/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 13, 2014

.

ရခိုင်သမိုင်းသုတေသီ ဆရာဦးကျော်ထွန်းအောင် ကွယ်လွန်


u kyaw tun aung

ရခိုင်သမိုင်းသုတေသီ၊ ရှေးဟောင်းယဉ်ကျေးမူ သုတေ သန ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဟောင်း ဦးကျော်ထွန်းအောင် (အသက်-၆၄ နှစ်)သည် ဇန်န၀ါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


ဆရာသေဆုံးသွားခြင်းမှာ ရခိုင်လူမျိုးများအတွက် အစားထိုးမရသော ဆုံးရှုံးမူ တစ်ရပ်ဖြစ်ကြောင်း ကျန်ရစ် သူ ဆရာ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းက နိရဉ္စရာသို့ ပြောသည်။

ဒေါ်ခင်စန်းက “ ကျွန်မတို့ မိသားစုက ဆရာကို ပိုင်တာက ၁၀ ရာခိုင်နုန်းပါ။ ရခိုင် ပြည်သူတွေပိုင်တာက ၉၀ ရာခိုင်နုန်းပါ။ ဆရာဆုံးသွားတာဟာ ရခိုင်အမျိုးသားတွေအတွက် အစားထိုး မရတဲ့ ဆုံးရှုံးမူ တစ်ရပ်လို့မြင်ပါတယ်” ဟု ဆိုသည်။

ဆရာဦးကျော်ထွန်းအောင် နှလုံးရောဂါ အခံရှိပြီး ဥဏှောက်ကို ထိခိုက်သွားခဲ့ရာမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး ရက်အတန်ကြာအောင် သတိမရ ဖြစ်နေခဲ့ပြီး ယနေ့ ၅ နာရီခွဲတွင်ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်သည် စစ်တွေထောင်ထဲတွင် ကွယ်လွန်သွားခဲ့သူ ရခိုင်မြန်မာ ပဏ္ဍတိတ် ဆရာကြီး ဦးသာထွန်း၏ သားကြီးဖြစ်ပြီး သူသည် သူ့၏ ဘ၀ကို ရခိုင်ပြည်နှင့် ရခိုင်အမျိုးသားများ အတွက် သူတတ်ထားသော သမိုင်း၊ ယဉ်ကျေးသုတေသီ အလုပ်ဖြင့် သေဆုံးချိန်ထိ ပေးဆပ်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်သည် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ဗဟိုအလုပ်အမူဆောင် ကော်မီတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နှင့် ALD ပါတီနှစ်ခုကို ပေါင်းစည်းထားသော ရခိုင် အမျိုးသားပါတီတွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့ထားသော ကိုယ်စားလှယ်စာရင်းတွင် ပါဝင် ခဲ့သူ တစ်ဦးဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်တွင် ဇနီး ဒေါ်ခင်စန်း၊ သမီးကြီး စောနန်းသဇင်၊ သားကြီးကောင်းထွန်းကျော်၊ သမီး စောနန်းအိရှင်၊ သားစောမင်းဖြူတို့ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။