ငံရေးနည်း၊ လူမှုရေးနည်း စသည့်နည်းမျိုးစုံဖြင့် ဆန့်ကျင် တော်လှန်ခဲ့ကြသော်လည်း တစ်လုံးတစ်စည်းတည်းသော အမျိုးသားရေး အင်အားကို မတည်ဆောက်နိုင်ခြင်း၊ နိုင်ငံနှင့် လူမျိုးအတွက် ရှေ့မှမားမားမတ်မတ်ဦးဆောင်ဦးရွက်ပြုမည့် မြန်မာတို့၏ မြန်မာ့တပ်မတော်တစ်ရပ်ကို မတည်ဆောက် နိုင်ခြင်းတို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများမှာ ပြည့်စုံသော အောင်မြင်မှုတို့ကို မရရှိနိုင်ခဲ့ပေ။ ထို့ကြောင့် အမျိုးသားတပ်မတော်ကို ဖွဲ့စည်း ထူထောင်ပြီး တိုက်ပွဲဝင်မှသာ လွတ်လပ်ရေး ရရှိနိုင်မည်ဟု နားလည် ယုံကြည်လာကြ သည်။ မျိုးချစ်လူငယ် အများစုသည် လက်ရုံးတပ်၊ အပျော်တမ်းရဲတပ်ဖွဲ့၊ ကျောင်းသားသံမဏိအဖွဲ့ စသည်တို့ကို ဖွဲ့စည်း ကာ လွတ်လပ်ရေးအတွက် ပြင်ဆင်ခဲ့ကြသည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့အနောက်ခြမ်းဒေသတို့၌ ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်း လာချိန်တွင် မြန်မာတိုင်းရင်းသားတို့၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ အရှိန်အဟုန် ပြင်းထန်နေပြီဖြစ်သည်။ သာယာဝတီ မြို့တွင် ကျင်းပသော တို့ဗမာအစည်းအရုံးညီလာခံက နယ်ချဲ့တို့အား တိုက်ထုတ်ချေမှုန်းရန် အတိအလင်းကြေညာ ခဲ့သည်။ ယင်းသို့ အတိအလင်းကြေညာလိုက်သည့်အချိန်တွင် ဘီအာရ်ပီ (ခေါ်) ပြည်သူ့အရေးတော်ပုံ ပါတီသည် အင်္ဂလိပ်တို့အား လက်နက်ဖြင့်တွန်းလှန်ရန် နည်းလမ်းနှင့် နိုင်ငံခြား အကူအညီများရရှိရေး အပြင်းအထန်ရှာခဲ့ကြသည်။ နိုင်ငံရေးအဖွဲ့အစည်းများကို ညီညွတ်စွာ ပူးပေါင်း ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကလည်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မြန်မာပြည် အနှံ့ဆောင်ရွက်ခဲ့သည်။ ထို့နောက် နယ်ချဲ့တို့၏ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုများ၊ ဖမ်းဆီး ထောင်ချခြင်းများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည့်ကြားမှ အမျိုးသား တပ်မတော်ကိုထူထောင်ရေး၊ လွတ်လပ်ရေး ရရှိရေးတို့အတွက် လျှို့ဝှက်ကြံစည် ဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးကို တိုက်ယူရန်ဆုံးဖြတ် ပြီးနောက် သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)နှင့် သခင်လှမြိုင် တို့သည် ၁၉၄ဝပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့ တွင် တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက် ထွက်ခွာသွားပြီး ပြည်ပအ ကူအညီရရှိရေး ကြိုးပမ်းခဲ့သည်။ ထိုသို့ ကြိုးပမ်းရာတွင် ဂျပန်တို့နှင့် အဆက် အသွယ်ရခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ မစ္စတာတာ နာကာနေအိမ်တွင် ဗိုလ်မှူးကြီ ဆူဇူကီးနှင့်တွေ့ဆုံပြီး လွတ်လပ်သော မြန်မာပြည်ပြန်လည်ထူထောင်ရေး စီမံကိန်းတစ်ရပ် ကို ရေးဆွဲ တင်ပြသည်။ သခင်အောင်ဆန်း ရေးဆွဲတင်ပြခဲ့သော အချက်များတွင် '' ကျွန်ုပ်တို့၏ မျှော်မှန်းချက် မှာ မြန်မာပြည်ကို ကျွန်ုပ်တို့၏ အခြေအနေ၊ လိုအပ်ချက်များနှင့်ဆီလျော်သည့် လွတ်လပ်သောပြည်ထောင် စု မြန်မာနိုင်ငံအဖြစ် တည်ထောင်ရန်ဖြစ်သည် '' ဟူ၍လည်းကောင်း၊ '' လွတ်လပ်သော မြန်မာနိုင်ငံအား ပြန်လည် တည်ဆောက်ပြီးနောက် လွတ်လပ်ရေးကိုထိန်းသိမ်းရာတွင် ကျွန်ုပ်တို့နိုင်ငံကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့၏ တိုးတက်မှုကို စောင့်ရှောက်ရန် အတွက် ခိုင်မာတောင့်တင်း သည့် ကာကွယ်ရေးအစီအစဉ် မရှိလျှင် မဖြစ်ပေ။ ကျွန်ုပ်တို့သည် အင်အားကြီးမားသော ကြည်း၊ ရေ၊ လေတပ်မတော်များကို ဖွဲ့စည်း ထူထောင် ရမည် '' ဟူ၍လည်းကောင်းပါရှိလေသည်။ ဂျပန်တို့ထံမှ အကူအညီရရှိရေး ကြိုးပမ်းအောင်မြင် ခဲ့ပြီးနောက် ရဲဘော်သုံးကျိပ်တို့သည် စစ်ပညာများသင်ကြား ရန် ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာ ခဲ့ကြ သည်။

ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလဆန်းအထိ ဟိုင်နန်ကျွန်း နှင့် ထိုင်ဝမ်ကျွန်း (ဖော်မိုဆာကျွန်း)တို့တွင် စစ်ပညာများ ကို ပြင်းပြင်းထန်ထန် သင်ယူလေ့ကျင့်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ် ဝင်များ သည် ၁၉၄၁ ခနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဘန်ကောက်မြို့ ဦးလွန်းဖေ၏နေအိမ်၌ ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုသော ရဲဘော်သုံးကျိပ်ဝင်များနှင့် တပ်သားသစ်များသည် မြန်မာ့လွတ် လပ်ရေး အတွက် အသက်စွန့်တိုက်ပွဲဝင်ရန် သစ္စာဆိုပြီး လက်မောင်းသွေးဖောက်သောက်ခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဘီအိုင်အေ (ခေါ်) ဗမာ့ လွတ်လပ်ရေးတပ်မတော်ကို အင်အား (၂ဝဝ)ကျော်ဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာပြည်တွင်းသို့ ဂျပန် တပ်များနှင့် အတူ ချီတက်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းတစ်လျှောက်တွင် ပြည်သူလူထုက တစ်ခဲနက်အားပေးထောက်ခံ ကြိုဆိုခဲ့ကြသည်။ မျိုးချစ်လူငယ် အများအပြားသည်လည်း လွတ်လပ်ရေး တည်းဟူသော ရည်မှန်းချက်ဖြင့် တပ်မတော်သို့ ဝင်ရောက်အမှုထမ်း ခဲ့ကြသည်။ ဗမာ့တပ်မတော်၏ အင်အားမှာ နေ့ချင်းညချင်း တိုးပွား လာရာ ၁၉၄၂ ခုနှစ် ဇွန်လတွင် ဂျပန်တို့နှင့်အတူ နယ်ချဲ့တို့အား အပြီးအပိုင် တိုက်ထုတ်နိုင် ခဲ့သည့် အချိန်၌ ဗမာ့တပ်မတော်၏ အင်အားမှာ ငါးသောင်းကျော်ခန့် ရှိနေလေပြီ။ မြန်မာတစ်မျိုးသားလုံးမှာလည်း တပ်မတော်၏ အင်အားနှင့် စွမ်းရည်တို့ကြောင့်လည်းကောင်း၊ မျိုးချစ်ပုဂ္ဂိုလ်တို့၏ ကြိုးပမ်းမှုတို့ကြောင့် လည်းကောင်း၊ ဂျပန်တို့၏ လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ပေးမည်ဆိုသည့် ကတိကြောင့် လည်းကောင်း လွတ်လပ်ရေးအတွက် အားတက် ရွှင်လန်းလာကြသည်။

ဆက်လက်ဖော်ပြပါမည်။

နီသင်အောင်ကျော်မိုး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။