/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, December 28, 2013

.

ပျဉ်းမနားမြို့ ရန်အောင် (၂) ရပ်ကွက်ရှိ ခေါက်ဆွဲဆိုင် တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ အပူချိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား



ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက်ရှိ ခေါက်ဆွဲ ဆိုင် တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ အပူချိန် လွန်ကဲပြီး ဒီဇင်ဘာ ၂၇ ရက် နံနက်(၀၅း၅၀)ချိန် ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် နယ်မြေ ၁၇ ဘုရားလမ်း အိမ်အမှတ် (၁၇/ ၁၄(က))ရှယ်ရိုစီခေါက်ဆွဲဆိုင်တွင် တယ်လီဖုန်း အားသွင်းစက် အပူချိန် လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

''မီးလောင်တဲ့ အချိန်မှာ ကျွန်တော်တို့ တစ်မိသားစုလုံး အိပ်မောကျတဲ့ အချိန်ဖြစ်နေတယ်။ ၀ုန်းခနဲ ပေါက်ကွဲသံကြောင့် လန့်နိုးပြီး ထကြည့်လိုက်တော့ မီးတောက်တွေက တော်တော်တက်လာနေပြီ။ အဲ့ဒီအချိန်မှာ မီးသတ်ကားတွေ ရောက်မလာသေးဘူး။ ရောက်လာတဲ့ အချိန်မှာ ပျဉ်ထောင်ပျဉ်ခင်း အိမ်လေးလုံးလောက် မီးထဲပါသွားပြီ။ စလောင်တဲ့ အချိန်မှာ လူတွေကို အသိမပေးဘဲ ကျိတ်ပြီးမီးကို ငြှိမ်းသတ်နေတယ်လို့ ထင်တယ်။ ငြှိမ်းသတ်လို့မရမှ ပတ်ဝန်းကျင်က မီးလောင်တယ်လို့ သိရတော့ ကျွန်တော်အိမ်လည်း မီးစလောင်နေပါပြီ'' ဟု ရန်အောင် (၂)ရပ်ကွက်ရှိ မီးလောင် ဆုံးရှုံးသွားသော အိမ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ပျဉ်းမနားမြို့ ရန်အောင် ၂ ရပ်ကွက်၊ နယ်မြေ ၁၇ တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော နေရာသို့ နေပြည်တော် မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၂၀ စီး၊ သန္ဓေ ၁၁၅ ဦး၊ အရန် ၃၀ ဦးနှင့် ငြှိမ်းသတ်ခဲ့ရာ ၆နာရီ ကျော်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

တယ်လီဖုန်း အားသွင်းစက် အပူချိန် လွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့သောကြောင့် လူနေအိမ် ငါးလုံးနှင့် လက်ဖက်ရည်ဆိုင်တို့ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း နေပြည်တော် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

FROM-EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။